ရပ်ကွက်ထဲဆင်းလာတဲ့ ကုန်တိုက်

Monday, March 19, 2012

ချင်းမိုင်မြို့ ဧရာဝတီရုံးနားက ၂၄ နာရီကုန်တိုက်

ဟိုတုန်းကတော့ လူတွေက ကုန်တိုက်တွေဆီကိုသွားကြတယ်။ ခုခေတ်မှာတော့ ကုန်တိုက်တွေက လူတွေဆီကို သွားနေကြပါပြီ။

ကုန်တိုက်ကြီးကြီးဆောက်ဖို့ ဆိုရင် မြေနေရာကျယ်ကျယ် လိုတယ်၊ အသေးစားလေးတွေ ဆိုရင် မြေနေရာ ကျယ်စရာ မလိုဘူး။

အခု မြင်နေရတဲ့
ထိုင်းနိုင်ငံက ကုန်တိုက်တွေအကြောင်း ပြောရရင် - Lotus ကုန်တိုက်က လူနေရပ်ကွက်တွေထဲ အသေးစားဆိုင်လေးတွေ ဖွင့်လာတယ်။ ပိတ်ရက်မရှိ၊ ပိတ်တဲ့အချိန်မရှိ ၂၄ နာရီ ဖွင့်တယ်။ Express Lotus ဆိုတဲ့ ဆိုင်တွေက တလုံးပြီးတလုံး ပေါ်လာတယ်။

7/11
ထိုင်းမှာလည်း 7/11 တွေ နေရာတကာပဲ။ ၂၄ နာရီ ဖွင့်တယ်၊ ပိတ်ရက်မရှိ။ အလုပ်သမား ၃ ဆိုင်း ခန့်ထားတယ်။ ဆိုင်ရှေ့မှာ ATM တပ်ထားတော့ ငွေထုတ်လို့ ရသေးတယ်။ ရပ်ကွက်တိုင်းလိုလိုမှာ ဆိုင်ခွဲတွေ ရှိတယ်။ ဒီဆိုင်ထဲ ဘာတွေရောင်းသလဲ ဆိုတာ စားသုံးသူက သိတယ်။ နေ့တိုင်းသုံးတဲ့ပစ္စည်းတွေကို အချိန်မရွေးဝင်ဝယ်နိုင်အောင် စီစဉ်ထားတယ်၊
အိမ်ပြန်နောက်ကျလည်း ၀င်ဝယ်၊ တရေးနိုးထသွားလည်း ၀င်ဝယ်၊ အဆင်ပြေအောင် စီစဉ်ထားတယ်။ ဒီလို စီစဉ်ထားရတော့ အရင်းအနှီး များတယ်၊ နာမည်ကြီးဆိုင်တံဆိပ်တပ်ထားတဲ့အတွက်လည်း ဒီဆိုင်လုပ်ငန်းက အရင်းအနှီး များတယ်။ ဒါကြောင့် ဒီဆိုင်တွေမှာ တင်ထားတဲ့ ပစ္စည်းဟာ တခြားဆိုင်တွေနဲ့ ဈေးနှုန်း တူရင်တူမယ်၊ လျော့တော့ မလျော့ဘူး။
သတင်းစာ၊ အရက်၊ ဆေးလိပ်၊ အစားအသောက်မျိုးစုံ၊ ကွမ်ဒွန်၊ ဈေးပေါတဲ့ ဟမ်ဘာဂါ စသဖြင့် စသဖြင့် နေ့စဉ်သုံးပစ္စည်းတွေ တင်ထားတယ်။ ဟိုတုန်းကတော့ 7/11 ဆိုင်တွေက ပြိုင်ဘက် မရှိဘူးလို့ ဆိုနိုင်မယ် ထင်တယ်။ ခုတော့ ဒီလို မဟုတ်တော့ပြီ။ ဒီပို့စ်မှာ နိဒါန်းချီထားသလိုပဲ ကုန်တိုက်တွေက ရပ်ကွက်ထဲ ဆင်းလာကြပြီ။

မီတာခ ဆောင်မယ်
7/11 နဲ့ ကုန်တိုက်အကြီးအသေးတွေမှာ အင်မတန်ကောင်းတဲ့ အကျိုးဆောင်မှုကတော့ ရေဖိုး၊ မီးဖိုး ပေးနိုင်တာပဲ။ ရေရုံး၊ လျှပ်စစ်ရုံးက အိမ်နဲ့ ဝေးမှာ သေချာတယ်၊ ဒီဆိုင်တွေက ကိုယ့်အိမ်နားမှာပဲ ရှိနေတယ်။ ဒါကြောင့် ဒီဆိုင်တွေမှာ ပေးတာ ခေတ်စားနေတယ်။ ရုံးမှာလို အချိန်အတော်ကြာ စောင့်ဆိုင်းရတာမျိုး မရှိဘူး။
ဆိုင်တွေယူတဲ့ ၀န်ဆောင်ခက မများပါဘူး။ 7/11 တွေက ၁၀ ဘတ် ယူတယ်။ တခြားကုန်တိုက်များက ၅ ဘတ် ယူတယ်။

mini BigC လာပြီ
Lotus ကုန်တိုက်က ရပ်ကွက်ထဲ ၀င်တိုးတာ အောင်မြင်နေချိန်မှာ BigC ဆိုတဲ့ နာမည်ကြီး အရွယ်ကြီး ကုန်တိုက်ကလည်း အလတ်စား၊ အသေးစား ဆိုင်ခွဲတွေ ဖွင့်နေတယ်။ အသေးစားဆိုင်ဆိုရင် ၂၄ နာရီ ဖွင့်တယ်။
ဘန်ကောက်ပို့စ် စီးပွားရေးသတင်းတပုဒ်အရ ဆိုရင် BCP ဓာတ်ဆီဆိုင်တွေမှာ BigC အသေးစားဆိုင်များဖွင့်ဖို့ စာချုပ် ချုပ်လိုက်ပါပြီ ဆိုပဲ။ (BCP အရှည်ကောက်က - Bangkok Petroleum Plc)

ရပ်ကွက်ဆိုင်တွေ ထိခိုက်
ကုန်တိုက်တွေ ရပ်ကွက်ထဲ ၀င်တိုးတော့ စားသုံးသူတွေ အဆင်ပြေပေမယ့် ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေ ဈေးသည်တွေ အင်မတန် အရောင်းကျတယ်၊ ဆိုင်ပိတ်ပြေး သို့မဟုတ် လုပ်ငန်းပြောင်းရတယ်လို့ ဆိုတယ်။
ဒါက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကုန်တိုက် အသေးစားတွေ မလာခင်ကတည်းက 7/11 တွေရဲ့ ဒဏ်ကို ခံရပြီးပါပြီ။ ဒီလို ၂၄ နာရီဖွင့်တဲ့ဆိုင်တွေ ကိုယ့်လမ်းထဲ ရောက်လာမှာကို ဒေသခံဆိုင်များ လန့်ကြမှာပါ။
စားသုံးသူ အများအပြားကတော့ ကုန်တိုက် ပိစိတွေကို ကြိုက်ကြမှာပဲ။ ၂၄ နာရီဖွင့်၊ ၀န်ထမ်းများကလည်း ပိုပြီး ဖော်ရွေကြသကိုး။

7/11 တွေကတော့ ပေါ်ပြူလာဖြစ်ပြီးသားပါ။ သူ့ဆိုင်မှာ အဝေးပြေးဘတ်စ်ကားလက်မှတ်၊ လေယာဉ်လက်မှတ် ၀ယ်နိုင်တယ်။ (ကားဂိတ်ကိုဖုန်းဆက်ပြီးမှ ဆိုင်မှာ ကားလက်မှတ်သွားထုတ်၊ အွန်လိုင်းမှာ ဘွတ်ကင်လုပ်ပြီးမှ ဆိုင်မှာ လေယာဉ်လက်မှတ် သွားထုတ်ရတာပါ)
ရုပ်ရှင်လက်မှတ်တောင် ၀ယ်နိုင်ပြီလို့ သတင်းတပုဒ်က ဆိုတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved