ဒေါက်တာစင်သီယာဆေးခန်းမှာလုပ်တဲ့ သက်ကြီးပူဇော်ပွဲ

Tuesday, April 17, 2012

ဓာတ်ပုံများ - ဧရာဝတီ

ဒီနေ့မှာကျရောက်တဲ့မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မှာပြုလုပ်တဲ့မြန်မာ့ရိုး ရာ သက်ကြီးပူဇော်ပွဲမှာ မြန်မာဘိုးဘွားသက်ကြီးရွယ်အို ၇၀၀ ခန့် လာရောက်အပူဇော်ခံခဲ့ကြပါတယ်။

မဲဆောက်မှာရှိတဲ့မယ်တော်ဆေးခန်းနဲ့ မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ဒီပွဲကို ကျင်းပလာခဲ့တာ အခုဆိုရင် ၁၂ ကြိမ်မြောက်ဖြစ်ပြီး နှစ်စဉ်အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ဘိုးဘွားတွေကို ကန်တော့ခဲ့ကြတာပါ။

ဒီနေ့ပွဲကိုလာရောက်ကြတဲ့အဘိုးအဘွားတွေကတော့ မဲဆောက်၊ဖို့ဖတ်၊မယ်လမတ်၊ ၃ မြို့နယ်ကဖြစ်ကြပြီး သားသမီးမြေးမြစ်တွေနဲ့ လုပ်ငန်းခွင်အသီးသီးမှာလိုက်နေကြတဲ့သူတွေဖြစ်ပြီး အချို့ကတော့ခိုကိုးရာမဲ့ကြ တဲ့သူတွေဖြစ်ကြပါတယ်။

မဲဆောက်မြို့ပြင်က စိုက်ပျိုးရေးခြံမှာသားသမီးတွေနဲ့လိုက်နေတဲ့ အသက် ၇၀ အရွယ်အဘိုးဦးပြူးက” အောက်မှာလည်း အားကိုးအားထားရမဲ့လူမရှိလို့ သားသမီးတွေနဲ့လာနေတာပါ အလုပ်တော့ မလုပ်နိုင်တော့ ဘူး မိဘတွေအလုပ်သွားချိန်မှာတော့ မြေးတွေကိုထိန်းပေးရတယ်” လို့ပြောပါတယ်။

လက်ရှိမဲဆောက်မြို့နယ်မှာရွှေ့ပြောင်းအလုပ်သမား ၂ သိန်း၊ဖို့ဖတ်မြို့နယ်မှာ ၇ သောင်းနဲ့ မယ်လမတ်မြို့ နယ်မှာ ၆ သောင်းနီးပါး ရှိတဲ့အထဲမှာ မြန်မာသက်ကြီးရွယ်အိုအရေအတွက်ဟာ ၂ သောင်းနီးပါးရှိတယ်လို့ အဲဒီ ၃ မြို့နယ်မှာမြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲ လှုပ်ရှား မှုကော်မတီ JACBA အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုးက ဆိုပါတယ်။

သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးနာယကဒေါက်တာစင်သီယာမောင်က”ဘိုးဘွားမိဘတွေနဲ့ဝေးနေချိန်မှာ ဒီလိုသက်ကြီးပူဇော်ပွဲကို ကျမတို့တတွေစုပေါင်းပြီးတော့ နှစ်စဉ်ကျင်းပပြုလုပ်ကြတာဖြစ်တယ် ဒီလိုရင်းနှီး ချစ်ခင်မှုတွေဟာ တချိန်ကိုယ့်နေရာဒေသကိုပြန်ကြတဲ့အခါမှာ တပါတည်း ယူသွားရမဲ့အရာတွေလည်း ဖြစ်တယ်” လို့ ဧရာဝတီသတင်းဌာနကို သီးခြားပြောဆိုခဲ့ပါတယ်။

မဲဆောက်အပါအ၀င်ဒီ ၃ မြို့နယ်မှာ ရွှေ့ပြောင်းမြန်မာကလေးငယ်များစာသင်ကျောင်း ၇၀ နီးပါရှိပြီးမြန်မာ ကလေးငယ် ၁ သောင်းခွဲကျော် ပညာသင်ကြားနေကြပြီး အဲဒီကျောင်းအချို့ကသင်္ကြန်ယိမ်းအဖွဲ့တွေလည်း ဒီနေ့သက်ကြီးပူဇော်ပွဲမှာ ဘိုးဘွားတွေကိုလာရောက်ကပြခဲ့ကြပါတယ်။




























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved