ကူဝိတ်ရောက် ရွှေမြန်မာတို့ ပြည်တော်ပြန်ဖို့ အခက်ကြုံ

Friday, April 20, 2012

ကူဝိတ်နိုင်ငံကို အလုပ်သမားရှာဖွေရေး အေဂျင်စီကနေ တဆင့်ရောက်သွားတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ စာချုပ်ထဲမှာပါတဲ့အတိုင်း လခမရတာက တကြောင်း၊ စာချုပ်ထဲမှာ ပါတဲ့အလုပ်ကို မလုပ်ရပဲ တခြားအလုပ်တွေ လုပ်နေရလို့ အဆင်မပြေဖြစ်နေကြရတယ်လို့ အလုပ်သမားတယောက်က ပြောပြပါတယ်။


သူတို့ဟာ ရန်ကုန်မှာ ရှိတဲ့ ရွှေအင်အား ကုမ္ပဏီကနေ ကူဝိတ်မှာ တလကို အမေရိကန်ဒေါ်လာ ၃၅၀ ကနေ ၄၀၀ နှုန်းနဲ့ ပန်းရံ၊ လက်သမား အလုပ်တွေ လုပ်ဖို့ စာချုပ်နဲ့ ၂၀၁၁ ခုနှစ်မှာ ရောက်လာကြတယ်၊ သူတို့အယောက် ၂၅၀ ထဲက ၈၄ ယောက်ဟာ မီနာ အဗ္ဗ အာလာ (Mina ‘Adb Allah) မြို့က ဆမ်ဆောင်းကုမ္ပဏီပိုင် စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ဝင်ကြရတယ်လို့ ဆိုပါတယ်။

အလုပ်လုပ်ရတဲ့ အခါမှာတော့ စာချုပ်ထဲမှာလို ပန်းရံအလုပ်မဟုတ်ပဲ မြေကျင်းတူးတဲ့အလုပ်တွေ လုပ်ရပြီး မြေကျင်းတူးတဲ့အခါ ကူဝိတ်စစ်တုန်းက လက်ကျန်ဗုံးတွေရဲ့ အန္တရယ်တွေ ရှိနေတာကြောင့် စာချုပ်ချုပ်ထားတဲ့ ပန်းရံ၊ လက်သမား အလုပ်ကိုပဲ လုပ်လိုကြတယ်လို့ ပြောပြပါတယ်။ လစာကလည်း အမေရိကန် ဒေါ်လာ ၂၀၈ ပဲ ရလို့ လစဉ် အိမ်ကို ငွေပြန်ပို့ဖို့ မတတ်နိုင်တဲ့အပြင် ကူဝိတ်မှာ နေထိုင်စားသောက်ဖို့ အခက်အခဲတောင် ရှိလာတာကြောင့် မြန်မာပြည်ကိုပဲ ပြန်ချင်တယ်လို့ မြန်မာလုပ်သားတယောက်က ပြောပါတယ်။


ဒါ့အပြင် လုပ်ငန်းခွင်က ကျွေးတဲ့အစားအသောက်တွေဟာ စာချုပ်ထဲမှာ ပါသလို မဟုတ်ပဲ ကျန်းမာရေးနဲ့ မညီညွတ်တာ၊ အလုပ်သမားတွေ ကို ကျန်းမာရေးထောက်ပံ့စရိတ် မပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လုပ်အားခ တိုးပေးဖို့၊ ကျန်းမာရေး ထောက်ပံ့မှုပေးဖို့နဲ့ အစားအသောက်ကောင်းတွေ စီစဉ်ပေးဖို့ မြန်မာနဲ့ ကိုရီးယား လုပ်သားတွေက ဆန္ဒပြတောင်းဆိုတော့ အလုပ်ရှင်က သဘောတူကြောင်း လက်မှတ်ရေးထိုးပေးပေမယ့် ၄ လကျော် ကြာလာတဲ့အထိ ဘာမှ မလုပ်ပေးဘူးလို့ ဆိုပါတယ်။

သူတို့တွေ မြန်မာပြည်ပြန်ဖို့မှာလည်း ပတ်စပို့တွေကို လုပ်ငန်းရှင်က သိမ်းထားတာတွေ ပြန်မပေးတာကတကြောင်း၊ လတ်တလောတော့ ပြန်မပို့နိုင်သေးဘူးလို့ ပြောတာကတကြောင်း၊ စာချုပ်မပြည့်သေးပဲ ပြန်မှာဖြစ်တဲ့အတွက် ရန်ကုန်က အလုပ်ကိုင်ရှာဖွေရေး အေးဂျင့်ကို တယောက်ကို ဒေါ်လာ ၁ ထောင် နှုန်းလျော်ရမှာ တကြောင်းတို့ကြောင့် အခက်တွေ့နေတယ်လို့ ပြောပါတယ်။

ဒီအခက်အခဲတွေကို ကူဝိတ်မှာရှိတဲ့ မြန်မာသံရုံးမှာ တင်ပြအကူညီတောင်းတော့ သံရုံးက သူတို့နဲ့ မသက်ဆိုင်ဘူး ဒါပေမယ့် ကုမ္ပဏီနဲ့ဆက်သွယ် ညှိနှိုင်းပေးမယ်လို့ ပြောတဲ့အကြောင်း၊ မြန်မာပြည်က အလုပ်သမားရေးရာ ၀န်ကြီးဌာနကို တင်ပြထားတဲ့အကြောင်းတွေသာ သိရပြီး ထူးခြားမှု တစုံတရာ မရှိလာဘူးလို့ ပြောပါတယ်။

လျော်ကြေး ပေးရသည်ဖြစ်စေ၊ ဖမ်းဆီးခံရသည်ဖြစ်စေ မြန်မာပြည်ကို အရောက်ပြန်မယ်လို့ ဆုံးဖြတ်ထားတဲ့ မြန်မာလုပ်သား ၆၄ ယောက်ကတော့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

2 comments :

  1. Anonymous said... :

    အလုပ်အကိုင်ဝန်ဆောင်မှု့လုပ်တဲ့ အေးဂျင့်တွေဟာ
    ဘာတာဝန်ယူမှု့မှမရှိပဲ တစ်နပ်စား ပြီးပြီးရောပြောဆို
    မလှိမ့်တပတ်လုပ်နေကြလို့ ဒီပြဿနာတွေဖြစ်ကြရတာ
    အကုန်လုံးကို ငွေဒါဏ်ထောင်ဒါဏ် လုပ်ငန်းပိတ်သိမ်းပြီး
    ပြင်းပြင်းထန်ထန်အရေးယူပါမှ နောက်နောင်
    အလားတူပြဿနာတွေ ကင်းရှင်းသွားမှာဖြစ်တယ်
    အဲဒီလိုမှမဟုတ်ရင် ဥပဒေဘောင်ထဲက လူကုန်ကူးနေတာ
    လူအရောင်းအဝယ် လုပ်နေကြတာပဲဖြစ်တယ်

  1. ရင် said... :

    အေးဂျင့်တွေက ရရင်ပြီးရော လုပ်တာတွေက မဟုတ်သေးပါဘူး။ ဟုတ်တယ်ဗျာ အဲဒါတွေက တရားဝင် လူကုန်ကူးနေကြတာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved