ရွှေတိဂုံဘုရားပွဲဈေးနဲ့ စည်းချက်ညီ

Thursday, February 23, 2012


လင်းသန့်

နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်ရဲ့ အရောင်းဆိုင် (ဓာတ်ပုံ - စည်းချက်ညီ)

ယုံကြည်ချက်ကြောင့် အကျဉ်းထောင်အတွင်းကျန်ရှိနေဆဲ အကျဉ်းကျနေသူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားများဖြင့်စုစည်းကာ စည်းချက်ညီ ရန်ပုံငွေ ဈေးရောင်းပွဲကို ရွှေတိဂုံဘုရားပွဲဈေး တွင် ယနေ့မှ စတင် ရောင်းချနေကြောင်း သတင်းရရှိသည်။

“ကျနော်တို့ အကျဉ်းထောင်တွေထဲက ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆေးဝါး၊ အစားအစာ၊ အသုံး အဆောင် ပစ္စည်းတွေ အကူအညီပေးဖို့ အခု ရွှေတိဂုံဘုရားပွဲမှာ ဈေးရောင်းပွဲလုပ်နေတာပါ”ဟု နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးဖြစ်သူ ကိုမင်းဟန်က ဧရာဝတီကို ပြောသည်။

စည်းချက်ညီ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ ဈေးရောင်ဆိုင်သည် ရွှေတိဂုံဘုရား၏ အာဇာနည်ကုန်းအနီး၊ M3 စားသောက် ဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိကြောင်း သိရသည်။

ယခု ရန်ပုံငွေ ရှာဈေးရောင်းပွဲသည် ဒုတိယအကြိမ်ဖြစ်ပြီး ကဗျာဆရာ၊ ပန်းချီဆရာ၊ စာရေးဆရာ၊ ကာတွန်း ဆရာများ သတင်း၊ အယ်ဒီတာ၊ စာပေထုတ်ဝေရေးတိုက်များမှ ပူးပေါင်း၍ ပေးအပ်လှူဒါန်းထားသည့် ကဗျာစုစည်းမှု၊ ပန်းချီကား များ၊ ကာတွန်းများ၊ စာအုပ်များ၊ တီရှပ်များကို ရောင်းချ သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ပန်းချီဆရာတွေလှူထားတဲ့ ပန်းချီကားချပ်ကြီးတွေကိုလည်း ကျနော်တို့ ရောင်းချသွားမှာပါ”ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများအား စာအုပ်၊ ဆေးဝါး၊ စားစရာ၊ အ၀တ်အထည် လှူဒါန်းလိုသူများလည်း စည်းချက်ညီ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့သို့ လာရောက်လှူဒါန်းနိုင်ကြောင်းလည်း သူက ပြောသည်။

စည်းချက်ညီ အဖွဲ့အား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို အစရှိ သူတို့က စာအုပ်များ လာရောက်ဝယ်ယူ၍ လက်မှတ်ထိုးကာ နိုင်ငံရေးအကျဉ်းသားများအတွက်လှူဒါန်းသွားခဲ့သည်ဟု သိရသည်။

ရွှေဝါရောင်တော်လှန်ရေး သတင်းမှတ်တမ်းတင်သူ လောအယ်စိုး ရိုက်ကူးသော ကိုရင်သပိတ်မှောက် ဓာတ်ပုံကို စည်း ချက်ညီ ရံပုံငွေ အုပ်ချုပ်ရေးမှုး၊ တာဝန်ခံ ကိုမင်းဟန်နှင့် ကိုမီးဒုတ်တို့ကလည်း အမှတ်တရ အဖြစ် ကိုမင်းကိုနိုင် အား ပေးအပ်ခဲ့သည်။ ထို့အပြင် ပန်းချီဆရာ ဖေစိုးအောင်က လာရောက်လှူဒါန်းသူ ကိုကိုကြီးနှင့်ကို ပြုံးချိုတို့ကို ပုံတူပန်းချီ များ ရေးဆွဲကာ အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေတွံတေးဆရာတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတောင်ကျောင်းတိုက်မှ ဆရာတော် ဦးပြေကျော်၊ ဘလော့ဂါ ကိုနေဘုန်းလတ်တို့ကလည်း ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများအတွက် စာအုပ်များ လာရောက် ၀ယ်ယူ လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကျိုက္ကစံဘုရားအနောက်ဘက်မုဒ် အနီး တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ် ရန်ပုံငွေ ဈေးရောင်းပွဲလုပ်ခဲ့ကြောင်းလည်း သိရသည်။

စည်းချက်ညီ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့အနေဖြင့် မတည် ရင်းနှီးငွေ ၁၅ သိန်းကျပ်ကို ခက်ခဲစွာ မတည်ထားပြီး ရရှိလာ သည့် ရန်ပုံငွေများနှင့် စာအုပ်များ၊ ဆေးဝါးများကို ပထမဆုံးအကြိမ်အဖြစ် အင်းစိန် အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများကို လှူဒါန်းသွားရန် ရှိကြောင်း ထိုအဖွဲ့က ကိုမင်းဟန်က ပြောသည်။

“အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ အတွက် တယောက်ကို စာအုပ် ၃ အုပ်နဲ့ ဆေးဝါး၊ တီရှပ်၊ စသဖြင့် ကျနော်တို့ မကြာခင် လှူဒါန်းသွားမှာပါ”ဟု စည်းချက်ညီအဖွဲ့မှ ကိုမင်းဟန်က ပြောသည်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved