နေပြည်တော်မှာ အလုပ်သမား သမဂ္ဂ ၂ခု ဖွဲ့

Thursday, May 10, 2012


မန္တလေးတိုင်း လယ်ဝေးမြို့နယ်တွင် အလုပ်သမား သမဂ္ဂ ၂ခု ဖွဲ့စည်းပြီး
ဘစောတင်

မန္တလေးတိုင်း လယ်ဝေးမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ ၂ခုကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သတင်းရရှိသည်။

ယင်းသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် ရန်ကုန် အခြေစိုက် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ဦးဆောင် စည်းရုံးပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့မှ ကော်မတီဝင် ဒေါ်အိရွှေစင်ညွန့်က ဧရာဝတီသို့ ပြောသည်။

´ နေပြည်တော်ဝန်းကျင် လယ်ဝေးမြို့နယ်မှာ သမဂ္ဂ ၂ခုကို ဧပြီလ ၃၀ ရက်နေ့ ကျမတို့ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။ ဒီသမဂ္ဂကို စနစ်ကျ စည်းမျဉ်းတွေ ရေးဆွဲပြီးနောက်မှာ တရားဝင် ရပ်တည်နိုင်ရေးအတွက် အစိုးရဆီမှာ မှတ်ပုံတင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မှတ်ပုံမတင်ရသေးတာရယ်။ ဒီလို သမဂ္ဂဖွဲ့ရတာဟာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ အဘက်ဘက်က ဖိအားတွေ ရှိပါတယ်။ ပူးပေါင်းပါဝင်ချင်ပေမဲ့ အနှစ်နှစ်အလလက သံမှိုနှက်သလို စွဲနေတဲ့ အကြောက်တရားတွေကြောင့်လည်း ပါဝင်ချင်ပေမဲ့ မရဲတဲ့သူတွေ ရှိနေသေးတာကြောင့် ကျမတို့လည်း သိုသိုသိပ်သိပ် လုပ်ရတဲ့အခါလည်း ရှိပါတယ်´ ဟု သူမက ဆိုသည်။

ဦးသိန်းစိန် အစိုးရ ရုံးစိုက်ရာ နေပြည်တော် ၀န်းကျင်တွင် သမဂ္ဂများ ပေါ်ပေါက်လာအောင် ကြိုးစားရသည်မှာ ခက်ခဲသော်လည်း ယခုကဲ့သို့ အကောင်အထည်ဖော်နိုင်လိုက်ခြင်းကြောင့် ၀မ်းသာရကြောင်းလည်း သူမက ဆက်လက်ပြောဆိုသည်။

လယ်ယာစိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂခေါင်းဆောင်မှာ ဦးစိုးဖြစ်ပြီး ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂ ခေါင်းဆောင်မှာ ဦးချစ်ကိုကို ဖြစ်ကြောင်း ဒေါ်အိရွှေစင်ညွန့်၏ ပြောပြချက်အရ သိရသည်။

ယခုသမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ဦးဇော်မြင့်အောင်နှင့် ဒေါ်အိရွှေစင်ညွန့်တို့ ကမကထပြု ဦးဆောင်လမ်းညွှန်ပေးခဲ့ကြသည်ဟု ဆောက်လုပ်ရေး သမဂ္ဂအဖွဲ့ ခေါင်းဆောင် ဦးချစ်ကိုကိုက ပြောသည်။

´ကျနော်တို့ဘ၀တွေက တုံးအောက်ကဖါးတွေလို ဖြစ်နေကြတာ။ ဒါကြောင့် ကိုယ်တွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေ အတွက် တိုက်ပွဲဝင်ဖို့ သမဂ္ဂလိုတယ်ဆိုတာကို သဘောပေါက်လာလို့ ပြီးတော့ ရန်ကုန်မှာ အခုဆိုရင် အလုပ်သမား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းတည်ထောင်ခွင့် ရနေတာကို တွေ့နေရတာရယ်နဲ့ ရန်ကုန်က လူကြီးတွေကလည်း ကမကထပြုပြီး ကိုယ်တွေနဲ့ တသားတည်း ရပ်တည်ပေးလာလို့ ကျနော်တို့ ဒီသမဂ္ဂကို တည်ထောင်နိုင်သွားတာပါ´ ဟု ဆိုသည်။

လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီကို ၂၀၁၂ ခုနှစ် မတ်လ ၉ ရက်နေ့က စတင်ဖွဲ့စည်း ခဲ့သည်။ ယင်းကော်ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနှင့် စတင်ဖွဲ့စည်းခဲ့ဖြင်း ဖြစ်သည်။ အများစုမှာ အလုပ်သမားအရေးကို စိတ်ဝင်စားသော နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဖြင့် ဖွဲ့စည်းထားသည်။

ယင်းကော်မတီကို ဖွဲ့စည်းပြီးနောက် လှိုင်သာယာမြို့နယ်မှ Excel Garment ၊ Popular နှင့် Ever First အထည်ချုပ် စက်ရုံများမှ အလုပ်သမားများ ပါဝင်သော ချည်မျှင်နှင့် အထည်ချုပ်စက်ရုံ အလုပ်သမားများ သမဂ္ဂနှင့် မင်္ဂလာဒုံမြို့နယ် အတွင်းမှ ဆောက်လုပ်ရေး အလုပ်သမားများ ပါဝင်သော အခြေခံ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် အလုပ်သမား သမဂ္ဂတခုကို ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်သည်။ ထို့ကြောင့် ယခု အသစ် သမဂ္ဂ ၂ ခုပါဆိုလျှင် ယင်း လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ထွန်းရေး ကော်မတီမှ ၃လအတွင်း အလုပ်သမား သမဂ္ဂ ၅ခုကို ဖွဲ့စည်း လိုက်နိုင်ပြီ ဖြစ်သည်။

ယင်းတို့ထဲမှ အခြေခံ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂမှာ ယခုအခါ တရားဝင် မှတ်ပုံတင်ကျပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ စက်ရုံ အလုပ်ရုံများမှ တာဝန်ရှိသူများ သူဌေးများသည် အလုပ်သမား အခွင့်အရေးနှင့် အလုပ်မသား ရပိုင်ခွင့်များကို လျစ်လျူရှုကာ အလွန်နည်းပါးသော လစာများဖြင့် အလုပ်စေခိုင်းလျှက်ရှိသည်။

ယခုရက်ပိုင်း အတွင်း၌ပင် လှိုင်သာယာ စက်မှုဇုန်မှ Hi-mo အမည်ရှိ ဆံပင်တု စက်ရုံမှ အလုပ်သမ ၂၀၀ကျော်သည် လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုလျှက် ရှိသည်။ ယင်းတို့ရရှိသော လစာအနိမ့်ဆုံး အလုပ်သမားတဦး၏ အခြေခံလစာမှာ တလလျှင် ၈၅၀၀ သာရှိရာ လက်ရှိ မြန်မာငွေလဲနှုန်းဖြင့်ဆိုလျှင် အမေရိကန် ၈ ဒေါ်လာ သာသာနှင့် ညီမျှပြီး ထိုင်းဘတ် ၃၀၀ ကျော်ခန့်သာ ရရှိကြောင်း တွေ့ရသည်။

ယင်းသို့ တရားမျှမှုမရှိသော ကိစ္စများအပါအ၀င် အလုပ်သမား အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် တိုက်ပွဲဝင်ရန် မြန်မာနိုင်ငံအနှံ့အပြားတွင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်လာရေးအတွက် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ အကြံပေးခြင်း ကူညီခြင်းများ ပြုလုပ်ပေးလျှက်ရှိကြောင်း ဒေါ်အိရွှေစင်ညွန့် ပြောပြချက်အရ သိရသည်။






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved