ငကန်းတွေ သေမှာ ကို စိုးသတဲ့လား … နောက်ထပ် ငစွေတွေ မပေါ်အောင်သာ ကြံဆ

Thursday, May 31, 2012

(ဦးဝင်းတင်)

ကျုပ်တို့ တိုင်းပြည်ကြီး ကမ္ဘာ့ အမွဲဆုံး အဆင်းရဲဆုံး ဘိုင်အကျဆုံး နိုင်ငံ အဆင့် ရောက်ခဲ့တယ်ဗျ။ တိုင်းပြည်မှာ ဆန်ရေစပါး အလျှံအပယ် ထွက်ခဲ့တယ်ဗျာ။ သယံဇာတ တွေ အလျှံအပယ် ကြွယ်ဝ ခဲ့တယ်ဗျာ။ အဖိုးတန် ကျောက်မျက် ကျောက်စိမ်းလို ထိတ်ထိတ်ကြဲ ရတနာ တွေ ၊ စိန်ခဲတွေ ၊ မြခဲတွေ ထိန်ထိန် ကျဲ ခဲ့တယ်ဗျာ။

တခြားပြောပြစရာ လက်ညိုးထိုး ပြစရာ ထွက်ကုန်တွေကလည်း အမှန်တကယ် အောတိုက်အောင် ပေါလိုက် တာဗျာ။



ဒါဖြင့် ဘယ်လိုကနေ ဘယ်လို၊ မြန်မာ့ စီးပွားရေး ခွေးကတတ်ရောက် သွားရတာလဲ။ အံ့ရောဗျာ…အံ့ရော။ အဲဒါပဲ ပြောတတ်တော့တယ်။ ကျိုးသင့် ကြောင်းထိုက် လူတိုင်း စိတ်ကြိုက်တွေ့အောင်တော့ ပြောမပြ တတ်တော့ဘူး။

ကမ္ဘာကျော် စီးပွားရေး ပညာရှင်တွေ ၊ ၀င်လိုက်ကြ ထွက်လိုက်ကြ လာလိုက်ကြ သွားလိုက်ကြ တ၀ုန်းဝုန်းပေါ့။ တသဲသဲပေါ့။ ပညာရှင် စကားတွေ ပါးစပ် အမြှုပ်တဖွားဖွား သီးအောင် ပြောကြ ဖော ကြ နည်းပေးကြ လမ်းပြ ကြ ပေါ့။ ဘာပြောကောင်းမလဲ။ နိုင်ငံတော် စီးပွားရေး အောင်တော့မယ်။ ချမ်းတော့မယ်။ စိမ်းတော့မယ်။ လန်းတော့မယ်။ စိုတော့မယ်။ ရွှဲတော့မယ်ပေါ့။ ထင် တလုံး နဲ့ ရွှင်ပြုံးလိုက်ကြတာ။

အောင်မလေးဗျ။ ငယ်သံပါအောင် ဟ စ် ကြ၊ ငိုကြ၊ ညည်းကြပေတော့။ ယိုတယ်ဗျို့။ ဆင်းရဲတဲ့ လူထု အိပ်ခန်းတွေ၊ ခေါင်မလုံ လို့ မိုးရေတောက်တောက်ယို ၊ ရွှဲရွှဲစို ကုန်ကြရတယ်လေ။ ထမင်းငတ်သူတွေ၊ ဒူးနဲ့ မျက်ရည် သုတ်နေကြရတဲ့သူ တွေ ၊ ရွှဲရွဲစို ငိုကြီးချက်မ ဘ၀ မလှ ဖြစ်နေကြရတယ်လေ။

ဒါတွေ ထားပါတော့လေ။ တိုင်းသိ ပြည်သိ သူသိ ငါသိ ကမ္ဘာသိ သမိုင်းထဲက ဖြစ်ရပ်ဆိုး တွေ ကို အသာထား လိုက်ပါဦး။ အသာမထား နိုင် ဘဲ ၊ ကမ္ဘာကြားအောင် တအားကျုံးအော်ပြီး ပညာရှင် ပဂေး တို့ကို မေးခွန်း ထုတ်ရမယ့် ကိစ္စ က ရှိသေးသဗျ။

အဲဒီ မေးခွန်း က၊ စစ်အာဏာရှင် တွေ၊ ကျိကျိတက် ‘ ထော လာတာ သိတယ်နော်။ အဲ.. တိုင်း သူ ပြည်သား လူအများကတော့ ဖွတ်ကျော ပြာစု ခရု အဆန်ကျွတ် ဖြစ်ကြ ရတာလည်း သိတယ်နော်။

နောက်တခု ဆက်မေးရမယ့် မေးခွန်း ရှိသေးတယ်။ ကဲ ဟုတ်ပါပြီ။ ဒါဖြင့် ဒီ ဇွတ်ထော နဲ့ ဖွတ်ကျော ဇာတ်လမ်း မှာ ဗီလိန် ( လူကြမ်း လူဆိုး လူညစ်) က ဘယ်သူလဲ။

ဒီနေရာမှာ ကျုပ်ပြောချင်တဲ့ ဇာတ်လမ်းက စပြီ။ ဒေါက်ခနဲ ကောက်ကာ ငင်ကာ ပြောရရင် ဗီလိန် က ခရိုနီ တွေပေါ့ဗျာ။။ ဂျာနယ်တစောင် က၊ ခရိုနီ ကို ၊ အစိုးရ နဲ့ နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် လို့ စေတနာ ဗရပွ နဲ့ လှလှကလေး ဘာသာ ပြန်သေးသဗျ။ ကျုပ်က စေတနာ တော့ ရှိပါရဲ့။ လှလှလေး ဘာသာ မပြန်တတ်လို့ ငမြွေထိုး ခေါင်း ပိသာလေး နဲ့ ထုသလိုလို အာဏာ ကပ်ပါးစီးပွားရေး ဓါးပြများလို့ တဲ့တိုးကြီး ကင်ပွန်း တပ်လိုက်ရတယ်ဗျာ။

အဲဒီ ဓါးပြတွေ ဟာ ဘယ်သူတွေ လဲ ဆိုတာ အားလုံး သိကြပါတယ်နော်။ သိရင်လည်း ပြီးရော။ ကျုပ်က သူတို့ အကြောင်း ပြောချင်တာ မဟုတ်ဘူး။ ပြောနေလည်း ဘာမှ မထူးပါဘူး။ အာဏာ ကပ်ပါး စီးပွါးရေး ဓါးပြ ဆိုတဲ့ အတိုင်း လက်ဝါးကြီးအုပ် စီးပွားရေး လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ လယ်သမားတွေ ရဲ့ စိုက်မြေ- ပျိုးမြေတွေ အဓ္ဒမ သိမ်းတယ်ဗျာ။ မြေလျှိုး မိုးပျံ လုပ်ငန်းကြီး တွေ လုပ်တယ်ဗျာ။ စက်လုပ်ငန်းကြီးတွေ တိုက် လုပ်ငန်းကြီးတွေ ဘဏ်လုပ်ငန်းကြီးတွေ လုပ်တယ်ဗျာ။

အဲဒီ လုပ်ငန်းရှင်ကြီးတွေ က၊ သူတို့ကို မွေးစား ခိုင်းစား တဲ့ အာဏာရှင် ကြီးတွေ ထက်တောင် ချမ်းသာ ကြွယ်ဝ ဘောဂ သူဌေးကြီးတွေ ဖြစ်ကြတယ်။

ဒီနေ့ ပြည်သူတွေက အသံကုန်ဖြဲ ပြီး၊ အသံကွဲ ကြီး တွေ နဲ့ အော်လာကြပြီ။ လက်ဝါးကြီး အုပ်တာတွေ မလိုချင်။ စီးပွားရေး ဓါးပြ တွေ လက်ရှောင်။ အာဏာ ကပ်ပါး တွေ ဇာတ်သိမ်းကြ ။ ပြည်သူလူထု က ဆင်းရဲတွင်း နက်နက်ကြီး ထဲက နစ် နေကြတယ်ဗျ။

ဒီလို ပြည်သူတွေ ဖွတ်ကျော ပြာစု တွေ ရဲ့ အော်သံ ဟစ်သံ တွေ အကြားမှာ အာဏာရှင် ကပ်ပါး စီးပွားရေး ဓါးပြ တွေ ကို အောင်နိမိတ် နဲ့ အောင်ဘိသိတ်သွန်း တဲ့ အသံဆိုးကြီး တသံ ၀န်ကြီး ဌါန တခု ရဲ့ ဆွေးနွေးပွဲ က ပေါ်ထွက်လာတယ်ဗျ။

အဲဒီ ငှက်ဆိုးထိုးသံလို အသံက ဒီလိုတဲ့ဗျာ။

‘ခရိုနီတွေကို ပြန်သုံးရမယ်။ ကောင်းတဲ့ နေရာမှာ ပြန်အသုံးချ လို့ ရတယ်။ မဟုတ်ရင် သူတို့ အပြင်ထွက် သွားကြမယ်။ အကုန်ပါသွားမှာ။ တိုင်းပြည် အတွက် လုပ်ချင်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောတဲ့ အခါ ဒေါ်စု လည်း ဒီ ဟာ ကို သဘောတူတယ်’ တဲ့။

ဟုတ်လား။ ဒေါ်စု က သဘောတူ တယ်တဲ့လား။ ဟား ဟား ဟား ။ ကျုပ်ကတော့ ဒီလို တောရမ်းပယ်ဖွဲ့ စကားမျိုး ချောကလက် အတောင့်လိုက် စားပြီး ပြောတောင် မယုံရေးချ မယုံဗျ။

အကုန်ပါသွားမှာ…တဲ့လား။ ကုန်စမ်းပါစေဗျာ။ ကျုပ် လူပြိန်းစကားပဲ ပြောမယ်။ တိုင်းပြည်ကြီး အာဏာ ကပ်ပါးတွေ စီးပွားရေး ဓါးပြတိုက်လို့ တာတေလံ အောင် မွဲပြာကျနေပြီဗျ။ သူတို့ တိုက်ရာပါ ဥစ္စာ ခိုးရာပါ ပစ္စည်းတွေ ကို ၊ ခါးပိုက်နှိုက် အလစ်သုတ် သလို ၊ ကဲ့ထုတ် သွားကုန်မှာ စိုးသတဲ့လား။ မပူပါနဲ့။ ငကန်းသေ ငစွေ မပေါ်အောင်သာ ဆုတောင်းပါလေ။ ဒီလို ပြည်သူ့ ဘဏ္ဍာ ကို မဟာ သူခိုး ဓါးပြ တွေ ကူးတို့ခ သယ်သလို ပြည်ပ သယ်သွားကြတာ ၊ အာဏာရှင် နိုင်ငံတွေ မှာ ဗြောင်းဆန်အောင် ပေါများ ခဲ့တယ်ဗျ။ သမိုင်းခေတ်တွေ သက္ကရာဇ် နှစ် တွေ နဲ့ ချီ လို့တောင် ကြာတောင်း ကြာလှခဲ့ ပြီဗျ။ ဖိလစ်ပိုင် ကြည့်မလား ဗီယက်နာမ် ကြည့်မလား အင်ဒိုနီးရှား ကြည့်မလား အရှေ့အလယ်ပိုင်း ကြည့်မလား တောင်အမေရိကား နိုင်ငံတွေ ကြည့်မလား ၊ အာဖရိက နိုင်ငံတွေ ကြည့်မလား။

အာဏာ ကပ်ပါး ခရိုနီ စီးပွားရေး ဓါးပြ များ နဲ့ ပတ်သတ်လို့ ၊ စီးပွားရေး ပညာရှင် ဦးဟန်ထွန်း ( အခွန်) ပြောတဲ့ စကား က မှတ်သားစရာ ကောင်းတယ်။ ဦး ဟ န် ထွန်း က….

‘ ပြီးခဲ့တဲ့ ရာဇ၀င်ကို ပြန်ကြည့်ရင် ခရိုနီ တွေ က၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ၊ ပေါ်ပေါက်လာအောင် ဖန်တီးပေးခဲ့တာ နည်းတယ်။ ကုန်ထုတ်လုပ်ငန်း တွေကို ထိထိရောက်ရောက် လုပ်ခဲ့တာ နည်းတယ်။ အမြတ်အစွန်း လွယ်လွယ်ကူကူ ရမယ့် အလုပ်တွေကို လုပ်နေတာ များတယ်။

ဦး ဟ န်ထွန်း ဆက်ပြောခဲ့တဲ့ စကားကို နားထောင်ကြည့်ပါ။ ‘ ဆင်းရဲသား လုပ်သား ပြည်သူ ကောင်းကျိုး အတွက် သူတို့ ဘာတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစားစေချင်တယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မူ အထောက်အကူ ပြုစေရန် ဘာလုပ်ငန်းတွေ လုပ်ခဲ့သလဲ ပြန်စဉ်းစား သင့်တယ်။

မဆုံးသေးဘူး။ ဆက်ပြောသေးတယ်။

‘ အရင်တုန်းက အတိုင်းပဲ။ အာဏာပိုင် ပုဂ္ဂလိက တွေ နဲ့ နှီးနွယ်တဲ့ စီးပွားရေး လုပ်ငန်း မျိုး အခွင့်အရေး တွေ ယူပြီးတော့ မိုနို ပိုလီ (လက်ဝါးကြီးအုပ်) အလုပ်မျိုး ကိုတော့ ခွင့်မပြုသင့်တော့ပါဘူးတဲ့။

ကိုင်း….ကိုင်း တော်လောက်ပါပြီ။

ခရိုနီတွေလို သူခိုးလမ်းပြ ၊ ဓါးပြ လက်ထောက်ချ လုပ်နေတဲ့ ဂုရုကြီးကို မကြားတကြား ပြောချင်တဲ့ စကားကတော့

‘ ခရိုနီတွေ အပြင် ( ပြည်ပ ) ထွက်ကုန်ရင် ခင်ဗျားကြီးပါ နောက်တော်ပါး က၊ အခစါး လိုက်သွားဗျာ ။ သူခိုးတွေ ရဲ့ စီးပွားရေး အကြံပေး အရာရှိ သာ လုပ်စားဗျာ….’

သြော် မေ့လို့..မေ့လို့..။

စာကြွင်း စကားကြွင်းလေး ဆက်ပါရစေဦး။

အဲဒီ ငှက်ဆိုးထိုးသံ ကြီးကို တိုင်းသိ ပြည်သိ ပြောပေါ်မှာ ရွှေ….. ရွှေ…. ရွှေ…. ( စကားထစ်နေတာ ခွင့်လွှတ်ပါဗျာ ) ကြော်ငြာ ထုတ်သူက…သာမျင်ညောင်ည ချောင်ကြားက မောင်ဖား တဲ့လား။ မဟုတ်ဘူးဗျ။



နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရဲ့ စီးပွားရေး အကြံပေး အဖွဲ့ ဥက္ကဌ တဲ့။။။

By - ဦးဝင်းတင်

7 comments :

  1. ဘဘ..

    မှန်လိုက်တာဗျာ.....ဒီလိုလူတွေကို တိုင်းပြည်ကနေ အရင်မောင်းထုတ်ရမှာ...

    ပညာရှိယောင်စောင်တွေ..

  1. Tomahawk said... :

    Sayargyi U Win Tin,
    many thanks for the article.
    please write more about these thugs.
    i am pretty sure you are really disgusted about that thug
    come to your headquarter office and was playing guitar.

  1. Anonymous said... :

    Thein Sein did choose his advisers wrong.

  1. Anonymous said... :

    They are more than Parasite.

    They are, like Fresh-Eating Bacteria.

  1. Unlce,
    Bravo to your brave article.

  1. Anonymous said... :

    ဘဘခင်ဗျား-
    ဘဘ ပြောတာ သိပ်မှန်တယ်။ ဘဘ ရေးထားတာလဲ အရမ်းကောင်းတယ်။
    နောင်လဲ ဒီလိုမျိုး ပညာရှင်အမည်ခံသူတွေရဲ့ လွဲမှားတဲ့ အတွေးတွေကို ဖော်ထုတ် တိုက်ဖျက်ပေးပါ ဘဘ။
    ဘဘ ကျန်းမာပါစေ။

  1. Anonymous said... :

    လူထုမပါပဲဘာမှလုပ်လို့မရဘူးဆိုတာလက်ခံတယ်။ ဒါပေမယ့် ခေါင်းဆောင်မပါပဲလည်း ဘာမှလုပ်လို့မရဘူး ဆိုတာသိရမယ်။ ဒီအခြေအထိရောက်လာတာ နည်းလမ်းမှန်လို့ဒီအခြေအနေအထိ ရောက်လာတာပဲ။ ဗမော် တင်အောင်ဆို သိပ်တော်တဲ့လူပဲ ပညာ၊စိတ်ဓာတ်၊အရည်အချင်း၊နိုင်ငံရေးခံယူချက်ပြောစရာ မရှိဘူး။ ဒါပေမယ့် ထောင်ထဲမှာပဲသေကုန်တယ်။သူ့စိတ်ဓာတ်တစ်ခုတည်းကောင်းနေပြီးတော့ ဒီလောက်ကောင်းတဲ့ဦးနှောက်ကို ပြည်သူကိုသုံးခွင့်မပေးနိုင်ပဲ။သေရွာယူသွားတယ်။ ဘယ်လောက်သမျှောဘို့ကောင်းသလဲ။ အမှန်အမှားဆိုတာ ကျွန်တော်က ရလဒ်နဲ့ပဲဆုံးဖြတ်မယ်။ ခု ကြားဖြတ်ရွေးကောက်ပွဲ နေရာတိုင်းမှာနိုင်တယ်။ နေပြည်တော်မှာ တောင်နိုင်တယ်။ ဒါပေမယ့် စန္ဒာမင်းကိုသိလို့ မဟုတ်ဘူး။ဇေယျာသော်ရဲ့အရည်အချင်းကို ကြိုက်လွန်းလို့မ ဟုတ်ဘူး။ဒီနေရာမှာ စန္ဒာမင်းဟာ အရင်က ခရိုနီဖြစ်နေခဲ့လည်းထည့်ကြမှာပဲ။ အဓိက ကစစ်တပ် အဖွဲ့အစည်း အားနည်းသွားဖို့ပဲ။နောင်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်နိုင်လာပြီး။ စစ်မှန်တဲ့ရွေးကောက်ပွဲတွေပေါ် လာတဲ့အခါ ကျွန်တော်တို့အစစ်အမှန်တွေကိုရွေးချယ်လာနိုင်မှာပဲ။ အစကောင်းမှအနှောင်းသေချာမယ်ဆိုပြီး ခုကတဲက အကောင်းဆုံးတွေပဲရွေးကြမယ်ဆိုရင် ၂၀၁၅ မှာသေချာပေါက်ရှုံးမှာပဲ။ ၁၉၉၀ ရွေးကောက်ပွဲ ပြည်မှာရှုံးခဲ့တယ်။ ဒေါက်တာခင်မောင်ဝင်းက ဗိုလ်မှူးသိန်းဇံကို တပ်ကလူမို့ မဲမထည့်ဖို့ပြောလို့ မဲကွဲပြီးရှုံးခဲ့ တာပဲ။ ကျွန်တော်တို့ဗိုလ်ချုပ်က ဂျပန်ဆိုတာကောင်းတဲ့ကောင်တွေမဟုတ်ဘူး၊နယ်ချဲ့ကောင်တွေ၊ ဒါကြောင့် မပေါင်းနိုင်ဘူးဆိုရင် ခုထိတောင်လွတ်လပ်ရေးရမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်က တကယ်ကြည့်ရင်ရလဒ်ကိုပဲ ကြည့်တာသိနိုင်တယ်။ ဂျပန်ဖြစ်ဖြစ်၊ဗြိတိသျှ ဖြစ်ဖြစ် သူ့ကိုကူညီနိုင်ရင်ပေါင်းတယ်။ အကျိုးမရှိတော့ဘူးဆိုရင် ချပြစ်တာပဲ။လောကမှာ အဖွဲ့အစည်းတစ်ခုတည်းဝင်မိပြီးပြီဆိုရင်ထွက်ဖို့သိပ်ခက်တယ်။ကျန်တာမပြောနဲ့ အ ရက် သမားအဖွဲ့ သုံးယောက်လောက်စုပြီးအရက်သောက်တယ်။ အဲဒီထဲက တစ်ယောက်က အရက်ကို စိတ်ကုန်လို့ အရက်ဖြတ်ဖို့ကျိုးစားတယ်။ မသောက်တော့ဘူး ဒါပေမယ့်အချိန်တန်တော့ ဟိုနှစ် ယောက် ကလာခေါ်တယ်။ လုပ်မနေပါနဲ့ လာစမ်းပါ။ဘာညာပြောပြီးခေါ်တော့ အားနာပြီးပြန်သောက်ဖြစ် ရော။ ဥူးပုဒ် စောင့်ဖို့သွားမှာကို မသွားချင်လို့ နေခဲ့လို့ရပေမယ်။ ဓါးပြတိုက်သွားမှာ ငါမလိုက်ချင် တော့ဘူးကွာ ဆိုရင် သတ်ပစ်ကြမှာပေါ့။ ဒီလိုပဲနိုင်ငံရေးကပိုဆိုးတယ်။ တော်ပြီကွာငါတော့ မင်းတို့လို မလုပ်ချင်တော့ဘူး။ ပြည်သူတွေကို အနိုင်ကျင့်ပြီးရတဲ့ပိုက်ဆံမျိုးကို ငါကြောက်သွားပြီ။ ငါမှန်မှန်ကန် ကန်ပဲလုပ်တော့မယ် ဆိုရင်။ ဒီကောင်အန္တရာယ်ကောင်၊ရှင်းပြစ်မှဖြစ်တော့မယ်။ ဒီလိုမျိုးဖြစ်ကုန်မယ်။ ဒါကြောင့်မို့ခရိုနီဖြစ်ဖြစ်ဘာဖြစ် ကောင်းတဲ့ဘက်ကို လာချင်ရင်ခေါ်ရမှာပဲ။ မွေးကတဲ ခရိုနီမိဘကမွေးတဲ့ ခရိုနီ ကလေးလေးဆိုတာမရှိပါဘူး။ ဒီတိုင်းပြည်မှာ ရိုးရိုးသားသား စီးပွားရှာစားလို့ ဒုက္ခရောက်နေတဲ့လူတွေဒုနဲ့ဒေးနဲ့ရှိနေတယ်။လူများစုဟာ ထမင်းစားဖို့လုပ်တဲ့နေရာမှာ သိက္ခာကိုရှေ့တန်းတင်နေနိုင်မှာ မဟုတ်တော့ဘူး။ ဒီလိုပြောလို့သိက္ခာရှေ့တန်း တင်ပြီးအသက်ထက်တန်ဘိုးထားတဲ့သူတွေမရှိဘူးလို့မပြောပါဘူး။ ရှားရှားပါးပါး အာဇာနည်စိတ်ရှိတဲ့ လူတွေ ရှိတာ သိပါတယ်။ ဒါပေမယ့်ဒါ မြန်မာမှာ တစ်ရာပြည့်အောင်ရှိမှာမဟုတ်ဘူး။ သန်း ၆၀ လုံးလုံးသိက္ခာ ထိန်းနိုင်ရင်တော့ မှန်တာပေါ့။ဘယ်အာဏာရှင်မှ မဟုတ်တာလုပ်လို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအချိန်က စစ်အစိုးရဟာ သူတို့လုပ်ချင်တာလုပ်တာ သိက္ခာရှိတဲ့ သတ္တိရှိတဲ့လူတွေတော့မသတ်ပါဘူးလို့မထင်လေနဲ့။ ၆၀ လုံးသတ်ဖို့လိုပြီဆိုရင် သတ်မယ့်ကောင်တွေ ဘီလူးသဘက်တွေဖြစ်နေပြီ။ ခုချိန်မှာတော့ စိတ်ကောင်းဝင်ပြီး ပြုပြင်ချင်တဲ့ လူတစုပေါ်လာတယ်။ အကောင်းက အားသာလာတယ်။ ဒီအချိန်မျိုးမှာ လုပ်မနေပါနဲ့ကွာ မိုက်စရာရှိတာဆက်မိုက်ကြတာပေါ့ ဆိုတဲ့လူတွေဆီပြန်ထည့်မလား။ မင်းဟိုတုန်းက မကောင်းတဲ့ကောင်ခု လည်းကောင်းမှာ မဟုတ်ဘူး ဆိုပြီးပြောကြရင် ရလဒ်ကောင်းတွေရှိလာမှာပဲလို့ယုံနေတာလားဗျာ။
    နောက်ဆုံးပြောမယ် ခရိုနီတွေနဲ့ဆက်ဆံတာ ခရိုနီတွေဆီက အလှူငွေလက်ခံတာ ပြသနာမဟုတ်ပါ။ ခရိုနီတွေကို ဒေါ်စုလည်းမတော်တရော် အခွင့်ထူးတွေပေးပြီဆိုရင်တော့ ကိန်းသေပြသနာပါ။
    စိုးမင်း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved