နိုင်ငံရေးခေါင်းဆောင်ဘာလဲ? နိုင်ငံရေးအကောင်ဘာလဲ?

Tuesday, February 14, 2012




လိုရင်းတိုရှင်း (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)

(ဓာတ်ပုံ - Yvonne)

ကိုလိုရင်းနှင့်မောင်တိုရှင်းတို့နှစ်ယောက်သားပါခင်ဗျ..။ သည်တခါ, သူတို့နှစ်ဦးပိုင် HO.Garden ထဲမှာ ရေနွေးကြမ်းဝိုင်းထိုင်ပြီး၊ စကားလက်ဆုံကျနေကြသည်။
ကိုလိုရင်းက ‘စကားစ’ ရှိခဲ့သည်ကို၊ ဆွဲထုတ်လိုက်၏။

“ဒီမှာ..မောင်တိုရှင်း။ ဟိုတနေ့က, လူနှစ်ယောက်ကွာ.။ လဘက်ရည်ဆိုင်မှာစကားပြောဆိုပြီး ထွက်သွားကြတော့၊ မင်းက မှတ်ချက်ချခဲ့တယ်လေ။ ‘နိုင်ငံရေးခေါင်းဆောင်လား...၊ နိုင်ငံရေးအကောင်လား’ ..။ အဲဒါ..ဘာကိုပြောချင်တာလဲ..”

မောင်တိုရှင်းက ခေါင်းကုတ်ရင်းဖြေလေသည်။

“ပြောလိုက်တုန်းက..၊ အလွယ်သား..။ ခု..ဖြေရမှာက..၊ နက်သဗျ..။ အဲ...တတ်နိုင်ဘူး..။ ကိုယ်ဖေါ်တဲ့ဆေး..၊ ကိုယ်စားရမှာပေါ့...။ ကျွန်တော်က ‘ဟိတ်, မဟိန်း’ တဲ့ ‘လူပိန်း’ ဖြစ်လေတော့၊ လူပိန်းစကားနဲ့ပြောမယ်ဗျာ..ဟဲ..ဟဲ..”

ဤသို့အစပျိုးပြီးမောင်တိုရှင်းကအခြေခံကျကျရှင်းပြသည်။
နိုင်ငံရေးဟူသည်အကျဉ်းချုပ်အားဖြင့်.. “နိုင်ငံနှင့်သက်ဆိုင်သောအရေးအရာများ”..ဖြစ်သည်။
အနည်းငယ်ချဲ့ပြောမည်ဆိုလျှင် “နိုင်ငံအတွက်ဆောင်ရွက်ရန်ဖြစ်သော အကြောင်းကိစ္စ ဟူသမျှသည်၊ နိုင်ငံရေးဖြစ်သည်” ..။
ထို့ထက်ပို၍ချဲ့ပြောမည်ဆိုလျှင် “နိုင်ငံသူနိုင်ငံသားတို့၏စား, ၀တ်, နေရေးဟူသော အဓိကအရေးသုံးပါးနှင့် ပညာရေး, ကျန်းမာရေးစသည့် လူမှုရေးများ အပါအ၀င်၊ အကြောင်းကိစ္စ အရေးအရာ ဟူသမျှတို့သည်၊ နိုင်ငံရေး, တည်း..” ။

“ကဲ..ကိုလိုရင်း..ရေ့..။ ကျွန်တော်မောင်တိုရှင်းက၊ အတိုနည်းနဲ့ရှင်းပြတာခင်ဗျ။ လိုရင်း ကိုရောက်ပါတယ်နော်..ဟဲ..ဟဲ..”

ဤတွင်ကိုလိုရင်းကအလားတူ တုန့်ပြန်လိုက်သည်။

“ ဟဲ..ဟဲ..”

မောင်တိုရှင်းကနိုင်ငံရေးဟူသောဝေါဟာရကိုရှင်း၍အပြီး၊ ခေါင်းဆောင် ဟူသောဝေါဟာရကို ဆက်၍ရှင်းသည်။

“ခေါင်းဆောင်ဆိုတာက၊ အကြီးအမှူး..တဲ့။ ရှေ့ဆောင်လမ်းပြ..တဲ့။ ဦးစီး..တဲ့..”

မောင်တိုရှင်းကအဓိကပစ်မှတ်ကိုဦးစွာပစ်ပြီး၊ ဆက်လက်ရှင်းပြသည်..။

ခေါင်းဆောင်ဟူသည်၊ ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှကို အလုံးစုံ စွန့်ပစ်ထားသည်..တဲ့။ အားလုံး၏ ကောင်းရာကောင်းကျိုးအရေးကိစ္စကိုသာ ဦးထိပ်ထားသည်.တဲ့။ တကယ်တော့, ခေါင်းဆောင်ဟူသည်၊ အားလုံးအတွက် အနစ်နာခံလျက် မိမိဘ၀ကို လှူဒါန်းပေးဆပ်ထားသည့် ‘အထွတ်အမြတ်’ ပုဂ္ဂိုလ် ဖြစ်သည်..တဲ့..။

“ကိုလိုရင်း..ရေ့။ အတိုနည်းနဲ့ပဲရှင်းလိုက်ပြီ။ လိုရင်းကို ရောက်ပါတယ်နော်..ဟဲ..ဟဲ..”

ကိုလိုရင်းကလည်း၊ ထုံးစံအတိုင်း..ဟဲ..ဟဲ..ဟု..ပြန်၍ဟဲလိုက်သည်..။ ပြီးတော့ တွန်းချင်သည်ကို၊ ဆက်တွန်း၏။

“ဒါဆို.. ‘နိုင်ငံရေးခေါင်းဆောင် ဆိုတာဘာလဲ’ ..။ ဒါကိုပြောလို့ရပြီ။ ပြောကွယ်”

မောင်တိုရှင်းက၊ ဦးစွာပထမ ပဏာမစကား အခံထား လိုက်သည်။

“နိုင်ငံရေးဆိုတဲ့ဝေါဟာရကို ဖွင့်ဆိုခဲ့တာရယ်...။ ခေါင်းဆောင်ဆိုတဲ့ ဝေါဟာရကို ဖွင့်ဆိုခဲ့တာရယ်...။ အဲဒီဖွင့်ဆိုချက်နှစ်ခုကို ပေါင်းစပ်ရမှာပဲခင်ဗျ...”

မောင်တိုရှင်းက၊ တပိုင်းတကဏ္ဍကို လက်စသတ်ပြီ။

“နိုင်ငံရေးခေါင်းဆောင်ဆိုတာ၊ နိုင်ငံသူနိုင်ငံသားအပေါင်းရဲ့ အကြောင်းကိစ္စအရေးအရာဟူသမျှကို၊ အကြီးအမှူးပြုသူ..။ ရှေ့ဆောင်လမ်းပြသူ..။ ဦးစီးဦးဆောင်ပြုသူ..။ အများအတွက် အရာရာမှာ အနစ်နာခံသူ..။ ဒါကြောင့် နိုင်ငံနဲ့ နိုင်ငံသားအားလုံးအတွက် ထွတ်မြတ်တဲ့ အကြီးအကဲ သူတော်ကောင်းစစ်စစ် ပုဂ္ဂိုလ်ပါခင်ဗျာ..”

ကိုလိုရင်းက၊ နှစ်နှစ်ကာကာကြီးပြုံးသွားလေပြီ။ ပြုံးရင်းနှင့်ဆိုပြန်၏။

“ကဲ ‘နိုင်ငံရေးအကောင်ဆိုတာဘာလဲ’ ..။ အဲဒါလေးကို ဆက်ပြီးရှင်းပါဦးလေ..”

မောင်တိုရှင်းခမျာ၊ ကိုလိုရင်း၏အပြုံးကိုကြည့်ပြီး၊ ပီတိကိုစားကာ အားရှိလာသည်ကြောင့်၊ အားရှိရှိဖြင့် စကားကို ရှေ့ဆက်ပြန်သည်။

“အကောင်ဆိုတာက၊ တိရစ္ဆာန်ကိုရည်ညွှန်းပြောဆိုတဲ့စကားဗျ..။ အကောင်လို့ အခေါ်ခံရတာဟာ၊ တိရစ္ဆာန်လို့ အခေါ်ခံရတာပဲ..။

“အဲ..ယောက်ျားတဦးတယောက်ကိုနှိမ့်ချလိုစိတ်နဲ့ခေါ်ဝေါ်တာလည်း ရှိသဗျ…။ အချီးနှီး အလကားကောင်..တဲ့..။

“လူသေ၊ အလောင်းကောင်၊ အသေကောင်ကိုလည်း၊ အကောင်လို့ ခေါ်သဗျ..”

မောင်တိုရှင်းကအကောင်ဟူသော ဝေါဟာရဆိုင်ရာများကိုစုံစေ့စွာ အားပါးတရ ရှင်းပြအပြီးမှာတော့၊ အကောင်ခေတ်ဇာတ်ကြောင်းကို ထပ်လောင်းလိုက်ပြန်သည်။

“မဆလခေတ်ကစပြီးအသုံးတွင်ကျယ်လာတဲ့စကားဗျ။ တန်ခိုးအာဏာပါဝါထွားသူတွေကို ‘အကောင်’ ..တဲ့။ သူတို့ရဲ့သားတွေ, သမီးတွေကိုတော့၊ ‘အကောင့်သား’ …၊ ‘အကောင့်သမီး’ …တဲ့..

“ ‘ဇမ္ဗူဒီပါ, လက်ျာတောင်ကျွန်း, နိမိတ်ထွန်း’ သတဲ့ဗျ။ ‘ပညတ်သွားရာ, ဓါတ်ပါ’ သတဲ့ဗျ..

“ဒီတော့ ‘အကောင်’ ဆိုတဲ့နိမိတ်အတိုင်းပါပဲ။ ‘အကောင်’ ဆိုတဲ့ပညတ်အတိုင်းပါပဲ..

“အမိန့်နဲ့လုပ်လို့မရတဲ့ နိုင်ငံရေးထဲ၊ မဆီမဆိုင် ၀င်ထိုင်ပြီးအာဏာရူးခဲ့ကြတဲ့.၊ တန်ခိုးအာဏာ ပါဝါထွားခဲ့သူတွေ တသီတတန်းချည်း။ ဘယ်လို ဇာတ်သိမ်းခဲ့ကြသလဲ..

မောင်တိုရှင်းက သူ့ဘာသာသူမေးပြီး၊ သူ့ဘာသာသူပင်ဖြေလေသည်။

“နိုင်ငံရေးအကောင်တွေ မှန်သမျှ၊ တိရစ္ဆာန်တွေဖြစ်ကုန်ကြ။ အချည်းနှီး အလကားကောင်တွေ ဖြစ်ကုန်ကြ။ အသေကောင်တွေဖြစ်ကုန်ကြ။

မောင်တိုရှင်းက၊ ဆုံးခန်းတိုင်ဖြေပြီးပြီ။ တဇာတ်သိမ်းဖို့ရာ၊ ကန့်လန့်ကာချရန်သာ ရှိတော့သည်။ ထို့ကြောင့် ကိုလိုရင်းက ဗိန်းဗေါင်းဆိုင်းတီး၍ တောထုတ်လေတော့သည်။

“မဆီမဆိုင် အာဏာရူးချင်သူ မှန်သမျှ..၊ မတန်မရာ အာဏာရူးချင်သူ မှန်သမျှ..၊ နိုင်ငံရေးအကောင် လုပ်ချင်သပါ့..။ လုပ်ကြ..လုပ်ကြ..လုပ်ကြ..ဟ..”

/ ပြီးပြီ /

လိုရင်းတိုရှင်း [12:38PM;Feb 13, 2012]

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved