Pragmatist တဦးပါလို့ ပြောတဲ့ ဝန်ကြီး ဦးကျော်ဆန်း

Monday, March 19, 2012


အစိုးရပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက သူဟာအစိုးရအဖွဲ့အတွင်းက ခေါင်းမာဂိုဏ်းသားတဦး မဟုတ်ကြောင်း ဒီကနေ့ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

“ကျနော်က အများပြောနေတဲ့ အမာဂိုဏ်းသားတဦးဆိုတာ မဟုတ်ပါဘူး၊ တကယ်တော့ ကိုအောင်ဇော်အမြင်ပါပဲ၊ Pragmatist တဦးပါ” လို့ ဒီနေ့ ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံမှာ တနာရီခန့်အကြာ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ကိုအောင်ဇော်က လက်ရှိ အစိုးရသစ် ပြန်ကြားရေးဌာနက ရေးဆွဲနေတဲ့ မီဒီယာဥပဒေရေးဆွဲမှု အခြေအနေ၊ အစိုးရက မီဒီယာတွေအပေါ် ပြောဆိုနေတဲ့ လွတ်လပ်မှု၊ တာဝန်ယူမှုဆိုတဲ့ ပြောဆိုမှုနဲ့ မြန်မာမီဒီယာတွေ အခြေအနေ၊ လွတ်လပ်တဲ့မီဒီယာ၊ ကိုယ်ပိုင်မီဒီယာ လုပ်ပိုင်ခွင့် ပေးဖို့ရှိမရှိ၊ နေ့စဉ်သတင်းစာထုတ်ခွင့်ရှိမရှိ၊ စာနယ်ဇင်းသမားတွေကို အကာကွယ်ပေးမှုရှိမရှိ တို့ကို မေးမြန်းခဲ့ပါတယ်။


ဝန်ကြီး ဦးကျော်ဆန်းကတော့ မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်မှာ အပြီးရေးဆွဲမှာဖြစ်ကြောင်း၊ ဘယ်နိုင်ငံကိုမှ ပုံတူကူးခြင်းမရှိဘဲ၊ နိုင်ငံတိုင်းက ကောင်းတဲ့အချက်အလက်တွေကို ယူထားတာ ဖြစ်ကြောင်း၊ မီဒီယာဟာ သြဇာကြီးမားတဲ့အတွက် ပြည်သူတွေရဲ့ အမှားအမှန်ခွဲခြားနိုင်မှုဟာ မီဒီယာများမှာ တာဝန်ရှိကြောင်း၊ နောင်ရေးဆွဲတဲ့ ဥပဒေတွေမှာ မီဒီယာသမားတွေကို ကာကွယ်တဲ့ဥပဒေလည်း ပါလာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဥပဒေနဲ့ ညီရင် လုပ်ကိုင်ခွင့် ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီလမ်းကြောင်းကနေ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နေတဲ့နေရာမှာ လမ်းကြောင်းသွေဖီပြီး နောက်ပြန်ဆုတ်သွားမှာ မဟုတ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီကနေ့တွေဆုံရာမှာတော့ စာပေ စိစစ်ရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ်ထုတ်ဝေရေးမှ ဦးရဲတင့်၊ ဦးအောင်မျိုးမြင့်တို့လည်း တက်ရောက်ခဲ့ပါတယ်။

ကိုအောင်ဇော်နဲ့အတူ ရုံးအဖွဲ့မှ မန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံများ - ဧရာဝတီ



3 comments :

  1. Exo Chick said... :

    တော်သေးတာပေါ့ Pregnancy တဦးပါလို့မမှားတာ

  1. Anonymous said... :

    ပြန်ကြားရေ၀န်ကြီး ဘာဖြစ်လို.ဒီလောက်တောင် ပြောရတာခက်နေတာလဲ ၊
    သူမလုပ်ချင်ရင် ချက်ချင်နုတ်ထွက်လို.ရပါတယ် ။
    ဒီမိုကရေစိစနစ်မှာ ဘယ်သူကမှ အတင်းအကျပ်တာဝန်ယူခိုင်းတာမရှိပါဘူး ။
    ကိုယ်.သဘောနဲ.ကိုယ် တာဝန်ယူပါရစေဆိုပြီးပါတီထောင် ၀င်ပြိုင်ကြတာမဟုတ်လား ။
    မြန်မာနိုင်ငံ မှာ လူတော်တွေ အများကြီးရှိပါတယ် ၊ အဆင်မပြေရင် အနားယူလိုက်ပါ၊

  1. Anonymous said... :

    သတင်းလွှတ်လပ်ခွင့်ပေးရင် သူတို့ ခိုးထားတာတွေ ပေါ်လာမှာပေါ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved