အမတ်လောင်းများ နဲ့ ပြည်သူ့မျှော်လင့်ချက်

Wednesday, March 14, 2012


"...ကျနော်တို့တတွေဟာ အင်န်အယ်ဒီကို ကိုယ်စားပြုတယ် ဆိုတာထက် လူထုကို ကိုယ်စားပြုတယ်ဆိုတာကို ဖော်ပြနေဖို့ ဖြစ်တယ်..."

ကြားဖြတ်ရွေးကောက်ပွဲ၊ အမတ်လောင်းများနဲ့ ပြည်သူ့မျှော်လင့်ချက်

ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆက်လက်မေးမြန်းခဲ့တာကတော့ လာမည့် ဧပြီ ၁၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီက အမတ် ၄၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ်။ အဲသည်အတွက် နိုင်ငံအနှံ့ အဲသည် ၄၈ နေရာအတွက် ဒေါ်စုက စည်းရုံးရေးဆင်းတဲ့ဆီမှာ ပြည်သူလူထု တရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် သောင်းသောင်းဖျဖျ တခဲနက် ကြိုဆိုကြတယ်။

အဲသည်မှာ ပြည်သူလူထုက သူတို့နယ်မြေများကို ကိုယ်စားပြုမယ့် အင်န်အယ်ဒီ အမတ်လောင်းများနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မည်သို့ မျှော်လင့်ထားကြသလဲ။ ဘယ်လိုမျိုး ဆက်လက် ပြင်ဆင် ဆောင်ရွက်သွားကြမှာလဲ ဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဆရာက ပြန်လည် ဖြေကြားရာမှာ …

ကျနော် ကိုယ်တိုင်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြန်မာပြည် ထက်အောက်အနှံ့ ခရီးတွေ ထွက်ခဲ့တယ်။ ပြည်သူလူထုနဲ့ ထိတွေ့တယ်။ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲသည်မှာ ပြည်သူလူထုတွေက စိတ်အားတက်ကြွစွာ ကြိုဆိုကြတာတွေ့ရပါတယ်။ အင်န်အယ်ဒီပါတီကို ထောက်ခံမှုတွေကို ပြသကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လမ်းညွှန်မှုတွေကို တခဲနက် ထောက်ခံမှုတွေ၊ ကြိုဆိုမှုတွေကို ထုတ်ဖော်ပြသကြတယ်။

အဲသည်မှာ ကျနော်ဘာတွေ့ရသလဲဆိုတော့ ကျနော့်ကို အဘ၊ အဘနဲ့ ၀မ်းသာအားရ ကြိုဆိုနေရာပေးတယ်။ ပန်းတွေ ဆက်တယ် စသည်ဖြင့် ၀ိုင်းဝန်းကြတယ်။ ဒါပေမယ့် သူတို့အားလုံးကနေ ကျနော်တို့ကို မေးခွန်းနဲ့ တောင်းဆိုမှုက တခုတည်းပဲ ရှိတာကို တွေ့ရတယ်။

ဒါက ဘာလဲဆိုတော့။ အဘက ဒေါ်စုဆီက လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတီကနေ သူတို့ဆီကို လာရောက်တယ်လို့ သိရတယ်။ ဒါကြောင့် ကျနော်တို့ ကျမတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီက ပြောတဲ့စကားကို ကြားချင်တယ်။ အဲဒါ ဘယ်တော့ တွေ့ရမလဲ၊ ဘယ်တော့ကြားသိရမလဲ ဆိုတာကိုပဲ မေးကြတယ်။ မြန်မြန်လာဖြစ်အောင် တိုက်တွန်းပေးပါ။ ပြောပေးပါလို့ ၀ိုင်းပြောကြတာကိုပဲ ကျနော်တို့ တွေ့ရတယ်။

ဒီလိုမျိုး အတွေ့အကြုံက ကျနော်သွားခဲ့တဲ့ မြို့ကြီးတွေ နယ်ကြီးတွေတင်သာမက ကျေးလက်တောရွာတွေ နယ်မြို့ကလေးတွေမှာလည်း တမျိုးတည်း တပုံစံတည်း တောင်းဆိုကြတာ၊ တောင့်တနေကြတာတွေကို တွေ့ရတာ ဖြစ်ပါတယ်။ ဒါကို ကျနော့်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်သလဲ ဆိုတော့ မြန်မာပြည်သူလူထုတရပ်လုံးဟာ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ယုံကြည် အားကိုးစွာနဲ့ တစုတစည်းတည်း တခဲနက်တည်း ရပ်တည်နေတယ်။ ထောက်ခံ အားပေးမှုကို ပြနေတယ်ဆိုတာ ထင်ရှားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သည်လောက် ယုံကြည် ထောက်ခံမှုပြနေတာကို ကြည့်ပြီးတော့ ဒါဟာ ပြည်သူလူထုတွေက ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ၊ ရှေ့တန်း တင်မှုတွေ ဖြစ်နေတယ်လို့ ပြောချင်လည်း ပြောကြမယ်။ ဒါပေမယ့် ကျနော်က ဒါကို ဘယ်လိုမျိုး ပြန်ပြောချင်သလဲ ဆိုတော့ … အခုလိုမျိုး ဒေါ်စုကို ထောက်ခံမှုကို ပြသနေတာဟာ အားကိုးမှုလေးစားမှုတွေ ပြသနေတာဟာ အင်န်အယ်ဒီပါတီရဲ့ အားဖြစ်တယ်။ အမတ်လောင်းတွေအတွက် အားဖြစ်တယ်။ အားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအောင်ပွဲအတွက် အားဖြစ်စေတယ်လို့ ကျနော်က ရှုမြင်တယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာနဲ့ အစွမ်းအစတွေဟာ ပြည်သူလူထုအတွက်ကော တိုင်းပြည်အတွက်ပါ အများအတွက် အကျိုးဖြစ်စေတဲ့ အင်အားတွေအဖြစ် ကျနော်တို့တွေက ဖြန့်ကျက် တိုးတက်သွားရမှာ ဖြစ်တယ်လို့ ကျနော်က ပြောဆို သုံးသပ်ပြခဲ့ပါတယ်။

မေး။ ။ ဒါဆိုရင် နိုင်ငံရေးပါတီအတွက်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေအတွက် ဘယ်လိုမျိုး ပြည်သူလူထုတွေနဲ့ အင်အားတွေ တည်ဆောက်ကြရမှာလဲ ဆရာ။ ဖြတ်ကျော် ရင်ဆိုင်ကြမှာလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့အနေနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ထောက်ခံမှု ယုံကြည် ကိုးစားမှုတွေကို ယေဘူယျ ရှုမြင် သုံးသပ်ပြတာ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တွေဟာ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ပြီးတော့ ဖြတ်ကျော်နေရတာ ဖြစ်တယ် ဆိုတာလည်း အားလုံးကို သိထားစေချင်တယ်။ ဥပမာ မန္တလေးကို ကျနော်တို့ ဖေဖော်ဝါရီလဆန်းကတည်းက သွားဖို့ ကြိုးစားခဲ့တယ်။ အခက်အခဲတွေ ရှိလို့ ပြင်ဆင်ရင်းနဲ့ကပဲ အခု မတ်လဆန်းမှပဲ တကယ်ကို သွားဖြစ်ခဲ့တယ်။ အဲသည်မှာလည်း လူထုက မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ကြိုဆိုထောက်ခံမှုတွေ ပြသကြတယ်။

အဲသည်မှာ လူထုနဲ့ တွေ့ဆုံခွင့်မရအောင် အတားအဆီးတွေ အနှောက်အယှက်တွေဟာ ရှိနေတယ်။ ပြည်သူကလည်း အနှောက်အယှက်တွေကြားထဲကနေ မိမိတို့ ဆန္ဒသဘောထားကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြသရတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ဖက်ကလည်း ပေးထားတဲ့ ကတိအတိုင်း ပြည်သူလူထုဆီကို မရောက်ရောက်အောင် ကြိုးစားပြီး လာရောက်ရတာ ဖြစ်တယ်။ အဖက်ဖက်က ၀ိုင်းဝန်းကြိုးစားမှသာ သည်လိုမျိုး အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ကျနော်က ပြောချင်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်ပါ့မလား၊ အင်န်အယ်ဒီ အမတ်တွေ ၀င်ပြိုင်ခွင့်ရပါ့မလား။ ပြည်သူတွေရဲ့ စစ်မှန် သန့်ရှင်းသော ဆန္ဒမဲတွေ ထည့်ခွင့်ရပါ့မလား။ ရွေးကောက်ပွဲ ရလဒ်တွေက တရားမျှတမှုရှိပါ့မလား။ ရွေးကောက်ခံရတဲ့ အမတ်တွေကိုယ်တိုင် လွတ်လပ်စွာ နိုင်ငံ့အရေး ဆောင်ရွက်ခွင့် ရှိပါ့မလား စတဲ့ မေးခွန်းတွေ၊ သံသယတွေဟာ ဆက်လက်ပြီး တည်ရှိနေတယ်။ ကျနော်တို့တတွေ အားလုံး ရင်ဆိုင်နေရတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဒါကို ထောက်ခံတဲ့ ယုံကြည် ကိုးစားတဲ့ ပြည်သူတွေရဲ့ အင်အားတွေဟာ အင်န်အယ်ဒီပါတီ အပေါ်ကို စီးဆင်းမှု၊ အမတ်လောင်းများအပေါ် စီးဆင်းမှုတွေ ဖြစ်ပေါ်လာပြီးတော့ အဲသည် အခက်အခဲတွေ၊ မတရားမှုတွေ၊ လိမ်လည်လှည့်ဖြားမှုတွေကို ရင်ဆိုင် ကျော်ဖြတ်ကြရမှာပဲ ဖြစ်တယ်လို့ ပြောချင်တယ်။

မေး။ ။ အင်န်အယ်ဒီပါတီဝင်တွေ၊ အမတ်လောင်းတွေ ကိုယ်တိုင်ကလည်း ဘယ်လိုမျိုး ပြည်သူတွေနဲ့ ထိတွေ့မှုတွေ၊ စည်းရုံး လှုံ့ဆော်မှုတွေကို လုပ်နေကြတာ ရှိသလဲ ဆရာ။ သူတို့တွေရဲ့ အခန်းကဏ္ဍနဲ့ ဆက်စပ်မှုတွေကို ဘယ်လိုမျိုး တည်ဆောက်နေကြတာ ရှိတယ်လို့ ဆရာက မြင်သလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ သဘာပတိအဖွဲ့ဝင်တဦးအနေနဲ့ အမတ်လောင်းတွေနဲ့အတူ ခရီးထွက်တယ်။ စည်းရုံးရေး တွေ့ဆုံဆွေးနွေးရေးတွေ လုပ်တယ်။ ပြည်သူလူထုတွေထံမှာ ကျနော်တို့ ပါတီနဲ့ အမတ်လောင်းတွေကို မိတ်ဆက်တယ်။ အပ်နှံတယ်။ မီဒီယာတွေမှာလည်း ပြောဆိုတင်ပြတယ်။ ကျနော်တို့တွေ အားလုံး ရပ်ကွက် ကျေးရွာတွေအထိ ဆင်းပြီး ထိတွေ့မှုတွေလုပ်တယ်။ ပြည်သူတွေက တင်ပြဆွေးနွေးတာတွေ၊ မေးခွန်းတွေကို နားထောင်တယ်။ ပြန်လည် ဆွေးနွေး ဖြေကြားတာတွေ လုပ်ပါတယ်။ လူထုနဲ့ အင်န်အယ်ဒီဟာ မပြတ်တောက်ဘူး။ လူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်တင်တယ်။ ဆောင်ရွက်နေတယ်လို့ ကျနော်က ပြောချင်ပါတယ်။ ကျနော်တို့တတွေဟာ အင်န်အယ်ဒီကို ကိုယ်စားပြုတယ် ဆိုတာထက် လူထုကို ကိုယ်စားပြုတယ်ဆိုတာကို ဖော်ပြနေဖို့ ဖြစ်တယ်။

ပြီးတော့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ်၊ အင်န်အယ်ဒီပါတီဝင်တွေ၊ အမတ်လောင်းတွေ၊ ကျနော်တို့တတွေဟာ လွှတ်တော်တွင်းမှာပဲ ဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပမှာပဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့အတူတူ ရပ်တည်ပြီး သူများ အကျိုးကို ဆောင်ရွက်မှာဖြစ်တယ်။ တသားတည်းဖြစ်တယ် ဆိုတာကို ဖော်ဆောင်ပြသကြဖို့ ဆောင်ရွက်နေကြတယ်လို့ ပြောချင်ပါတယ်။

မနေ့ကတင်ပဲ ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်မှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုမှာ လူထုနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။ အခြား အနီး၊ အဝေးနယ်တွေအထိ သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ပြည်သူနဲ့ မိတ်ဆက်တယ်။ အပ်နှံတယ်။ အမတ်လောင်းတွေ ကိုယ်တိုင်ကလည်း ပြည်သူရဲ့ အင်အားကို ဆက်လက်ရယူပြီး တသားတည်း ဆောင်ရွက်နေကြဖို့ အားပေးနေတာ ဖြစ်ပါတယ်။ အဲသည်မှာလည်း မဖြစ်နိုင်တဲ့ ကတိတွေ၊ မလုပ်နိုင်တဲ့ အာမခံချက်တွေ ပေးတဲ့ အမတ်လောင်းတွေ မဖြစ်ပါစေနဲ့၊ အမှန်ကို ထုတ်ဖော်ပြောဆိုပြီးတော့ ကိုယ်စွမ်းဆောင်နိုင်တဲ့ အလုပ်ကို ကတိပေးတဲ့၊ အာမခံချက်ပေးတဲ့ အမတ်လောင်းတွေဖြစ်အောင် ရပ်တည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လမ်းညွှန်မှုတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

ညွှန်း - မိုးမခ - http://moemaka.blogspot.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved