အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်း

Saturday, April 14, 2012


ရဲထွဋ်

"---ကာကွယ်စောင့်ရှောက်ခြင်း ( Defend ) ဟူသောစကားရပ်သည် အခြေခံဥပဒေကို မပြင်ပါဟု ကတိပြုခြင်းမဟုတ်သည်ကို အမေရိကန်နိုင်ငံ၏ ဖြစ်စဉ်တွင်လေ့လာတွေ့ရှိနိုင်ပါသည်---"

အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ခြင်းဆိုသည့် စကားရပ်သည် အခြေခံဥပဒေဖြင့် အုပ်ချုပ်သည့်စနစ်ပေါ်ပေါက်လာ သည့်အချိန်မှစပြီးတွင်ကျယ်လာသည့် စကားရပ်ဖြစ်သည်။ အခြေခံဥပဒေဖြင့်အုပ်ချုပ်သည့် စနစ်မပေါ်ပေါက်မီကမူ တိုင်းသူ၊ပြည်သားများ၊ မင်းမှုထမ်းများက အုပ်စိုးသူ ဘုရင်ကို သစ္စာစောင့်သိ၊ ကာကွယ်စောင့်ရှောက်ပါမည့်အကြောင်း သစ္စာပြုရသည်။

ထိုသို့လုပ်ဆောင်မှုကို အင်္ဂလိပ်ဘာသာဖြင့် oath of allegiance ဟုခေါ်သည်။ ဗြိတိသျှနိုင်ငံတွင် ဘုရင် အပေါ် သစ္စာခံရန်သတ်မှတ်ချက်ကို ၁၂၁၅ ခုနှစ် မဂ္ဂနာကာတာ Magna Carta စာချုပ်ချုပ်ပြီးချိန်တွင် ဘုရင့်ကို ပုန်ကန် သူများက ဘုရင့်ကို သစ္စာခံကြောင်း ကတိသစ္စာပြုခဲ့သည်ဟု ရေးသားချက်တွင်စတင်တွေ့ရှိရသည်။

၁၆၀၉ ခုနှစ်တွင်မူ ပါလီမန်က Oath of Allegiance Act 1609 ဖြင့် နိုင်ငံသားများ၊ တရားသူကြီးများနှင့် လွှတ်တော်အမတ်များအနေဖြင့် ဘုရင်/ ဘုရင်မအပေါ် သစ္စာခံမည်ဖြစ်ကြောင်း ကတိသစ္စာပြုရန် သတ်မှတ်ခဲ့သည်ကိုတွေ့ရသည်။

၁၇၇၆ ခုနှစ်အမေရိကန်ပြည်ထောင်စုတည်ထောင်ချိန်တွင်မူ ဘုရင်စနစ်ကို လက်မခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်သည့်စနစ်ကို ကမ္ဘာပေါ်တွင်ပထမဆုံးစတင်ကျင့်သုံးခဲ့သည်။

ထိုအခါ နိုင်ငံသားများ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ဘုရင်အစား အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အတွက် သစ္စာပြုရန် သတ်မှတ်ခဲ့သည်။ တနည်းအားဖြင့် အခြေခံ ဥပဒေကို နိုင်ငံ၏ အထွတ်အမြတ်၊ အမြင့်ဆုံးနေရာတွင်ထားရှိသည့်သဘောထားကို ထင်ဟပ်ဖော်ပြလိုက်ခြင်းလည်းဖြစ် သည်။

ထိုကဲ့သို့ ကတိသစ္စာပြုရာတွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူသူတိုင်းသည် အခြေခံဥပဒေကို ပြည်တွင်း၊ ပြည်ပ ရန်သူများထံမှ ကာကွယ်စောင့်ရှောက်ပါမည်ဆိုသည်အချက်ကို ထည့်သွင်းရွတ်ဆိုသစ္စာပြုရသည်။ ထိုအချက်ကို အင်္ဂလိပ် ဘာသာဖြင့်အောက်ပါအတိုင်းဖော်ပြထားသည်-

I will support and defend the Constitution and laws of the United States of America against all enemies, foreign and domestic.

အမေရိကန်နိုင်ငံသားအဖြစ် ခံယူသူများအနေဖြင့် ထည့်သွင်းရွတ်ဆိုရသည့်ကတိသစ္စာပြုချက်တွင် အထက်ပါ အတိုင်း အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုသည့်အချက်အပြင် ကျန်အချက်များလည်း ပါဝင်သည်။ နိုင်ငံသားခံယူသူ ၏ ကတိသစ္စာပြုချက်တွင် အောက်ပါအချက်ငါးချက်ပါဝင်သည်ကိုတွေ့ရသည်-

၁။ အမေရိကန်အခြေခံဥပဒေကို သစ္စာစောင့်သိပါမည်။

၂။ ယခင်က စောင့်သိခဲ့သည့်အခြားနိုင်ငံ ( နိုင်ငံသားမခံယူမီက နေထိုင်ခဲ့သည့်နိုင်ငံ၏ ) အပေါ် သစ္စာစောင့်သိမှုများ ကို စွန့်လွှတ်ပါမည်။

၃။ အခြေခံဥပဒေကို ပြည်တွင်း၊ ပြည်ပရန်များမှ ကာကွယ်စောင့်ရှောက်ပါမည်။

၎။ ဥပဒေအရ အမေရိကန်နိုင်ငံအတွက်စစ်မှုထမ်းရန်လိုအပ်ပါက စစ်မှုထမ်းပါမည်။

၅။ နိုင်ငံအတွက်အရေးကြီးသည့်အချိန်တွင် ဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပါ မည်။

ထို့ပြင် အမေရိကန်အခြေခံဥပဒေအခန်း ၆ တွင် ကွန်ဂရက်ရှိ အထက်လွှတ်တော်နှင့်အောက်လွှတ်တော်အမတ်များ၊ ပြည်နယ်အသီးသီးရှိလွှတ်တော်အမတ်များ၊ အစိုးရ၀န်ထမ်းများ၊ တရားသူကြီးများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ အခြေခံ ဥပဒေနှင့်အညီဆောင်ရွက်ရန်အတွက် ကတိသစ္စာပြုရမည်ဟု ပြဋ္ဌာန်းထားသည် ကိုတွေ့ရသည်။

ထိုပြဋ္ဌာန်းချက်အရ ကွန်ဂရက်လွှတ်တော်အမတ်များအနေဖြင့် အမတ်အဖြစ်စတင်တာဝန်ထမ်းဆောင် ချိန် တွင် အောက်ပါအတိုင်း ကတိသစ္စာ ပြုရသည်ကို တွေ့ရပါသည်-

I do solemnly swear (or affirm) that I will support and defend the Constitution of the United States against all enemies, foreign and domestic; that I will bear true faith and allegiance to the same; that I take this obligation freely, without any mental reservation or purpose of evasion; and that I will well and faithfully discharge the duties of the office on which I am about to enter: So help me God.

အမေရိကန်လွှတ်တော်အမတ်များအနေဖြင့် အခြေခံဥပဒေကို ထောက်ခံအားပေးကာကွယ်စောင့်ရှောက် ( Support and Defend ) ရမည်ဟု ကတိသစ္စာပြုခြင်းသည် အခြေခံဥပဒေကို ပြင်ဆင်ရန်ကြိုးစားခြင်းမပြုဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုသည်မှာ မိမိတို့လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် အခြေခံဥပဒေနှင့်မညီသောဆောင်ရွက်ချက်များ၊ အခြေခံဥပဒေကိုအခြေခံဥပဒေပြင်ပ နည်းလမ်းများဖြင့်ဖျက်ဆီးရန်လုပ်ဆောင်ချက်များမှ ကာကွယ်ရန်ကတိသစ္စာပြုခြင်းမျှသာဖြစ်သည်။

အမေရိကန်အခြေခံ ဥပဒေအခန်း ငါးတွင် အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လိုက်နာရမည့်နည်းလမ်းများကို အတိအကျပြဋ္ဌာန်းထားပြီးဖြစ်ရာ အခြေခံဥပဒေပြင်ဆင်မှုကို အထက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းသည် ကတိသစ္စာပြုထားမှုကို ချိုးဖောက်ရာ ကျမည် မဟုတ်ပေ။

ထို့ကြောင့်လည်း အမေရိကန်နိုင်ငံသမိုင်းအတွင်အခြေခံဥပဒေပြင်ဆင်မှု ၂၇ ကြိမ်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံမှ စတင်ခဲ့သည့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ကတိသစ္စာပြုသည့်အစဉ်အလာကို နိုင်ငံ အများအပြားတွင်လည်း လိုက်နာကျင့်သုံးနေပြီဖြစ်သည်။သို့သော် ကျွန်တော်တို့အနေဖြင့်မူ ထို ကတိသစ္စာပြုသည့်အစဉ် အလာမှာအတော်စိမ်းနေသေးသည်။ နိုင်ငံသားခံယူချိန်တွင်လည်းကောင်း၊ ၀န်ထမ်းများ ရာထူးလက်ခံချိန်တွင်လည်းကောင်း ကတိသစ္စာပြုသည့် အစဉ်အလာ မရှိသေးသည့်အပြင် နိုင်ငံအကြီးအကဲများဖြစ်သည့် သမ္မတနှင့် ဒုတိယသမ္မတများက အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုခြင်း၊ လွှတ်တော်အမတ်များက ကတိသစ္စာပြုခြင်းများကိုပင် နှစ်ပေါင်းခြောက်ဆယ်ခန့်အဆက်ပြတ်ခဲ့ပြီးဖြစ်သည်။

ထို့ကြောင့်လည်း အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုပါက အခြေခံဥပဒေကို မပြင်ပါ၊ ပြင်ရန် မကြိုးပမ်းပါဟု ဆိုရာရောက်မည်ဟု အဓိပ္ပါယ်ကောက်ယူ ဆွေးနွေးနေသည်ကိုလည်းတွေ့နေရခြင်းဖြစ်ပါသည်။

တကယ် တော့ ကာကွယ်စောင့်ရှောက်ခြင်း ( Defend ) ဟူသောစကားရပ်သည် အခြေခံဥပဒေကို မပြင်ပါဟု ကတိပြုခြင်းမဟုတ်သည်ကို အမေရိကန်နိုင်ငံ၏ ဖြစ်စဉ်တွင်လေ့လာတွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင်လည်း အခြေခံဥပဒေပြင်ဆင်ရမည့် နည်းလမ်းများကို ပြဋ္ဌာန်းထားပြီးဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း အခြေခံဥပဒေ ကို လိုအပ်ပါက ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆွေးနွေးရကြရန် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားထားပြီးဖြစ်သည်။

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိသစ္စာပြုခြင်းသည် နိုင်ငံသားတစ်ဦး၏ အခြေခံဥပဒေအပေါ် ထားရှိသည့် လေးစားရိုသေမှု၊ မြတ်နိုးမှု၊ တန်ဘိုးထားမှု များကို ထင်ဟပ်ပြီး လူတိုင်းက မိမိတို့ တာဝန်ဝတ္တရားများကို အခြေခံဥပဒေနှင့်အညီကျင့်သုံးသည့်အလေ့အထဖြစ်အောင် တိုက်တွန်းနှိုးဆော်မှု၊ ပုဂ္ဂိုလ်ရေးသစ္စာစောင့်သိမှုထက် ဥပဒေအပေါ် သစ္စာစောင့်သိသည့် အလေ့အထဖြစ်အောင် လှုံ့ဆော်မှုသာ ဖြစ်ပါသည်။

တရားဥပဒေစိုးမိုးမှု၊ ဥပဒေနှင့်အညီကျင့်ကြံနေထိုင်မှုများ အလွန်လိုအပ်နေသော ကျွန်တော်တို့ နိုင်ငံ တွင် အထက်ပါကတိသစ္စာပြုများသည့် ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များသာမက နိုင်ငံသားတိုင်း၊ ၀န်ထမ်းတိုင်းက မဖြစ်မနေဆောင်ရွက်သင့်သည့်လုပ်ငန်းဟုပင်ဆိုချင်ပါသည်။

ကျွန်တော်တို့ မြန်မာစကားသည် ဝေါဟာရအလွန်ကြွယ်ဝပါသည်။ တစ်ခါတစ်ရံကျတော့လည်း ထိုဝေါဟာရများကြား၌ပင် အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကွဲပြားကာ ဝိရောဓိတွေဖြစ်ရပြန်သည်။ ဘာပဲဖြစ်ဖြစ် အရေးကြီးသည့်အသွင်ကူးပြောင်းရေးကာလမှာ တော့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုသည့် အနက်ကို မှန်မှန်ကန်ကန်ကောက်ယူနိုင်မည်ဟု မျှော်လင့်မိ ပါသည်။

ညွှန်း -
Myit Makha Media Group - http://d6156922.u58.c10.ixwebhosting.com/other_detail.php?newid=99

2 comments :

  1. Anonymous said... :

    ခေတ်စကားနဲ့ပြောရရင် NLDမှ ဥပဒေဂုရုကြီးများ ၄၃ နေရာနိုင်သောကြောင့် မာန်တက်ပြီး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။ ထိုအတိုင်းကိုင်စွဲပြီး လွှတ်တော်မတက်ပါက ဖြောင့်ဖြူးတော့မည့်လမ်းကို ယိမ်းယိုင်စေသွားနိုင်ပါသည်။ နားလည်မှုလွဲသွားစေနိုင်ပါသည်။ နိုင်နေတိုင်း ဖိမနင်းသင့်ပါ။ အကျပ်ကိုင်သည့်ပုံစံမျိုး မလုပ်စေလိုပါ။ ကျမ်းကျိန်ချက်မပြင်လည်း အခြေခံဥပဒေ ပြင်နိုင်ပါလျက် ခေါင်းမမာစေချင်ပါ။ နောင်တွင် မလုပ်မီ မဆုံးဖြတ်မီ ဆန့်ကျင်ဖက်အကျိုးထွက်လာနိုင်စေသည်ကို ဂုရုကြီးများ သတိပြုပြီးမှ ဆောင်ရွက်စေလိုပါသည်။ အရေးကြီးသော ဦးစားပေးသင့်သောကိစ အရေးအရာများကိုသာ အရင်ဆောင်ရွက်စေလိုပါသည်။ အသေးအဖွဲများကို သိပ်မကြည့်ပါနဲ့ခင်ဗျား။ ကျေးဇူးတင်ပါသည်။

  1. Anonymous said... :

    တကယ်တန်းပြောရရင်...နိုင်ငံရေးပါးမ၀သော...ခါတော်မီ...Popular (အမှန်က ပြည်သူက လည်း Change We Need သဘောအရ...မဖြူ ရင်ပီးရောနှင့် ကြီးဒေါ်စုအရှိန်အ၀ါခြုံထားခြင်း) များသာဖြစ်သောကြောင့်လည်းကောင်း၊ အဓိက နဲ့ သာမည မခွဲနိုင်ကြသော အတ္တနိုင်ငံရေး သမားများ ဖြစ်နေကြသည့်အတွက် ရင်လေးမိ ပါသည်။ အထူးသဖြင့် စာတတ်ရန်နှင့် အမှန် တကယ် ပြည်သူအတွက် အဓိကထားစဉ်းစာရန် လိုနေသေးသည့် မပြည့်ဝသေးသူများအဖြစ်သာ ကျွနုပ် NLD ကိုယ်စားလှယ်ဆိုသူများအား မြင်မိတော့သည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved