အိန္ဒိယရောက် ချင်းဒုက္ခသည်အရေး

Thursday, March 8, 2012



အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတွေဟာ စားဝတ်နေရေး ကြပ်တည်းမှု၊ လစ်လျူရှုခံရမှု၊ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေ ကြုံနေရတယ်လို့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်မှာ မတ်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။

Seeking Refugee ဆိုတဲ့ စာမျက်နှာ ၁၃၀ ကျော်ပါဝင်တဲ့ အဲ့ဒီအစီရင်ခံစာမှာ မီဇိုရမ်ပြည်နယ်မှာ ရောက်နေတဲ့၊ သိန်းဂဏန်းရှိတဲ့ ချင်းဒုက္ခသည်တွေဟာ ဒေသခံအာဏာပိုင်တွေကနေ တရားမ၀င် နိုင်ငံခြားသားဆိုပြီး ဖမ်းဆီးတာ၊ ဒဏ်ငွေချမှတ်တာ၊ နေရပ်ပြန်ပို့တာတွေ ခံနေရတယ်လို့ ပါရှိပါတယ်။

သူတို့တွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရကြဘူး၊ ၀င်ငွေနည်းတဲ့ သန့်ရှင်းရေးအလုပ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အောက်ခြေသိမ်းအလုပ်၊ ဈေးရောင်းတာနဲ့ အိမ်ဖော်အလုပ်တွေကိုပဲ လုပ်ရင်း အသက်မွေးကြနေကြတယ်၊ ဆေးအခမဲ့ကုသခွင့်စတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မရကြသလို မီဇိုရမ်မှာ မွေးတဲ့ ကလေးငယ်တွေဟာလည်း နိုင်ငံမဲ့ ကလေးငယ်တွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရှိတဲ့ နယူးဒေလီကိုလည်း သွားလာခွင့်မရှိတာကြောင့် UNHCR ရဲ့ စောင့်ရှောက်မှုနဲ့လည်း ကင်းကွာနေတယ်လို့ ဆိုပါတယ်။

နယူးဒေလီကို ရောက်နေတဲ့ ချင်းဒုက္ခသည်တွေဟာလည်း ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ပါရှိပါတယ်။

ချင်း ဒုက္ခသည်တွေဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်တဲ့အချိန်ကစပြီး ပြည်တွင်းမှာ ဖိနှိပ်မှုတွေ၊ ဘာသာရေးဖိနှိပ်မှုတွေ၊ စီးပွားရေး ကြပ်တည်းမှု စတာတွေကြောင့် တစတစ ရောက်လာကြတာဖြစ်ပြီး တချို့တွေဟာ အခုအချိန်ထိ UNHCR ရဲ့ တတိယနိုင်ငံတွေကို ပြန်လည်နေရာချထားရေး အစီအစဉ်မှာ မပါဝင်ကြသေးပဲ အိန္ဒိယမှာပဲ သောင်တင်နေကြဆဲပဲလို့ အစီရင်ခံစာက ဆိုပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ UNHCR နဲ့ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ်က ချင်းဒုက္ခသည်တွေအရေးကို ကူညီဆောင်ရွက်ဖို့၊ သူတို့ကို နေရပ်ပြန်ပို့တာ၊ ဖမ်းဆီးတာတွေ မရှိအောင် တရားဥပဒေအရ အကာအကွယ်ပေးဖို့၊ အစီရင်ခံစာက တိုက်တွန်းပါတယ်။

UNHCR အနေနဲ့လည်း အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ ဒုက္ခတွေက ကင်းလွတ်အောင် တတိယနိုင်ငံတွေကို ပြန်လည်နေရာချထားရေး အစီအစဉ်တွေမှာ ထည့်သွင်းစဉ်းစားပေးဖို့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့လည်း အိန္ဒိယရောက် ချင်းဒုက္ခသည်တွေအရေး စဉ်းစားကူညီထောက်ပံ့ကြဖို့တွေကို တိုက်တွန်းထားပါတယ်။


အစီရင်ခံစာ အပြည်အစုံကို ဒီမှာ သွားဖတ်နိုင်ပါတယ်။

source : http://chinseekingrefuge.com/

1 comments :

  1. Anonymous said... :

    အစီရင်ခံစာထုတ်တဲ့ ချင်းခေါင်းဆောင်များ ဦးနှောက်ကြီးကြပါပေတယ်။ ချင်းပြည်မှာ ချင်းတွေကုန်သလောက်နီးပါးဖြစ်နေတာကိုမကာကွယ်ကြတော့ဘူးလား နည်းလမ်းပေါင်းစုံနဲ့ နိုင်ငံခြားထွက်နေတဲ့ချင်းတွေကို ကိုယ့်ဒေသဖွံ့ဖြိုးရေးမှာပါဝင်အောင်တော့ မစည်းရုံးကြဘူး။ ချင်းပြည်တိုးတက်ရေးအတွက် လက်ရှိအစိုးရကို ဘယ်လိုနည်းနဲ့တိုက်မလဲ မစဉ်းစားကြဘူး တတိယနိုင်ငံ အမြန်ဆုံးသွားရေးဘဲ ဦးနှောက်ထဲမှာရှိနေကြတယ်။ အတော်ရှက်စရာကောင်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved