လော့စ်အိန်းဂျလိစ်က အော်စကာပေးပွဲနဲ့အတူ အော်စကာရုပ်တု အဟောင်းတွေကို လေလံတင်မယ့်ပွဲကလည်း အထူးတလည် စိတ်ဝင်စားမှု ခံရနေရတဲ့ ပွဲတခုပါပဲ။
Brentwood auction house ကနေ လေလံတင်မယ့် အော်စကာရုပ်တု ၁၅ ခုကို ၀ယ်ချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေတဆင့် ဒါမှမဟုတ် တယ်လီဖုန်းကနေ တဆင့် ဈေးပြိုင်ပေးကြရမယ်လို့ ဆိုပါတယ်။
လေလံတင်မယ့် အော်စကာ ၁၅ ရုပ်ထဲမှာ ၁၉၅၀ ခုနှစ်မတိုင်ခင်က Wuthering Heights, Citizen Kane, How Green Was My Valley စတဲ့ ဇာတ်ကားတွေနဲ့ ဆွတ်ခူးထားတဲ့ အော်စကာဆုတွေပါတယ်လို့ သိရပါတယ်။
Citizen Kane ဇာတ်ကားက ဇာတ်ညွှန်းဆုရ အော်စကာရုပ်တုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက လေလံတင်ခဲ့ဖူးတာမှာ ဒေါ်လာ ၈ သိန်း ၆ သောင်း ၁ထောင် ရခဲ့ဖူးတာကြောင့် အခု လေလံပွဲမှာတော့ အမေရိကန်ဒေါ်လာ ၁ သန်း ထက်မနည်း ရနိုင်လိမ့်မယ်လို့ လေလံတင်သူတွေက ခန့်မှန်းထားပါတယ်။
ရုပ်ရှင်ချစ်သူတွေကတော့ အော်စကာဆိုတာ ဒီလိုရောင်းချစရာမဟုတ်ဘူး၊ ၀ယ်ယူပိုင်ဆိုင်လို့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်အနုပညာနဲ့ ရင်းနှီးယူရတဲ့အရာဖြစ်တယ်ဆိုပြီး ဝေဖန်ရှုတ်ချတာတွေလည်း ရှိပါတယ်။
၁၉၅၀ ခုနှစ်မတိုင်ခင်တုန်းကတော့ အော်စကာရုပ်တုတွေကို အခုလို ရောင်းချတာ လက်ပြောင်းလက်လွှဲမလုပ်ဖို့တွေကို တားမြစ်ထားခဲ့ပြီး ရောင်းချတာမျိုး လုပ်ခဲ့ရင် အော်စကာဆုပေးအဖွဲ့ကို ဒေါ်လာတသန်း ပေးရမယ်လို့ သတ်မှတ်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီသတ်မှတ်ချက်တွေ တဖြည်းဖြည်း ပျောက်သွားပြီး၊ ကွယ်လွန်သွားတဲ့ အနုပညာရှင်တွေရဲ့ ပစ္စည်းတွေကို အမှတ်တရ ၀ယ်ယူစုဆောင်းသူတွေက အော်စကာရုပ်တုတွေကိုပါ ၀ယ်ယူစုဆောင်းမှုတွေ လုပ်တာတွေ တိုးလာပါတယ်။
(source - Los Angeles Times)

လေလံတင်မယ့် အော်စကာတွေ

0 comments :
Post a Comment