မြန်မာပြည်ဆင်းရဲတာ စစ်တပ်ကြောင့်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်ရဲ့အုပ်ချုပ်ရေးကို စစ်တပ်ကပဲ အများဆုံးယူခဲ့တာကိုး။ တိုင်းပြည်အောက်တန်းနောက်တန်းကျရတာ ဒင်းတို့ကြောင့်။ စစ်တပ်မှာပဲ တာဝန်အများဆုံးရှိတယ်။ ဆိုရှယ်လစ်ခေတ်ဆိုတာကလည်း စစ်အုပ်ချုပ်ရေးတမျိုးပဲ။ အဲဒီတုန်းကတော့ “ဆိုရှယ်လစ် လမ်းစဉ်” တဲ့။ ချီတက်ခဲ့ကြတာ တတိုင်းပြည်လုံး မြောင်းထဲရောက်ခဲ့ရသပေါ့။ မှတ်မိကြမှာပေါ့ “လမ်းစဉ်လူငယ်”ဆိုတာ။
ဆိုရှယ်လစ်လမ်းစဉ် မြောင်းထဲရောက်ပြီးတော့ စစ်တပ်ကပဲ အာဏာထပ်သိမ်းတယ်။ “ လမ်းပြမြေပုံ” ဆိုပြီးလုပ်လာပြန်တယ်။ ဒီမိုကရေစီလမ်းကို ပြမှာတဲ့။ ရိုးရိုးဒီမိုကရေစီတောင် မဟုတ်ဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတဲ့။ ပေါက်လွှတ်ပဲစားဒီမိုကရေစီ၊ ရူးကြောင်မူးကြောင်ဒီမိုကရေစီမျိုး မဟုတ်။ စပါယ်ရှယ် ဒီမိုကရေစီကိုသွားမယ့် လမ်းပြမြေပုံ။ ဒီလမ်းကိုဖေါက်တဲ့သူကလည်းဖေါက်တယ်။ လျှောက်တဲ့သူကလည်း လျှောက်တယ်။ ဒေါ်စုလည်းလျှောက်၊ Hip Hop Star လည်းလျှောက်။ အပြောကတော့ ရွှေမန်းလည်းလျှောက်။ အောင်မင်းလွန်ရာကျမယ်လည်းလျှောက်။ ကွန်မြူနစ်လူထွက်လည်းလျှောက်။ ဘုန်းကြီးလူထွက်လည်းလျှောက်။
ရှစ်လေးလုံးနောက်ပိုင်း ဒီမိုကရေစီအုပ်စုဘက်က ညာသံပေးခဲ့တာရှိသေးတယ်။ “အောင်ဆန်းလမ်းစဉ်”တဲ့။ ဒီအသံက ငုပ်တချီ ပေါ်တလှည့်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဏာရှင် မလိုလားမှု၊ စစ်တပ်နဲ့နိုင်ငံရေး စည်းခြားမှု၊ ဒီမိုကရေစီထူထောင်ရေး၊ မရားမှုကို ဖီဆန်ရေး၊ ဒါတွေကိုဆိုလိုပုံရတယ်။ အောင်ဆန်းလမ်းစဉ်ကို စစ်အုပ်စုက ခံတွင်းမတွေ့ဘူး။ အဆင့် ၇ဆင့်ပါတဲ့မြေပုံကိုပဲ ခံတွင်းတွေ့တယ်။ မြေပုံရဲ့အဆုံးမှာ စည်းကမ်းတွေပြည့်ဝနေတဲ့ ဒီမိုကရေစီတွေရှိတယ်။
အသံသိပ်မထွက်ပေမဲ့ ထင်ထင်ပေါ်ပေါ်လှုပ်ရှားနေတဲ့ လမ်းကြောင်းတခုလည်းရှိသေးတယ်။ “ပူးသတ်ရေးလမ်း”တဲ့။ စစ်အာဏာရှင်တွေကို အဝေးကဆန့်ကျင်လို့ အနိုင် မရနိုင်။ ပူးပြီးသတ်မှ သူနိုင်ကိုယ်နိုင်ဖြစ်မယ်။ မဟုတ်ရင် သူပဲ အမြဲနိုင်နေမယ်ဆိုတဲ့အယူအဆနဲ့ ချီတက်နေသူများ၊ လှုပ်ရှားနေသူများ ရှိနေတယ်။ ဒီလမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာ အခုချိန်မှာပြောဖို့ခက်တယ်။ လက်ရှိအနေအထားမှာ တချက်တချက် ဟုတ်တုတ်တုတ်လို ဖြစ်နေတာမျိုး မြင်နေရတယ်။တချို့ကလည်း ဒါကို ဟုတ်လှပြီလို့ ထင်နေကြ။ ပူးသတ်မယ့်အရေးမှာ ကိုယ်က အောက်မှာနေရတာဆိုတော့ စဉ်းစားသာကြည့်ကြပေရော့။
အခုနောက်ပိုင်းမှာ ပြည်တော်ပြန် “၀င်လုံး”အဖွဲ့တွေပေါ်လာတယ်။ ဒါပေမဲ့ သူတို့လမ်းကြောင်းကလည်း ပီပီပြင်ပြင် ပုံမပေါ်သေး။ ပုံပေါ်လာတဲ့အခါ ဘာပုံထွက်မလဲမျှော်လင့်ဖို့ ခပ်ခက်ခက်။ “နရသိန်ပြန်ရှစ်ဆယ့်ရှစ်” အုပ်စုလည်း ရှိသေးတယ်။ သူတို့လမ်းကလည်း မှန်းရခက်တယ်။ ပြည်သူတွေက ရှစ်ဆယ့်ရှစ်အုပ်စုကို ဒေါ်စုလောက် အားမပေးကြ။ ဒေါ်စုတို့လည်း အသက်ကြီးပြီ။ ဒေါ်စုလွန်ခေတ် နိုင်ငံရေးလမ်းကြောင်းသဲသဲကွဲကွဲ မမြင်ရသေး။
တောင်လိုလို မြောက်လိုလိုနဲ့ လမ်းပျောက်နေသူတွေကတော့ ပြည်ပရောက်တွေပဲ။ တိုင်းရင်းသားတွေကတော့ ပူးပေါင်းရေးလမ်းကို လိုက်ကြပြီ။ စစ်အုပ်စုရဲ့လမ်းပြမြေပုံကို တချို့က “လမ်းပျောက်မြေပုံ” လို့ ခနဲ့ကြတယ်။ တကယ်တမ်း လမ်းပျောက်မတတ်ဖြစ်သွားရတာက ခနဲ့ခဲ့တဲ့သူတွေ။ စစ်အုပ်စုရဲ့ထူးခြားချက်တခုကလည်း လမ်းဖေါက်၊ တံတားဆောက်ဆိုတော့။ လမ်းပိုင်းဆိုင်ရာမှာ သူတို့က အားသာပုံရတယ်။ ဒါပေမဲ့လည်း လမ်းပေါ်လျှောက်ရင်း လမ်းပျောက်ခဲ့ရတဲ့ ထောက်လှမ်းရေးခင်ညွန့်တို့အုပ်စုလည်းရှိတယ်။
သူ့လမ်း ကိုယ့်လမ်းတွေရှိနေကြပေမဲ့ တကယ့်လမ်းက ဘယ်ဟာလဲ။ လက်တွေ့ လျှောက်နေရတာက ဘာလမ်းလဲ။ လမ်းကြိုလမ်းကြားထဲမှာ ရောက်နေသူတွေကဘယ်သူတွေလဲ။ လမ်းဆုံလမ်းခွမှာ ရောက်နေသူတွေက ဘယ်သူတွေလဲ။ လမ်းကြောင်းခွဲထွက်မဲ့သူတွေ ရှိသလား။ ကိုယ်ခေါ်တဲ့နောက်ကို လမ်းက လိုက်မှာလား။ လမ်းခေါ်တဲ့နောက်ကို ကိုယ်က လိုက်မှာလား။ သားကောင်လာမယ့်လမ်းလား။ မုဆိုးလာတဲ့လမ်းလား။ ဆင်သွားရင် လမ်းဖြစ်သတဲ့လား။ လမ်းပေါ်ကလူလား။ လမ်းဘေးနားကပန်းလား။ လမ်းသူရဲလား။ လမ်းဗိုလ်လား။ လမ်းသွယ်လား ။ လမ်းကျယ်လား။ လွတ်မြောက်ရာလမ်းလား။
အထက်လမ်းသမားလား ၊ အောက်လမ်းသမားလား။ လမ်းပြင်နေသလား။ လမ်းမှားနေသလား။ လမ်းပွင့်နေပြီလား။ လမ်းဖွင့်ထားသလား။ လမ်းဆုံးသွားပြီလား။ မဆုံနိုင်တဲ့လမ်းလား။ လမ်းရှင်းထားရဲ့လား။ လမ်းပိတ်မိနေလား။ လမ်းမှန်ရဲ့လား။ လမ်းဆုံးရင် ရွာတွေ့မှာလား။ အများပိုင်လမ်းလား။ ကိုယ်ပိုင်လမ်းလား။ သွားလမ်းသာလို့ လာလမ်းဖြောင့်သလား။ အမည်မဲ့လမ်းလား။ ၀င်္ကပါလမ်းလား။ တဖက်ပိတ်လမ်းလား။တကိုယ်စာလမ်းလား။ တလမ်းသွားလား။ ကိုယ်လျှောက်နေတဲ့လမ်းက ဘယ်လိုလမ်းမျိုးလဲ။ ကိုယ်ရောက်နေတဲ့လမ်း၊ ကိုယ်လျှောက်နေတဲ့လမ်းကို သဘောကျရဲ့လား။ ဘယ်လမ်းကို လိုက်ကြမလဲ။ လမ်းကိုရောက်ဖို့ လမ်းရွေးကြ ။
ညွှန်း - http://blueskyforest.blogspot.com/
ဆောင်းပါးရှင်ကို ဒီဆောင်းပါးအရဆိုလျှင်လေးစား
ဖို့ကောင်းပါသည်။ဆောင်းပါးလေးတပုဒ်နဲ့ မြန်မာ့နိုင်ငံရေးကိုထောင့်စုံအောင်ေ၇းပြသွားလို့ပါ။ ဆောင်းပါးရှင်ဟာ ဝေဖန်ရေးဆရာလား၊နိုင်ငံရေးပညာရှင်လား၊နိုင်ငံရေးသုတေသီလား၊ဘားလားတော့မသိပါဘူး မြန်မာ့အရေးကိုအပေါ်စီးကနေ ဝေဖန်တာလိုလိုအကဲဖြတ်သွားသလိုလိုအကြံပေးသလိုလိုနဲ့အားလုံးကိုပါဘဲ။ ဆောင်းပါး
ရှင်ကိုယ်တိုင်က ဆောင်းပါးထဲမှာလမ်းတွေကိုရွေးခိုင်းလိုက်တာ တော်တော်လေးမူးသွားပါတယ်၊သူကိုယ်တိုင်လည်း ဆောင်းပါးထဲမှာ ဘာလုပ်ရမယ်မှန်းမသိ ဘယ်
လမ်းသွားရမှန်းမသိဘူးဖြစ်နေတယ်ထင်ပါသည်။ဆောင်းပါးရှင်ကိုအကြံပေးချင်တာက ကိုယ်ကိုယ်တိုင် ဘယ်
လိုလမ်းမျိုးကိုသွားသင့်တယ် လျောက်သင့်တယ်ဆိုတာ
ရွေးပြီးမှ ဝေဖန်အဋ္ဌကံပေးအကဲဖြတ်စေချင်ပါသည်။
လေးစားစွာဖြင့်