မိခင်တဦးရဲ့ တမ်းချင်း

Thursday, May 10, 2012



ဘာရာဒွါဂျာ (မြန်မာပြည်)



မြန်မာစာပေမှာ တမ်းချင်းတို့၊ ညည်းချင်းတို့ဆိုတဲ့ ကဗျာလေးတွေ ရှိပါတယ်။ တမ်းချင်း ဆိုတာကတော့ တမ်းတလွမ်းမောတဲ့ သဘော သက်ဝင်ပြီးတော့ ညည်းချင်းကတော့ ညည်းညူတဲ့သဘော သက်ဝင် ပါတယ်။ ကျွန်မကတော့မိခင်တဦးအဖြစ် ပြောဆိုသံတွေဟာ ညည်းချင်းတော့ ဘယ်တော့မှ မဖြစ်နိုင်ဘူး လို့ ထင်လို့ တမ်းချင်းလို့သာ ဆိုလိုက်ပါတော့တယ်။

မိခင်ရဲ့ညည်းချင်းဟာ စာဆိုများရဲ့ ညည်းချင်းလို ခိုင်မြဲမှု ကင်းပါတယ်။ စေတနာတွေ၊ မေတာတွေ က လွှမ်းခြုံထားသမို့ တခဏအတွင်းမှာပဲ ပျောက်ကွယ်သွားတာပဲလေ။ ဒါဆိုမိခင်ရဲ့ တမ်းချင်းဟာ ဘာများဖြစ်နိုင် ပါလိမ့်။ လောဘတွေလား၊ အဲဒီ့နောက်ကပါလာမယ့် ဒေါသတွေ၊ မောဟတွေလား ဒါမှမဟုတ် မက်မော တွယ်တာ စရာတွေ လား။ အချစ်တွေလား။ သံယောဇဉ်တွေလား။ အာဃာတတွေ လား။ မချိတင်ကဲဖြစ်မှုတွေလား။ သံသယ တွေလား။ မကျေနပ်မှုတွေလား ဆိုတော့ ကျွန်မရင်ထဲ အားလုံး ရြေွာပမ်းမွှေနှောက်နေပါပြီကော။

တမ်းတဖွယ်ရာလို့ ဆိုတော့ မနှစ်မြို့စရာကောင်းတဲ့ခံစားမှုတွေဟာ မိခင်ဖြစ်တဲ့ကျွန်မ အတွက် သိပ်မကြာတဲ့ ကာလအပိုင်းအခြားမှာပဲ မှေးမှိန် ပျောက်ကွယ်သွားပြန်ပါလေတော့ မိခင်တဦးရဲ့ ခံစားချက်ဟာ တမ်းတမျှော် လင့်ခြင်းတွေနဲ့ပဲ ပြည့်နှက်ပြန်တယ်လို့ ဆိုရင်လည်း မမှားတန်ကောင်းပါဘူး။

မိခင်ဖြစ်လာမယ်မှ မကြံသေးဘူး၊ ကျွန်မမှာတော့ မိခင်လောင်းဖြစ်စကပဲ ရင်သွေးလေးကို အသား ညိုမှာကြောက်ရ၊ အသားမည်းလေး ထွက်လာမှာ စိုးရိမ်ရ။ အင်းလေ ကျွန်မကလည်းအသား ညို၊ ခင်ပွန်းသည်က လည်း အသားညိုဆိုတော့ မည်းများမည်းသွားရင်ပေါ့။ Ultrasound ရိုက်လို့ သမီးလေးမှန်းလည်းသိရော အပူလေး တပူက ဆောင့်ပြန်တာက ငါ့သမီးလေး တအားများ ချောနေလှနေရင်လည်း ဒုက္ခ၊ ရုပ်ချောလွန်းတော့ မျက်နှာများသူ ဖြစ်တတ်ပြန်တာကိုး။ ရုပ်က ဆိုးနေပြန်လည်း သူ့ခမျာ အားငယ်ရှာမှာကို စိတ်ပူလိုက်ရနဲ့ မိခင်တဦးရဲ့ တမ်းချင်းဟာ မောဟိုက်စရာပါပဲ။

မိခင်ဖြစ်လာတဲ့နေ့ကစလို့ ကျွန်မမှာ လောဘတွေဟာ ဦးနှောက်တခုလုံးမှာ ထိန်းမနိုင် သိမ်းမရကို နေရာယူလိုက်တာ ကလေးတွေ ကြီးလာတဲ့အထိပါပဲ။ အမေဟာ သားတွေ သမီး တွေကို အကောင်းဆုံးတွေအားလုံးကို ပိုင်ဆိုင်စေချင်တယ်လေ။ သားကို ကျွန်မဘဝရဲ့ အုတ်တံတိုင်းကြီး ဖြစ်စေချင်သလို သမီးလေးကျပြန်တော့လည်း ဧည့်ခန်းထဲက ပန်းလေးတပွင့်လို တင့်တယ်စေချင်လိုက်တာ။ ကလေးတွေအဖေကျပြန်တော့လည်း ကိုယ်ကျင့်တရားလေး ကောင်းစေချင်လွန်းလိုက်ရတာ၊ ပွဲလေးလမ်းလေးရှိလို့ အရက်လေး နည်းနည်း သောက်လာရင်ပဲ ကျွန်မမှာ ပုတီးကြီးတန်းလန်းနဲ့ အမျက်ဒေါသက မပြေနိုင်။ ငါ့သားငါ့သမီးတွေ ဂုဏ်ငယ်ရချည်ရဲ့ပေါ့။ ဒီတော့ ဉာဏ်ကြီးရှင် သမီးက မေမေ့မှာလည်း လောဘတွေ၊ အတ္တတွေနဲ့ လောင်မြိုက်နေလိုက်တာ မေမေရယ်လို့ မှတ်ချက်ချယူရတဲ့အထိပါပဲ။

မိခင်ဘဝဆိုတဲ့လမ်းကိုလျှောက်ခဲ့တာ ဆယ်စုနှစ်နဲ့ ရေတွက်လိုက်ရင် နှစ်စုမက သုံးစုနီးပါးရှိလာတဲ့အခါ မိခင်ဟာ တကယ်တော့ တမ်းချင်းတပုဒ်ကို ထွက်သက်ဝင်သက် ကုန်တဲ့အထိများ ရေးသွားနေမလားဆိုတဲ့ ကြောင့်ကျစိတ်ကလေးဟာ ကျွန်မရင်ထဲ ရှိနေတာအမှန်ပါပဲ။ အာနာပါနကိုသိပေမယ့် သိတဲ့နေရာလေးက ရွေ့လျားမသွားနိုင် တဲ့ ကျွန်မလိုမိခင်တွေ ဘယ်လောက်များ ရှိပါလိမ့်။

မိခင်ဟာ သားသမီးများအတွက် စစ်သူကြီးဆိုရင် သူဘယ်လိုတိုက်ပွဲတွေကို ငြိမ်ငြိမ်လေး လူသူလေးပါးမသိ အောင် ဆင်နွှဲခဲ့ရပါလိမ့်။ မိခင်ဟာ သားသမီးများအတွက် ဂီတစာဆိုတဦး ဆိုရင်ကော၊ သူဟာ ညပေါင်းများစွာ ဘယ်သူမှမသိအောင် အိပ်ရေးအပျက်ခံပြီး သံစဉ်တွေကို ရှာခဲ့ရပါလိမ့်။ မိခင်ဟာ သားသမီးအတွက် ဘဏ္ဍာတိုက် ကြီးဖြစ်ရင် မိခင်ရဲ့ ဦးနှောက်ဟာ ကြင်ဖော်တောင် မသိလိုက်ဘဲ ဂဏန်းပေါင်းစက်တလုံးဖြစ်ခဲ့တာ ကြာခဲ့ပါပကော။

ဘဝရဲ့အောင်မြင်မှုဟာ မိခင်တဦးအတွက် သားသမီးလေးတွေရဲ့ ထွက်ပေါ်လာတဲ့ သဏ္ဌာန်ပေါ်မှမူတည် နေတယ်လို့ ဆိုပြန်တော့ စာကျက်ပျင်းတဲ့သားငယ်ရဲ့ မသိကျိုးကျွန်ပြုလိုက်တဲ့ဟန်လေးကို မြင်ယောင်မိဆဲပါပဲ။

မေမေ့ဘဝရဲ့မှတ်တိုင်ဟာ မေမေ့သားတွေ၊ သမီးတွေရဲ့ အောင်မြင်မှုပဲလို့ ခဏခဏပြောတဲ့အခါ ခင်ပွန်းသည်က ကြီးကျယ်ရန်ကောဆိုတဲ့ မျက်နှာထားနဲ့။ ဒါဟာ တကယ့်ကို အမှန်တရားလို့ ကျွန်မကဆိုတဲ့အခါ သားသမီးမကောင်း၊ မိဘခေါင်း ဆိုတော့ ... ။ ကျွန်မ ချန်ထားရစ်ခဲ့မယ့်မှတ်တိုင်လေးတွေ အတွက် ကျွန်မ ရေရွတ်လိုက်တဲ့ တမ်းချင်းတကြောင်းဟာ ပန်းလျစရာပါပဲ။

သိမ်မွေ့နူးညံ့တဲ့လမ်းကိုလျှောက်နေတဲ့ ကျွန်မရဲ့ မိခင်ဆိုတဲ့ မြေနီလမ်းလေးဟာ ကြမ်းတဲ့အခါလည်းကြမ်းသလို ချောမွေ့တဲ့အခါလည်း သိပ်ကိုနှစ်လိုဖွယ်ပါပဲ။ ကျွန်မဟာ လောကဓံရှစ်ပါးကို နားလည်ပေမယ့် အော် ... သားသမီးနဲ့ကျတော့ လက်တွေ့မခံစားနိုင်တာ ... မိခင်လား သမီးရယ်။

မိခင်ဟာ သူငယ်ချင်းနဲ့လည်းတူရပြန်တော့ ကျွန်မဟာ ခေတ်နဲ့အမီလိုက်ရပြန်ရော။ မျောလွင့်နေတဲ့တိမ်- စိတ္တဇဆန်တဲ့ဒီမိုးများကိုလည်း သိအောင် လုပ်ရသလို… အင်တာနက်ရဲ့chattingကိုလည်း မျက်စပစ်ရပြန်သေး။ မိခင်ဟာ သားသမီးတွေရဲ့ ယုံကြည်မှုကို ရယူသင့်ပြန်တော့ ကျွန်မရဲ့တမ်းချင်းဟာ လွမ်းမောဖွယ်မဟုတ်တော့ပြန်ဘဲ အင်တာနက်ခေတ်ရဲ့ အမြင်တွေကို ဆွေးနွေးနိုင်အောင် ကြိုးပမ်းရပြန်ပါရောလား။

ငါ့အတွက်ရောလို့ ခဏခဏမေးတတ်တဲ့ ခင်ပွန်းသည်ကိုတော့ အပြုံးနဲ့သာတုံ့ပြန်ပြီး စိတ်ထဲကတော့ ကျွန်မ တူမလေးတယောက် လင်ကောင်းသားကောင်း ရသွားတာကို စဉ်းစားရင်း ငါ့သမီးလေးလည်း အဲသလိုဆို သိပ်ကောင်းမှာပဲ ဆိုတဲ့အတွေးသာ ကြီးစိုးနေတာဖြင့် ဘယ်သူမှတောင် မရိပ်မိလိုက်ပါဘူး။ သမီးရေ ရည်းစား ထားရင် လူသိအောင် မထားရဘူး၊ အင်း ... အိမ်ထောင်ပြုရင်တော့ လူသိရှင်ကြားပြုရတယ်လို့ ကျွန်မမကြာခဏ ပြောရင်း ... အင်းလေ ကိုယ်က ပြောပဲပြောနိုင်တာ နားမှထောင်ပါ့မလားဆိုတဲ့ သံသယစိတ်ကလေးက တစွန်းတစ။ ကိုကို ... သားက အရွယ်တော်တော်ရောက်လာပြီနော် ... မအေပြောလို့ မတင့်တယ်တဲ့ ဆောင် ရန်၊ ရှောင်ရန်လေးတွေ ပြောဦး၊ ကျွန်မပြောရင် ကလေး နားရှက်မှာစိုးလို့၊ ရောဂါတွေကလည်းကြောက်စရာ ကောင်းပါဘိနဲ့နော် လို့ ပြောပြန်တော့ သြော်... ကျွန်မကပဲ သည်းသတဲ့၊ လွန်လွန်းအားကြီးသတဲ့။

စစ်သူကြီး ကျွန်မ လက်နက်ချရတာလည်း ခင်ပွန်းသည်အပေါ် အကြိမ်ကြိမ်ပေါ့၊ သြော်... တမ်းချင်းကို ဆိုရရင်တော့ မကုန်နိုင်အောင်ပါပဲ။ မိခင်ဖြစ်မှတော့ အလံဖြူကို သားအတွက်ပြရ၊ သမီးအတွက်ပြရပေါ့။ ကျွန်မဘဝဟာ မိခင်အဖြစ်ရောက်ခဲ့ရလို့ မြင့်မြတ်လှပါတယ်ဆိုရင် ... ကျွန်မရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေဟာ အဖြူရောင်လောဘတွေ၊ အဖြူရောင်ဒေါသတွေ၊ အဖြူရောင်အတ္တတွေပဲ ဖြစ်ပါလိမ့်မယ်။

graphic - www.cfswestern.mb.ca


1 comments :

  1. Anonymous said... :

    Very good ... i'm so proud of my mom

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved