လူ့ဘောင်သစ်ရဲ့ အမြင်

Monday, April 2, 2012

ရွေးကောက်ပွဲနေ့ ကော့မှူးမြို့ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထုအောင်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်


၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ် အသတ်အနိုင်ရရှိခဲ့မှုအပေါ် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ၀မ်းမြောက် ဂုဏ်ယူပါကြောင်း လှိုက်လှိုက်လှဲလှဲ ဖော်ပြအပ်ပါသည်။

ဤအောင်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်၏အောင်ပွဲ ဖြစ်သလို မဲဆန္ဒရှင် မြန်မာပြည်သူတရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်ဟု မိမိတို့ပါတီမှ ယုံကြည်ပါသည်။
စည်းရုံးရေးခရီးစဉ် တလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို အတိအလင်း ကတိပြုကြေညာထားသော “တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး” ဟူသည့် လုပ်ငန်းစဉ် (၃) ရပ်အပေါ် မြန်မာပြည်သူတရပ် လုံးက မျှော်လင့်ယုံကြည်မှုအပြည့်ဖြင့် ၀ိုင်းဝန်းထောက်ခံလိုက်ကြခြင်းဖြစ်သည်ဟု မိမိတို့ပါတီမှ ရှုမြင်ပါသည်။
ဤလုပ်ငန်းစဉ် (၃) ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အတွင်းတွင် အရေးအကြီးဆုံးနှင့် ပဓာနအကျဆုံး မရှိမဖြစ် ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုကြီးကို အခိုင်အမာ တည်ဆောက် နိုင်သည်အထိ အင်အားစုအသီးသီး ပါဝင်သော တွေ့ဆုံဆွေးနွေး အဖြေရှာမှုများပေါ်ပေါက်ရေး စသည့် လုပ်ငန်းရပ်များကိုလည်း မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
အဓိကအားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) အား ဒီမိုကရေစီစနစ်ကို အာမခံသော၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို အာမခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ဖြစ်လာစေရန် ဒီမိုကရေစီနည်းလမ်း ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲကြရမည်ဖြစ်ပါသည်။

ဤလုပ်ငန်းတာဝန်များသည် လူမျိုးပေါင်းစုံမြန်မာပြည်သူများ၏ ထောက်ခံ ပူးပေါင်းပါဝင်မှုဖြင့်သာ ဆောင်ရွက်နိုင်မည့် လုပ်ငန်း တာဝန်များဖြစ်သည်။ ဤလုပ်ငန်းတာဝန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လူမျိုးပေါင်းစုံမြန်မာပြည်သူများနှင့် မဟာမိတ်အင်အားစု အသီးသီးတို့၏ ထောက်ခံဝန်းရံမှုနှင့်အတူ ဆက်လက် အကောင်အထည်ဖော်သွားနိုင်လိမ့်မည်ဟု မိမိတို့ပါတီက မျှော်လင့်ပါသည်။ မိမိတို့ပါတီမှလည်း ကျရာအခန်းမှ အတက်ကြွဆုံး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ယနေ့အခြေအနေမှ နောက်ပြန်လှည့်မသွားရေးနှင့် အင်အားစုအသီးသီးနှင့် နိုင်ငံသား တိုင်းပါဝင်နိုင်သည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားပါရန် မိမိ တို့ပါတီက အလေးအနက်တိုက်တွန်းအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၂ ခုနှစ် ဧပြီလ (၂) ရက်။

ဆက်သွယ်ရန် - ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး) ၀၈ ၁၄၇၅ ၉၂၂၃

5 comments :

  1. အေတူကန် said... :

    ဆရာကြီးလေသံနဲ့ လာပြီး နှမ်းဖြူးမနေနဲ့ ကွာ။ မင်းတို့ မပြောလည်း လူတိုင်းသိတယ်။ မင်းတို့ ရဲ့အမြင်သဘောထားကို လာချပြနေစရာမလိုဘူး။ မင်းတို့ အလုပ်မင်းတို့ လုပ်။ ပြည်သူလူထု၊ အမေစုနဲ့ NLD ကလည်း ကိုယ်လုပ်စရာရှိတာတွေ ကိုယ်ဆက်လုပ်မှာပဲ။

  1. Anonymous said... :

    ဟုတ်တယ်။ ဆရာကြီးလေသံနဲ့ အပိုတွေပြောမနေပါနဲ့ ဆရာတို့ရယ်။ အန်အယ်ဒီက ဘာလုပ်ရမယ်ဆိုတာသိပါတယ်။ နှမ်းမဖြူကြပါနဲ့။ အေးဆေးပါ။

  1. Anonymous said... :

်မင်းတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကလည်း အခုအချိန်အထိ မဆလ လက်ထက်က စာလုံးတွေနှင့် အိုင်ဒီယာတွေ နှင့်စာထုပ်တာ၊ ကြေငြာတာတွေလုပ်နေတုန်းပဲလား။ Can you (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) do something better.?

  1. Demo Mike said... :

    ဖြူးပစေကွာ
    မြန်မာစကားပုံရှိတယ်လေ
    အလှု့ လက်ဖက်နဲ့  မျက်နှာလုပ်တယ်ဆိုတာ
    မှာထားမယ်နော်
    သွားနေတဲ့လမ်းကြောင်းမှာ ဝိုင်းကြဝန်းကြ
    ဘေးထိုင် ဘုပြော ငါသိ ငါတတ် လာလုပ်ရင် တော့
    ပြည်သူ့  မေတ္တာတွေ အတုံးအတစ်လိုကရသွားမယ်

  1. Min Zan said... :

    အခုလို ကြေညာချက်ထုတ်ပြီး ချီးကျူးဂုဏ်ပြုတာကို သူရဲကောင်းဆန်တဲ့ လူကြီးလူကောင်းဆန်တဲ့ ပါတီအဖြစ် လေးစားမိပါတယ်။ ငါလုပ်မှ ၊ အင်န်အယ်လ်ဒီလုပ်မှအကောင်းကြီးပဲ လို့မဆိုသင့်ပါဘူး။ အခုလို လူကြီးလူကောင်းဆန်သူတွေ၊ သူရဲကောင်းစိတ်ရှိတဲ့သူတွေဦးဆောင်တဲ့ပါတီတွေများမှ မြန်မာနိုင်ငံ အကောင်းဘက်ကို ဦးတည်မယ်လို့ ယုံကြည်ပါတယ်။ အခုလိုပြောလို့ အင်န်အယ်လ်ဒီကို မထောက်ခံတဲ့ သူလို့တော့ မစွပ်စွဲလိုက်ကြပါနဲ့ဦး။ မြန်မာနိုင်ငံဟာ တစ်ဖက်ကိုတစ်ဖက် တစ်ဦးကို တစ်ဦး ယုတ်မာတဲ့ နိုင်ငံရေးကနေ လူကြီးလူကောင်းဆန်တဲ့နိုင်ငံရေး၊ သဘောထားကြီးသူတို့ရဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်သူတို့ရဲ့ နိုင်ငံရေးသာဖြစ်သင့်ပါတယ်။ အခု အင်န်အယ်လယ်ဒီနိုင်တာကို ဂုဏ်ယူပါတယ်။ အကြောင်းကတော့ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ဖို့လမ်းစဖြစ်လာတယ်လို့ မျှော်လင့်မိလို့ပါ။ သို့သော် အင်န်အယ်ဒီတစ်ခုတည်းက အနိုင်ရသော နိုင်ငံရေးလည်းမဖြစ်စေချင်သလို၊ ကြံခိုင်ရေးက လက်ဝါးကြီးအုပ်ထားသော နိုင်ငံရေးလည်းမဖြစ်စေချင်ပါ။ မီးလောင်နေသော အိမ်ကို ရေနှင့် ၀ိုင်းပက်တဲ့အခါ ရေပက်သူအချင်းချင်း တွန်းတိုက်ထိုးကြိတ်မနေပါ။ အတွဲညီညီ ၀ိုင်းပတ်မှ မီးငြိမ်းမည်၊ တားဆီးနိုင်မည်ဖြစ်သည်။ အခြားခြားသော ပါတီငယ်များကိုလည်းအနိုင်ရစေချင်သည်။ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းသော လူဘောင်သို့သွားလိုလျှင် ကြံ့ခိုင်ရေးအပါအ၀င်၊ အင်န်အယ်ဒီအဆုံးအားလုံးပါဝင်ပြီးအမြင်စုံလင်သော ညီညွတ်သော နိုင်ငံသို့သွားနိုင်သော နိုင်ငံရေးကိုလိုလားလျှင် ကြံ့ခိုင်ရေးအပါအ၀င် မည်သူကိုမှ ဖယ်ထုတ်ရန်မလိုပါ။ ပြည်သူ့ဆန္ဒပေါ်မူတည်ကာ အနည်းအများ ကွာဟချက်ဖြင့် အတူတူသွားရန် တစ်ဦးကိုတစ်ဦးဖေးမကူကြမည်ဆိုလျှင် ပိုကောင်းပါသည်။ အထူးသတိပြုရမည်မှာ ပြည်သူသည် မည်သည့်ပါတီစွဲနှင့်မျှ တစ်ဦးကိုတစ်ဦးတိုက်ခိုက်ရန်စောင်မကောင်းပါ။ ပြည်သူ့တာဝန်မှာ မိမိတို့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးမည့် တိုးတက်စေမည့် ပါတီကို ရွေးချယ်ရန်ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved