အန္တရာယ်အောက်က မြန်မာပြည် အပြောင်းအလဲ

Friday, April 27, 2012

Myanmar - Yesterday, Today and Tomorrow ဆိုတဲ့ မြန်မာပြည်အကြောင်း ဟောပြောပွဲတခုကို ဒီနေ့
(ဧပြီ ၂၇ သောကြာနေ့) ညနေပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား ဆရာမ၊ ဆရာများ တက်ရောက်ကြတဲ့ ဒီအစီအစဉ်မှာ ဧရာဝတီ သတင်းဌာန အယ်ဒီတာအောင်ဇော်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ Burma Partnership အဖွဲ့က မဥမ္မာ တို့က မြန်မာပြည်ရေးရာများ ဟောပြောခဲ့ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြောဆိုကြရာမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအကြောင်းအရာများလည်း ထိပ်တန်းက ပါဝင်ခဲ့ပါတယ်။
အပြောင်းအလဲတွေ ဖြစ်နေတယ်ဆိုလို့ အစစ အဆင်ပြေသွားမယ်လို့ မယူဆဘဲ မြန်မာပြည်အခြေအနေဟာ အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ပြောဆိုချက်တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ဧရာဝတီ သတင်းဌာန အယ်ဒီတာအောင်ဇော် ပြောဆိုချက်

အပြောင်းအလဲက အရမ်းမြန်တယ်လို့ ယူဆသူ ရှိသလို နှေးလွန်းတယ်လို့ သုံးသပ်သူလည်း ရှိတယ်၊ မြန်မာပြည်ကို မကြာသေးခင်က သွားရောက် ခဲ့ရာမှာ
အရမ်း ချမ်းသာတဲ့သူတွေကို မြင်ခဲ့ရသလို ဘာမှ စားစရာ မရှိဘဲ ငတ်ပြတ်ဆင်းရဲနေသူများကိုလည်း တွေ့ခဲ့ရပါတယ်။

အစိုးရခေါင်းဆောင်ပိုင်း တချို့ဟာ နေပြည်တော်မှာ လွှတ်တော် အပါအ၀င် အဆောက်အအုံကြီးတွေ ပေါ်ပေါက်လာတာကို ဂုဏ်ယူနေကြပေမယ့် အောက်ခြေမှာ ဖြစ်နေတာ၊ ဆင်းရဲငတ်ပြတ်နေတာတွေကို သတိပြုမိပုံ မရဘူး။

မြန်မာပြည်က သယံဇာတတွေကိုလည်း နိုင်ငံတချို့က ၀ါးမြိုနေကြတယ်၊ တခါတလေ တွေးမိတယ်၊ ငါတို့နိုင်ငံကို ဘယ်သူပိုင်သလဲ ဆိုပြီး။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ပတ်သက်ပြီး ပြောရရင် မနက်ဖြန် ရုပ်သိမ်းလိုက်ရင် ကောင်းမယ်လို့တောင် ပြောလိုက်ချင်တယ်။ အစိုးရခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်ကြီးတွေအတွက်က ဒါက အကြောင်းပြချက်ကြီးတခု ဖြစ်နေတယ် - ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နိုင်ငံမတိုးတက်ဘူးဆိုပြီး ခပ်တည်တည် ပြောနေကြတယ်။ တကယ်လို့ ရုပ်သိမ်းလိုက်လည်း နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ သူတို့မှာ အသင့်ရှိပုံမရ၊ ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာ သိပုံမရဘူး။

၁၉၈၈ မှာ ဆန္ဒပြပွဲချေမှုန်းမှုမှာ တာဝန်ကျတပ်မှူးကြီးတယောက် အခု ၀န်ကြီးတယောက် ဖြစ်နေပြီ။ အခု အင်မတန် ချမ်းသာနေပြီ။
အပြောင်းအလဲ ဖော်ဆောင်ရေးကို သူ စိတ်ဝင်စားပုံ မပြဘူး။ သူ့လိုမျိုး ခေါင်းဆောင်ပိုင်း အရေအတွက် ဘယ်လောက်ရှိမယ် မသိဘူး။

အတိုက်အခံနဲ့ တွဲပြီး ဆောင်ရွက်နိုင်တာ ဦးသိန်းစိန် တယောက်ပဲ ရှိသလို ဖြစ်နေတာက ဒါ အင်မတန် အန္တရာယ် ကြီးပါတယ်။


ဒေါက်တာသိန်းဆွေ၊ အောင်ဇော်၊ မဥမ္မာ


Burma Partnership မဥမ္မာ ပြောဆိုချက်

အပြောင်းအလဲကို ဦးစီးဖော်ဆောင်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ (ရွေးကောက်ပွဲက တက်လာတယ် ဆိုပေမယ့်) သူ့ကို အာဏာတန်ခိုးထက်(ခဲ့)တဲ့ ဗိုလ်သန်းရွှေက ဒီနေရာအတွက် ရွေးချယ် ခန့်ထားတာဖြစ်တယ်။

အစိုးရအဖွဲ့ဝင်တွေဟာ အပြောင်းအလဲကို တညီတညွတ်တည်း လုပ်နေသလား ဆိုတာ သံသယ ရှိစရာပါပဲ။
ဥပမာ - လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံဆည် စီမံကိန်းကို ဘယ်သူတားတား ဆက်လုပ်မယ် ပြောပြီး နောက်တနေ့မှာ ဦးသိန်းစိန်မိန့်ခွန်း ထွက်လာတယ် - မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့မယ် တဲ့။ ဒါက ဥပမာ ပြောတာပါ။
ဒီလို အရေးကြီးတဲ့ အကြောင်းအရာတွေကို အစိုးရပိုင်းထဲမှာ မညှိနှိုင်းကြဘူးလား၊ စကားမပြောကြဘူးလား၊ ဒါ မြန်မာပြည်အတွက် အန္တရာယ် ကြီးပါတယ်။

လက်ရှိ မြန်မာပြည်အပြောင်းအလဲတွေအတွက် ဆိုပြီး ဥရောပသမဂ္ဂရဲ့ တုံ့ပြန်နေပုံက စိတ်ပျက်စရာပဲ။ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးရာကနေ ဆုတွေချည်းပဲ ပေးတဲ့ပုံစံ ဖြစ်နေတယ်။


(နေရာတိုင်းဖြစ်နေတဲ့ မြေသိမ်းမှု၊ ယာသိမ်းမှုတွေကို ၂ ယောက်လုံးက ထောက်ပြကြပါတယ်)

အခမ်းအနားမှူး ဒေါက်တာသိန်းဆွေ ပြောဆိုချက်

နိုင်ငံတကာက မြန်မာပြည်ကို ကူညီနေကြတယ်၊ မြန်မာပြည်အရေးကို ၀င်ရောက်ဖြေရှင်းနေကြတယ်၊ ကျင့်ဝတ်သိက္ခာရှိရှိ ကူညီကြဖို့၊ ဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။




2 comments :

  1. Anonymous said... :

    ဒါလေးနဲ့ပြီးသွားရောလား။ အပြည့်အစုံဆိုပိုကောင်းမှာ။

  1. Anonymous said... :

    "ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် နိုင်ငံမတိုးတက်ဘူးဆိုပြီး ခပ်တည်တည် ပြောနေကြတယ်။ တကယ်လို့ ရုပ်သိမ်းလိုက်လည်း နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ သူတို့မှာ အသင့်ရှိပုံမရ၊ "
    သိပ်ကို မှန်တဲ့ စကား ဖြစ်ပါသည်.....
    တိုင်းပြည် မတိုးတက်ရခြင်း ၏ အရင်းခံမှာ...
    ၁)မိမိ အကျိုးစီးပွား ကိုသာ ရှေ့ရှု့ပြီး မလုပ်သင့် မလုပ် ထိုက်သည်များ ကိုပင် လုပ်ဆောင်ကြပါသည်။
    ၂)မိမိ ၏မတရား ရှာဖွေထားမှုကို ကာကွယ် ရန် အလိုဌာ မတရား ရှာဖွေသူ အချင်းချင်း ရိုင်းပင်း ကာကွယ် ကြသည်။
    ၃) တိုင်းပြည် အတွက် ဆိုသည်မှာ မိမိကိုယ်ကျိုး ၏ ဆယ်ပုံ တစ်ပုံ လောက်ပင် ဂရုမစိုက်
    ၄)အခြား အချက်များစွာ ရှိပါသည်.... အဓိက ဆိုလိုချင်သည်မှာ အစိုးရ အဖွဲ့ဝင့် လူကြီးများ၏ အဓိက ကိုယ်ကျိုး ရှာမှုကြောင့် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved