Facebook က ဓာတ်ပုံအတွက် $ သန်းတထောင် သုံးပြီ

Tuesday, April 10, 2012

အင်စတာဂရမ် ကို iPhone မှာ စမ်းနေပုံ (photo by AP)

Facebook စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်/ဓာတ်ပုံရှယ်ရာမှာ အင်မတန်အဆင်ပြေတဲ့ Instagram လို့ ခေါ်တဲ့ ဓာတ်ပုံနည်းပညာဆိုင်ရာ ကုမ္ပဏီကို ၀ယ်လိုက်ပါပြီ တဲ့။
ဒေါ်လာ သန်းတထောင်နဲ့ ၀ယ်လိုက်တယ်လို့ ဆိုပါတယ်။
Googlesတို့ Apples တို့ထက် သာအောင်လို့ ၀ယ်လိုက်တာလို့ အိုင်တီဆရာများက သုံးသပ်ကြပါတယ်။

မနက်ခင်း မုန့်စားတဲ့ပုံကနေ ညနေပိုင်း ရည်းစားနဲ့တွေ့ချိန်အဆုံး တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်တတ်သူတွေ နှစ်သက်ကြတဲ့
Instagram အကြောင်းကို ဧရာဝတီ ၀က်မာစတာ ကိုသားကြီးက အခုလို ရှင်းပြပါတယ်။

"ဓာတ်ပုံတွေ ရိုက်ပြီး တွစ်တာ၊ ဖေ့စ်ဘုတ်တို့လို ကွန်ရက်တွေကနေ ဖြန့်ကြ ရှယ်ကြတဲ့နေရာမှာ အင်စတာဂရမ် (Instagram) ကို အရမ်း သုံးကြတယ်၊ အခမဲ့ သုံးလို့ရတယ်၊ ပိုက်ဆံပေးစရာ မလိုဘူး။ တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး အဲဒီပုံကို အလွယ်ကူဆုံး ပြင်ဆင် ပုံပြောင်းနိုင်တယ်။ မှိန်မလား၊ အလင်းများအောင် လုပ်မလား။ ပြင်လို့အရမ်းခက်တာကို ပြင်လို့ အရမ်းလွယ်အောင် လုပ်ထားတယ်။ ပုံကို တည်းဖြတ်ဖို့ စက္ကန့်ပိုင်းပဲ ကြာတယ်။ ဒါကြောင့် တယ်လီဖုန်းနဲ့ အခုပဲ ဓာတ်ပုံရိုက်၊ အခုပဲ အွန်လိုင်းပေါ်တင်ကြတဲ့သူတွေ အရမ်း ကြိုက်ကြတယ်"

Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg ကတော့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာမှာ အင်စတာဂရမ် အကြောင်း မနေ့က ဒီလို ရေးထားပါတယ် -

"ဒီလိုဝယ်လိုက်တာဟာ Facebook ရဲ့ အရေးပါတဲ့မှတ်တိုင်ကြီးတခုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သုံးစွဲသူ အင်မတန်များတဲ့ ကုမ္ပဏီတခုကို ပထမဆုံးအကြိမ် ၀ယ်လိုက်တာကြောင့်ပါပဲ" တဲ့။

ဒီလိုဝယ်ယူတာမျိုး အများကြီးဆက်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပါတယ်။


1 comments :

  1. Anonymous said... :

    Great!!! I like it

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved