ဒုက္ခသည်စခန်း မီးလောင်၊ အဆုံးအရှုံး များပြား

Saturday, April 28, 2012

ပြည်တော်မြင့် ရေးသားသည်)

ဒီနေ့ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ မဲလဒုက္ခသည်စခန်းက ကော်သူးလေ ကရင်နှစ်ခြင်းအသင်းတော် ကျမ်းစာကျောင်း ကောလိပ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

စခန်းရဲ့ ဇုန် စီ (Zone C) ရပ်ကွက်မှာ သီးခြား တည်ရှိတဲ့ ကျောင်းမီးလောင်မှုမှာ ကျောင်းဝင်းထဲရှိတဲ့ ကျောင်းသားဘော်ဒါ ဆောင်၊ ရုံးခန်း၊ စာသင်ဆောင်၊ ကွန်ပြူတာဌာန အပါအ၀င် အဆောင် ၅ ခု မီးထဲ ပါသွားခဲ့ပါတယ်။

ထိုင်းဘတ်ငွေ ၂ သန်းကျော်ဘိုး ဆုံးရှုံးသွားတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ကျောင်းသား ၃၀၀ ကျော်ရှိတဲ့ ကျမ်းစာကျောင်း မီးလောင်မှုကြောင့် လူထိခိုက် သေဆုံးတာ မရှိပါဘူး။

ဒီမီး လောင်မှုဟာ ပေါ့ဆမီးကြောင့်ဖြစ်နိုင်တယ် လို့ စခန်းဥက္ကဌစောထွန်းထွန်းက ဆိုသော်ငြားလည်း ကျောင်းတာဝန်ရှိသူတွေကတော့ လျှပ်စစ်မီး ရှော့ဖြစ်တာလို့ ပြောနေကြပါတယ်။

နေ့လည် ၁၂ နာရီခွဲက စလောင်တဲ့မီးဟာ ၁ နာရီခွဲမှာ မီးငြိမ်းသွားပေမဲ့ ကျောင်းဝင်းကြီး တခုလုံးကတော့ ၁ နာရီအတွင်းမှာ ပြာကျသွားခဲ့တယ် လို့လည်း ရပ်ကွက်မှူးတဦးက ပြောပါတယ်။

မီးလောင်ပြာကျအပြီးမှာ ထိုင်းမီးသတ်ကား ရောက်ရှိလာပါတယ်။

နယ်စပ်ကအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်း၊ အရပ်အခေါ် ဘဲကလော် စခန်းမှာ လက်ရှိ မြန်မာပြည်သား ဒုက္ခသည် ၅၀,၀၀၀ ခန့် ရှိတယ်လို့ စခန်းဥက္ကဌ အဆိုအရ သိရပါတယ်။

လျှပ်စစ်မီး ၂၄ နာရီရတဲ့အပြင် အခပေး ရုပ်သံလိုင်း၊ အင်တာနက်ဆိုင်တွေ ရှိတဲ့ ခေတ်မီဒုက္ခသည်စခန်းကြီးတခုလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလကလည်း မဲဆောက်မြို့ကနေ ကီလိုမီတာ ၈၀ အကွာမှာ ရှိတဲ့ အုန်းဖျန်မြန်မာ ဒုက္ခ သည်စခန်းမှာ မီးလောင်တဲ့အတွက် အိမ်ခြေ ၁၀၀၀ ခန့်ပျက်စီးသွားခဲ့ပြီး ဒုက္ခသည် ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြရပြီး ထပ်ဆင့်ဒုက္ခသည်တွေ ဖြစ်ခဲ့ကြရပါတယ်။

(ဓာတ်ပုံများ- ပြည်တော်မြင့်)


















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved