မိုင်အဲမလီ
ဟိုးတုန်းကဆိုရင် လမ်းပေါ်မှာ လမ်းလျှောက်သွားရင် ဖိနပ်ပြတ်မှာတောင် ကြောက်ရတယ်၊ ကတ္တရာတွေက အရမ်းများတော့ နေလဲပူလာရော အရည်ပျော်ပြီး တစ်ဖျစ်ဖျစ် မြည်နေတာလေ။ အခုတော့ လမ်းတွေက မွဲခြောက်ခြောက်တွေ ဖြစ်ကုန်ပြီ။
ဆိုက္ကားပေါ် ထိုင်ပါလာတဲ့ကျမကို ဆိုက္ကားဆရာဦးချင်းက ပြောပြနေတာပါ။
သူ့စကားသံကိုကြားတော့မှ ကတ္တရာလမ်းမကြီးကို ကျမ မျက်စိတဆုံး ကြည့်လိုက်မိတယ်။ ဟုတ်ပါတယ်၊ တချိန်က မြန်မာပြည်ရဲ့ လမ်းတွေဟာ ကတ္တရာတွေနိုင်နိုင်သုံးထားလို့ ကားဘီးရာတွေတောင် ထင်ကျန်ခဲ့သလောက်အခုတော့ လမ်းတွေက တကယ့်ကို မွဲခြောက်ကုန်ပြီ။ ကတ္တရာခင်းတဲ့လမ်းတွေဟာ အက်ကွဲကြောင်းရာတွေ၊ ကျောက်ခဲတွေနဲ့ပြည့်နေပြီ။
ပိန်ပိန်ပါးပါး၊ ကြေးနီရောင်အသားအရေရှိပြီး ရှေ့သွားတွေကျိုးနေတဲ့ ဆိုက္ကားဆရာဦးညွှန့်ဆွေကို အားလုံးက ဦးချင်းကြီးလို့ ခေါ်ကြပါတယ်။ အသက် ၅၁ နှစ်ရှိပြီး သားသမီးက ၃ ယောက် ရှိပါတယ်။ ရန်ကုန်မြို့ကြီးမှာ ဘတ်စ်ကားတွေ ပေါများသလောက် ဆိုက္ကားနင်းသူတွေလည်း များများလာပါတယ်။ အဲဒီထဲမှာ ဦးချင်းကြီးလည်း ပါတယ်။
ငါက လမ်းတွေ ဖာလာတာ အနှစ် ၃၀ ကျော်ခဲ့ပြီ။ ဒါကြောင့် လမ်းတလမ်းကိုကြည့်လိုက်တာနဲ့ အပွေးမြင် အပင်သိတယ်။ ကတ္တရာကို ၁၀ ပုံး သုံးရမယ့်အစား ၄ ပုံးပဲ သုံးထားတာမျိုး၊ ဥပမာ ကျောက်ခဲတွေကို ၄ လက်မစီ ခင်းရမယ့်နေရာမှာ၂လက်မစီခြားပြီး ထည့်ထားတာမျိုး ကြည့်လိုက်ရုံနဲ့ တန်းသိတယ်။ ဟိုတုန်းက လမ်းတံတားအင်ဂျင်နီယာတယောက်ရဲ့လစာနဲ့ ငါတို့လို ရိုးရိုး အလုပ်သမား ၀န်ထမ်း တယောက်ရဲ့လစာက ဘယ်လောက်မှ မကွာဘူး။ အင်ဂျင်နီယာတယောက်က ငါတို့ကို လက်ဖက်ရည်တိုက်မယ် ဆိုရင်တောင် အီကြာကွေးကို မကျွေးနိုင်ခဲ့ဘူး။ ဟိုတုန်းက အင်ဂျင်နီယာ တယောက်ဟာ လုပ်သက် အနှစ် ၄၀၊ ၅၀ ရှိတာတောင် တိုက်တလုံး မပိုင်ခဲ့ဘူး။ အခု အင်ဂျင်နီယာတွေက ၇နှစ် အတွင်းမှာကား ၃၊ ၄စီး ပိုင်နေပြီ တိုက်တွေ ပိုင်ကုန်ပြီ။
ဦးချင်းကြီးစကားကို ကြားရတော့ ကျမ ပို၍အံ့သြသွားသည်။ သူ့ကို ဆိုက္ကားသမားတယောက်လို့သာ ထင်ထားခဲ့သည်။ မထင်မှတ်ပဲ သူ့ဆီက ကြားလိုက်ရတဲ့ စကားလုံးတွေကြောင့် သူ့ရဲ့ဆိုက္ကားသမားဘ၀ထက် လမ်းဖာတဲ့ ဘ၀ကို ပိုပြီးစိတ်ဝင်စားသွားသည်။
ဦးချင်းက လမ်းဖာခဲ့တယ် ဟုတ်လား။
ဟုတ်တယ်လေ။ ငါ့အသက် ၁၂ နှစ် ကတည်းက စည်ပင်မှာ နေ့စားနဲ့ အလုပ်ဝင်ခဲ့တာ။ အဲဒီအချိန်တုန်းက အင်ဂျင်နီယာတွေရော အထက်က ဗိုလ်ကြီးတွေပါ အားလုံးက အမှန်အကန်တွေချည်းပဲ။ လမ်းတလမ်းကို ခင်းတော့မယ် ဆိုရင်ကတ္တရာ အလုံးပေါင်း ၁၀၀ ဆိုလဲ ၁၀၀ လုံးလုံး အပြည့်သုံးသွားတော့ လမ်းတွေက ကတ္တရာအရောင်နဲ့ ပြောင်လက်နေတာပဲ။ နေပူရင် ကတ္တရာတွေက အဆီတွေ ထွက်လာလို့ သဲတွေနဲ့တောင် လိုက်ပက်နေရတာ။ အဲဒီ ကတ္တရာတွေကိုငါတို့က ဒိုင်ခံ ကျိုချက်ခဲ့ရတာပေါ့။ ဟိုတုန်းက ယူနီဖောင်းတွေ မရှိခဲ့ဘူး၊ ကတ္တရာခင်းရင် စီးဖို့ ဖိနပ်လည်း မပေးခဲ့ဘူး၊ ငါတို့မှာအနူကြီးတွေလိုပဲ ခြေထောက်တွေကို အ၀တ်တွေနဲ့ ပတ်စည်းပြီး လုပ်ခဲ့ရတာ။
သံပြားတွေဖောက်တော့ သွပ်တွေရှတယ်။ မေးခိုင်းကာကွယ်ဆေးတွေလဲ ထိုးခဲ့ရပေါင်းများလို့ ငါ့တင်ပါးမှာ အပ်ပေါက်ရာတွေချည်းပဲ။ ချွေးထွက်လာရင် ချွေးနံ့က ပင်နီစလင်ဆေးနံ့ ထွက်တယ်။ ပေ ၅၀၀၊ ၆၀၀ ခင်းမယ့် လမ်းတွေ အတွက် မနက်၂နာရီတည်းက ကတ္တရာတွေ ကျိုရတယ်။ အဲဒီလို ကျိုခဲ့ရလွန်းလို့ ငါ့လက်တွေက ဆူပွက်တဲ့ရေနွေးပူပူထဲကို ထည့်လိုက်ရင်တောင် ပူလို့ ပူမှန်း မသိတော့ဘူး။ ရေအေးအေးလဲ မသောက်ချင်တော့ဘူး ပွက်ပွက်ဆူနေတဲ့ ရေနွေးကိုပဲ သောက်ချင်တော့တယ်။ ဒါကြောင့် ငါ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တာပေါ့။ အကျီတထည်ကို ၄ ရက်လောက် ၀တ်လိုက်ရင် အကုန် ကွဲပြဲကုန်တယ်။ နောက်ပိုင်း စွပ်ကျယ်တွေဝတ်ပြီး ကျိုခဲ့ရတယ်။ ယူနီဖောင်းမှ မပေးခဲ့တာ။ အဲဒီဒဏ်တွေ ခု ငါခံနေရတာပေါ့ကွာ။
ဒါဖြင့်ဦးချင်းက စည်ပင်ဝန်ထမ်းတယောက်ပေါ့။ ဘာဖြစ်လို့ ဆိုက္ကား နင်းနေရတာလဲ။
ငါ့အသက် ၁၇ နှစ်လောက်လည်း ရောက်လာရော ကတ္တရာနဲ့ ပတ်သတ်လာရင် Expert ဖြစ်လာတယ်။ ကတ္တရာကို ကျိုလိုက်တဲ့အခါ ဘယ်လို အရောင်အဆင်း ထွက်လာရင် မီး ဘယ်လို လောင်နိုင်တယ်၊ ဘယ်လို အရောင်အဆင်း ထွက်လာရင် မီးကို ဘယ်လိုမှငြိမ်းလို့ မရနိုင်ဘူး ဆိုတာ ကိုယ်က အလုံးပေါင်း သိန်းနဲ့ချီပြီး လုပ်ခဲ့တာကိုး။ နောက်တော့ အထက်လူကြီးတွေက ကိုယ့်ကျွမ်းကျင်မှုကို သိလာတယ်။ ဒါကြောင့် အသက် ၁၇ နှစ်မှာပဲ စည်ပင်မှာ ၀န်ထမ်းအဖြစ် ခန့်လိုက်တယ်။ တကယ်ဆို အစိုးရ၀န်ထမ်းက အသက် ၁၈နှစ် ပြည့်မှ ခန့်တာလေ။
အဲဒီတုန်းက လမ်းတံတား လူကြီး မြို့တော်ဝန်က ငါ့ကို ကျွမ်းကျင်ဝန်ထမ်း အဆင့် ရာထူးတိုးပေးဖို့ ပြောခဲ့ပေမယ့် ငါ့ကို ရာထူး တိုးမပေးကြဘူး။ နောက်ပိုင်းတော့ လမ်းတံတားမှာ လုပ်စားကွက်တွေကလည်း များလာတယ်။ ဘယ်လိုဖန်လိုက်ရင် ဘယ်လောက်ထွက်လာမယ် ဆိုတာ ဒီကောင်တွေက ကောင်းကောင်း သိလာတယ်။ အင်ဂျင်နီယာတွေ များလာလေလေ သူခိုးတွေချည်း ဖြစ်ဖြစ်လာတယ်။
ဟိုးအရင်မြို့တော်ဝန် ဗိုလ်မှူးကိုလေး လက်ထက်တုန်းကဆိုရင် လမ်းတလမ်းချပေးလိုက်ပြီဟေ့ ဆိုရင် ထီပေါက်သလားမှတ်ရတယ် အင်ဂျင်နီယာတွေ ၀မ်းသာနေလိုက်ကြတာ။ တကယ်ဆိုရင် လမ်းတလမ်း ခင်းဖို့နိုင်ငံတော်ကအပြီးအစီး ချထားပေးပြီးသားပဲ။ အဲဒါတွေကို ပြန်ရောင်းစားလိုက်တော့ လမ်းတွေက ကြာရှည်မခံနိုင်တော့ဘူး။ သူတို့ကတော့ နှစ်တိုတိုလေးအတွင်းမှာ ကားတွေတိုက်တွေ အကုန် ပိုင်သွားတယ်။ လမ်းတွေကျတော့ မွဲခြောက်ကုန်တယ်။ ဘယ်လောက်ပြင်ပြင် နောက်မှာ ပျက်ကုန်တာပဲ။ ဒါတွေကို ကိုယ်ကသိတော့ပြောပြတယ်။ အဲဒီအခါကျတော့ တကယ့် မှန်မှန်ကန်ကန် လုပ်နေတဲ့လူတွေကိုကျတော့ပုတ် ထုတ်ပစ်လိုက်တယ်။ ခင်ဗျား လမ်းခင်း လမ်းဖာတဲ့နေရာမှာ လုပ်စရာ မလိုတော့ဘူး တဲ့ အချိန်တန်ရင် လစာပဲ လာထုတ်ပါတဲ့။ အဲဒီနောက်ပိုင်း ဦးလေးလည်း ဘာလမ်းမှ မပြင်ရတော့ဘူး။ ဆိုက္ကားပဲ နင်းစားနေလိုက်တယ်။
စည်ပင်မှာ ဦးလေး အလုပ်လုပ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ ဆိုတော့အိမ်၊ မြေတွေ မရဘူးလား။
လုပ်သက်က ၃၃ ပြည့်ပြီ။ ခုထိ မြေတကွက် အခန်းတခန်း မရခဲ့ဘူး။ ဟိုတုန်းက လုပ်သက် ၁၅ နှစ် အနှစ် ၂၀ ရှိတဲ့ ၀န်ထမ်းတိုင်းကို မြေကွက်တွေ ချပေးခဲ့တယ်။ အဲဒီတုန်းကလဲ ဦးလေး မရခဲ့ဘူး။ သူတို့အသိတွေ ဆွေမျိုးတွေရဲ့ နံမည်တွေကိုပဲ ထည့်ပေးလိုက်တော့ အားလုံး သူတို့ချည်း ရသွားတာ။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းကလဲ ယုဇနမှာ ၀န်ထမ်းတွေကိုမဲဖောက်ပြီး တိုက်ခန်းတွေကို ပေးခဲ့တယ်။ အဲဒီတုန်းကလဲ ငါ့နံမည်ကို မထည့်ပေးခဲ့ဘူး၊ သူတို့ အချင်းချင်းပဲဝေမျှပြီး မဲဖောက်လိုက်ကြတယ်။ ဦးလေးပဲ ကပ်ကျန်နေခဲ့တယ်။ တချို့ဆို ရပြီးသားလူတွေတောင် ထပ်ရနေသေးတယ်။
အစိုးရသစ်က ဒီလိုအကျင့်ပျက်တာတွေကို တိုက်ဖျက်နေပြီမဟုတ်လား ဦးလေး။
မထင်နဲ့မထင်နဲ့။ ဟိုတုန်းက ပေါ်တင်ရောင်းစားတယ်၊ ပေါ်တင်ခိုးတယ်။ အခုလည်း ခိုးနေတုန်း ရောင်းနေတုန်းပဲ။ လမ်းတလမ်းရပြီဆိုရင် အနည်းဆုံး သိန်း၃၀ကနေသိန်းရာနဲ့ချီပြီး ထွက်ထွက်လာတယ်။ ဥပမာ တကျပ်ဖိုးသုံးရမယ့်လမ်းကို ပြား ၃၀ ဖိုးပဲ လုပ်တယ်။ ပြား ၆၀ ဖိုးကို အိတ်ထဲထည့်ပစ်တယ်။ ကိုယ်ထူကိုယ်ထလမ်းတွေမှာ ရောင်းစားလိုက်တယ်။ ဒါကြောင့် အစိုးရလမ်းတွေက နှစ်ရှည်မခံနိုင်တော့ဘူး။ ဟာကွက်တွေ များနေပြီး အစာမပြည့်တော့ ဟောင်းလောင်းပေါက်တွေ ဖြစ်ကုန်တယ်။ အပေါက်အဖာတွေချည်းပဲ။ ကိုယ်ထူကိုယ်ထလမ်းတွေတောင် ကောင်းသေးတယ်။
ဦးလေးပင်စင်မယူခင်အစိုးရကိုမြေတကွက်တောင်းပါလားဦးလေးကလုပ်သက်ရင့်နေပြီလေ။
မြေကွက်လဲတောင်းမနေတော့ဘူး။ ဆိုက္ကားနင်းပြီးရှာစားတာကမှ လိပ်ပြာသန့်သေးတယ်။ တနေ့ကို ခုနှစ်ထောင် ရှစ်ထောင် ရတယ်။ ဒါတောင် ကိုယ်ပိုင်လေးဖြစ်လို့ မဟုတ်ရင် အုံနာကြေးက မလွယ်ဘူး။
ဟိုးတစ်လောက လမ်းပေါက်ဖာတဲ့နေရာတွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေ လိုတယ်ပေါ့နော်။ လမ်းပေါက်ဖာတာတွေ ပုံစံမကျဘူး ဆိုပြိးတော့ ငါတို့ကို လာခေါ်တယ်။ ငါတို့လဲ လိုက်သွားရောဟိုရောက်တော့ ထိပ်ဆုံးကလူတွေက စစ်ဗိုလ်တွေဖြစ်နေတယ်။ ငါပြောချင်တာက ဒူးနေရာဒူး တော်နေရာတောပေါ့။ စစ်ဗိုလ်က စစ်တိုက်တဲ့နေရာမှာ ကျွမ်းကျင်နိုင်တယ်။ လမ်းကို လာပြင်တဲ့အခါကျတော့ ခိုင်းတာတွေက အာပလာတွေဖြစ်နေတယ်။ ငါတို့က ငယ်ငယ်လေးကတည်းက လုပ်လာတာ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်ဆို သိပြိးသားလေ။ သူတို့ကဘာမှမသိဘဲ၊ ဒါတွေဒါတွေလုပ် ဆိုပြီး အကုန် ပေါက်ကရတွေ လုပ်ပစ်ကြတာ။ အဲ့တော့မပြောတော့ဘူး မသိချင်ယောင်ပဲဆောင်နေလိုက်တော့တယ်။
ဦးလေးရဲ့သားသမီးတွေကရော ဘယ်တွေလုပ်နေလဲ၊ ဦးလေးက အခု ဘယ်မှာနေတာလဲ။
အခုငါ့သားက ဘွဲ့ရပြီးသား၊ ရဲဖြစ်နေတာ ၇ နှစ် ရှိပြီ၊ ဒုရဲအုပ်ဖြစ်ဖို့ ၀င်ဖြေတာ ၇ သိန်း မပေးနိုင်လို့ ခုထိမအောင်ဘူး ဖြေတာ ၃ ခါ ရှိပြီ။ ငါ့သမီးတယောက်က မှော်ဘီမှာ GTI တက်နေတယ်။ စတုတ္ထနှစ်အင်ဂျင်နီယာပေါ့။ သူကျောင်းပြီးသွားရင်ငါ့လုပ်တဲ့လမ်းတံတားမှာသူ့ကိုထည့်ပေးခဲ့မယ်။ သူ့အလှည့်ကျရင်တော့ နိုင်ငံတော်နဲ့ပြည်သူတွေအပေါ် မှန်မှန်ကန်ကန် ပေးဆပ်ပါလို့ ပဲ ပြောထားတယ်။ ငါ့သမီးခင်းမယ့်လမ်းဟာ အခုလို မွဲခြောက်နေတာမျိုး မဖြစ်စေချင်ဘူး။
ငါတို့ အခုနေနေတာက လမ်းတံတား စည်ပင်ဝင်းမှာ အစိုးရမြေပေါ့။ ငါ့အလုပ်က ရန်ကုန်မြောက်ပိုင်းခရိုင်ရုံး အင်ဂျင်နီယာဌာန လမ်းတံတားပြုပြင် ထိန်းသိမ်းရေး စည်ပင်သာယာဝန်ထမ်းလေ။ အခုလဲ မြို့တော်ခန်းမရှေ့မှာယာဉ်ကျော လမ်းရှင်းရေး တာဝန်ကို လုပ်နေတုန်းပဲ။ ကြားရက်တွေမှာ ဆိုက္ကားနင်းစားတယ်။ ငါ့လစာက လေးသောင်းခုနှစ်ထောင့်ငါးရာပဲ ရတာ။
ကျမအိမ်ရှေ့ကိုရောက်တော့ ကျသင့်ငွေကိုယူပြီး လှည့်ထွက်သွားတဲ့ ဦးချင်းကြီးရဲ့ နောက်ကျောကို ကျမ ငေးကြည့်နေမိပါတယ်။
မှန်မှန်ကန်ကန် လုပ်တဲ့လူတွေက ပုတ်ထုတ်ခံရတယ်လို့ ပြောခဲ့တဲ့သူ့စကားတွေကြောင့် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။ ကတ္တရာတွေကျိုရင်း လမ်းခင်းလမ်းဖာလုပ်ခဲ့ရတဲ့ ဦးချင်းကြီးတယောက် တနေ့နေ့မှာတော့သူ့ဆန္ဒအတိုင်း လမ်းတွေမှာ ကတ္တရာတွေ အရောင် ထွက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
(photo - http://bettasimplex.blogspot.com)
By reading this, I understood that the government never has proper method of road building. Tar never melt down even in such deserted countries such as UAE. :)