ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး ထွက်မှာလား

Wednesday, April 18, 2012

(ဓာတ်ပုံ - www.number10.gov.uk)

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး ထွက်ရဲပြီလား၊ သူ ထွက်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတွေက ပြုပြင်ပြောင်းလဲမှုတွေ ရပ်ပြီး နောက်ပြန်လှည့် သို့မဟုတ် သူ့ကို နိုင်ငံတွင်း ပြန်ဝင်ခွင့်ပိတ်လိုက်လေမလား၊ စွန့်စားပြီး ထွက်မယ် ဆိုရင် ဘယ်နိုင်ငံကို အရင် သွားလည်မလဲ ဆိုပြီး နယူးယောက်တိုင်း ဘလော့ blogs.nytimes.com http://rendezvous.blogs.nytimes.com/2012/04/17/thinking-about-a-round-trip-ticket-from-myanmar/# မှာ မနေ့က ရေးထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူ့ဆီ သွားလည်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သူ့ကို ဗြိတိန်နိုင်ငံ အလည်လာဖို့ ဖိတ်ခေါ်ပြီးနောက်ပိုင်း ဒီရေးသားချက်၊ စူးစမ်းချက် ထွက်ပေါ်လာတာပါ။

ဝန်ကြီးချုပ်က သူ့ကို ပြည်ပခရီး ထွက်နိုင်မယ်၊ နိုင်ငံထဲ ပြန်ဝင်ခွင့်ရမယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက “လွန်ခဲ့တဲ့ ၂ နှစ်က ဆိုရင် - ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်တယ်၊ ဒါပေမယ့် (မလာနိုင်ပါဘူး) ၀မ်းနည်းပါတယ် လို့ ဖြေဖြစ်မှာပါ။ အခုတော့ - အင်း ... ဖြစ်နိုင်ပါတယ်။ အခြေအနေတွေ ပြောင်းလဲနေ တိုးတက်လာနေပြီပဲ လို့ ပြောနိုင်ပါပြီ”

ဝန်ကြီးချုပ်က ဇွန်လမှာ အလည်လာဖို့ ပြောပါတယ်။ ဘာကြောင့် ဇွန်လ လာစေချင်တာလဲ?
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပွဲ လုပ်ပေးချင်လို့လား?
နယူးယောက်တိုင်း ဘလော့က လန်ဒန်မြို့ နွေရာသီအိုလံပစ်ပွဲတော်မှာ အိုလံပစ်မီးရှူးတိုင် ထွန်းညှိပေးစေလိုတာကြောင့်များလား လို့ မေးခွန်းထုတ်ထားပါတယ်။

ဟိုတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောခဲ့ဖူးပါတယ်၊ ပြည်ပခရီးထွက်ဖြစ်ရင် ပထမဆုံး သွားရမယ့်နိုင်ငံက နော်ဝေ ဖြစ်လိမ့်မယ် တဲ့။ နော်ဝေက မြန်မာ့ဒီမိုကရေစီအရေးကို မပြတ် ထောက်ခံတဲ့နိုင်ငံဖြစ်လို့ပါ တဲ့။

ဗိုလ်သန်းရွှေ ဗိုလ်ခင်ညွန့်တို့ ခေတ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးထွက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆထားကြတာပါ။ ဗိုလ်ချုပ်ကြီးများကတော့ သူ့ကို နိုင်ငံထဲက ထွက်သွားစေချင်တာပါ။

ပြီးရင် ဆရာကြီးဆလိုင်းထွန်းသန်းကို ပိတ်သလို ပိတ်လိုက်ရုံပဲ မဟုတ်လား။ ပိတ်တာက အရမ်းလွယ်ပါတယ် ၊ သူ့ရဲ့ နိုင်ငံကူးလက်မှတ် တရားမ၀င်ကြောင်း နိုင်ငံတကာကို ကြေညာလိုက်ရုံပါပဲ၊ အဲဒီနည်းနဲ့ ဆလိုင်းထွန်းသန်း ဘန်ကောက်ကနေ ရန်ကုန်ပြန်မယ့် ခရီးစဉ် ပျက်သွားပါတယ်။ ဘန်ကောက်လေဆိပ်မှာ ဆရာကြီး လေယာဉ်ပေါ် တက်ခွင့် မရဘဲ ပြည်ပမှာ ဒီနေ့အထိ သောင်တင်နေပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်ပခရီး မထွက်တော့ ဘာတွေ ဖြစ်လာသလဲ။

အွန်လိုင်းကနေဖြန့်တဲ့ information sheet ဆိုတဲ့ ထောက်လှမ်းရေးဝါဒဖြန့်စာ တစောင်မှာ ၁၉၉၆ ၀န်းကျင်က ရေးခဲ့ပါတယ် - ဒေါ်အောင်ဆန်းစုကြည်ကို ပြည်နှင်ဒဏ် ပေးမယ် တဲ့။ သို့ကလို လေသံပစ်ခဲ့ပေမယ့် ဘယ်နိုင်ငံကမှ ငါတို့လက်ခံမယ် ပို့လိုက်လို့ မပြောခဲ့ပါဘူး။ ဒီတော့လည်း အဲဒီ ဆင်ကြံက အကောင်အထည် မပေါ်ခဲ့ပါ။

ဝေးဝေးမသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ မှာ အပြတ်ရှင်းဖို့ ၀ါးရင်းတုတ်ကိုင် လူသုံးလေးငါးထောင် ဒီပဲယင်းဒေသကို လွှတ်လိုက်ပါတယ်။ ခြောက်လှန့်ရုံပါပဲ လို့ သုံးသပ်သူ ရှိသလို အမှုန့်ကြိတ်မှာ လို့ ယူဆသူလည်း ရှိပါတယ်။

သို့သော်လည်း ဗိုလ်ခင်ညွန့်ရဲ့ တပည့်တွေ ကယ်ထုတ်လိုက်လို့လား၊ အော်ဟစ်ဆဲဆိုပြီး ခြောက်ရုံတင်ခြောက်လိုက်ပါလို့ ၀ါးရင်းတုတ်သမားတွေကို စနစ်တကျ ညွှန်ကြားထားလို့လား မသိပါ၊ အဲဒီ အကြမ်းဖက်သမားတွေကြားထဲကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်ထွက်သွားပါတယ်။

ဒီအကြမ်းဖက်မှု ၁၀ နှစ်ပြည့်ခါနီးမှာ ဗိုလ်ချုပ်ကြီးတွေ အသိတရားရ၊ လိမ်မာစ ပြုလာပြီး အပြောင်းအလဲတွေ ဖော်ဆောင်လာပြီ ဆိုတော့

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး ထွက်ရဲပြီလား၊ သူ ထွက်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတွေက ပြုပြင်ပြောင်းလဲမှုတွေ ရပ်ပြီး နောက်ပြန်လှည့် သို့မဟုတ် သူ့ကို နိုင်ငံတွင်း ပြန်ဝင်ခွင့်ပိတ်လိုက်လေမလား၊ စွန့်စားပြီး ထွက်မယ် ဆိုရင် ဘယ်နိုင်ငံကို အရင် သွားလည်မလဲ ဆိုပြီး နယူးယောက်တိုင်း ဘလော့က မေးမြန်း စူးစမ်းထားတာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved