ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် "အမည်မသိ"

Monday, April 9, 2012


သောကြာနေ့က ပိတ်လိုက်တဲ့ ကမ္ဘာ့တလွှား သြဇာကြီးသူများဆိုင်ရာ Time မဂ္ဂဇင်း စစ်တမ်းမှာ မဲအများဆုံးရသူဟာ Anonymous ဖြစ်နေပါတယ်။

"အမည်မသိ" လို့ ဘာသာပြန်နိုင်တဲ့ Anonymous ဆိုသူတွေဟာ အွန်လိုင်းမှာ ကျင်လည်သူတွေပါ။

Anonymous နဲ့ ပတ်သက်ပြီး ပေါ်ပြူလာသတင်းဂျာနယ်က အခုလို ရေးထားပါတယ်။

၂ဝ၁၁ ခုနှစ်အတွက် Best Hacking Group အဖြစ် Hacking Group တို့အား သတ်မှတ်ပါသည်။
ANONYMOUS တို့သည် အမှန်အားဖြင့်မူ အဖွဲ့အစည်း မဟုတ်။ ခေါင်းဆောင် မရှိ။ ဂုရု မရှိ။ အတိုင်ပင်ခံ မရှိ။ မူဝါဒ ရေးဆွဲသူ မရှိ။ သို့သော် ဆွေးနွေး တိုင်ပင်မှုများ မရှိဘဲ နည်းပညာသမားများ ပီသစွာပင် အားလုံး အချက်ကျကျ အချိတ်အဆက် မိမိ လှုပ်ရှားကြရာတွင် ကမ္ဘာကျော်ခဲ့သည်။ အိုင်တီသမား ဟူသည် ဥာဏ်ရည် မြင့်ပြီး သားဖြစ်၏။
သူတို့သည် ကွန်ပျူတာ ပရိုဂရမ်ရေး သကဲ့သို့သာ အလုပ် လုပ်လေ့ ရှိကြ၏။ ကွန်ပျူတာ ပရိုဂရမ်တစ်ခု ဟူသည် ရေးဆွဲသူက အလုံးစုံ မသိဘဲရေး၍ မဖြစ်။ ထို့ကြောင့် သူတို့သည် အလုံးစုံကို သိပြီးမှ သာလျှင် သူတို့ သိသလို ကွန်ပျူတာအား ခိုင်းစေနိုင်သူများ ဖြစ်ကြ၏။
ထိုနည်းတူစွာပင် ANONYMOUS တို့သည်လည်း သတင်းအချက် အလက်နည်းပညာကို အသုံးပြု၍ ကမ္ဘာကို ကိုင်လှုပ်ခဲ့ကြသည်။ HBGary Federal အား ထိုးနှက်မှု၊ Bank of America မှ အချက်အလက်များ ထုတ်ပြန်စေရေး၊ Operation Sony, Operation Anti-Security စသည်ဖြင့် လှုပ်ရှားမှု များစွာ ပြုလုပ် ခဲ့သည်။
သို့ရာတွင် ဘယ်သူတွေ ပူးပေါင်း ပါဝင်နေမှန်း မည်သူကမျှ ရေရေရာရာ မသိ။ ယုတ်စွ အဆုံး စီအိုင်အေတောင် မသိ။

ပရိသတ်က Anonymous ကို ထောက်ခံမဲ 395,793 မဲ၊ ကန့်ကွက်မဲ 27,303 မဲ ပေးခဲ့ကြပါတယ်။

တချို့ကလည်း ဒီ ဟက်ကာတွေက သူတို့ရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး ထောက်ခံမဲ လေးသိန်းနီးပါးရအောင် လုပ်သွားတာလို့ သံသယ ရှိကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်း ကမ္ဘာကျော်ပုဂ္ဂိုလ်တဦးဖြစ်လာတဲ့ သမ္မတဦးသိန်းစိန်က ထောက်ခံမဲ 11,630 မဲ၊ ကန့်ကွက်မဲ 4,890 မဲ ရပြီး အဆင့် ၅၂ မှာ ရှိနေပါတယ်။

အဆင့် ၁၄ ရောက်နေသူက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။

ထောက်ခံမဲ 45,688 နဲ့ ကန့်ကွက်မဲ 2,625 ရထားပါတယ်။

စစ်ခေါင်းဆောင်အဖြစ်ကနေ အရပ်သားအစိုးရသမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ကို ကန့်ကွက်သူက 4,890 ရှိပါတယ်။ ဘယ်သူတွေက ကန့်ကွက်ခဲ့သလဲ ဆိုရင် ဒေါ်စုကိုထောက်ခံသူများက ကန့်ကွက်ခဲ့တယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
ဒီအထင်မှန်မယ် ဆိုရင် (ဒေါ်စုကို ထောက်ခံမဲပေးခဲ့သူက လေးသောင်းခွဲ ရှိတယ် ဆိုတော့) ဒေါ်စုကို ထောက်ခံသူ ၁၀ ဦးမှာ ၁ ဦးကပဲ ဦးသိန်းစိန်ကို ကန့်ကွက်တယ် ဆိုတဲ့သဘော ဖြစ်နေပါတယ်။

ဒါတွေကတော့ ပရိသတ်စစ်တမ်းကို ပြောပြတာပါ။

Time မဂ္ဂဇင်း အယ်ဒီတာတို့ ရွေးချယ်တဲ့ ကမ္ဘာ့တလွှား သြဇာကြီးသူ ပုဂ္ဂိုလ် ၁၀၀ စာရင်း မကြာခင် ထွက်ပေါ်လာပါတော့မယ်။ ဒီလ ၁၇ ရက်နေ့မှာပါ။
အယ်ဒီတာများ ရွေးချယ်မှုမှာတော့ မြန်မာပြည်က ခေါင်းဆောင် ၂ ဦးစလုံး ပါဝင်မယ်လို့ ယူဆရပါတယ်။




1 comments :

  1. Anonymous said... :

    I gave both of them.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved