ဦးသိန်းစိန် နေကောင်းသွားပြီလား?

Monday, May 21, 2012


သမ္မတဦးသိန်းစိန်က မနေ့က ကျရောက်တဲ့ သူ့ရဲ့ အသက် ၆၇ နှစ်ပြည့် မွေးနေ့ကို ရန်ကုန်မြို့နေအိမ်မှာ ကျော်ဖြတ်ခဲ့ဖွယ် ရှိပါတယ်။

သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေ ထွက်မလာသေးပါဘူး။

အစိုးရသတင်းစာတွေကလည်း သမ္မတကျန်းမာရေးသတင်းကို မရေးကြပါဘူး။ (လူတွေသိချင်တဲ့သတင်းကို လက်ရှောင်တာဟာ သူတို့ရဲ့ မူဝါဒ ထင်ပါရဲ့)

ဒီပတ်ထုတ် The Voice Weekly သတင်းဂျာနယ်မှာတော့ "နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရခြင်းသာဖြစ်ပြီး အသက် ၆ဝ ကျော် အမျိုးသားများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း" သမ္မတကျန်းမာရေးစောင့်ရှောက်မှု အထူးအဖွဲ့နဲ့ နီးစပ်သူ အထူးကုဆရာဝန်ကြီးတဦးက ပြောပါတယ် လို့ ရေးထားပါတယ်။

စနေနေ့က ထွက်လာတဲ့ AFP သတင်းတပုဒ်မှာလည်း ဦးသိန်းစိန် ပြန်သက်သာလာပါပြီ “He has a cold but he is well now” ဆိုပြီး သမ္မတအိမ်တော် အရာရှိတဦးကို ကိုးကား ရေးထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း ရန်ကုန်မြို့နေအိမ်မှာ အနားယူနေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် မနေ့ကနဲ့ ဒီကနေ့ သမ္မတကျန်းမာရေးသတင်း ထပ်မကြားရတော့ပါ။

ကျန်းမာရေးမကောင်း၊ သာသနာ့ဘောင်ဝင်နေတယ် ဆိုတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသတင်းကလည်း စုံးစုံးမြုပ်နေပါတယ်။

နေပြည်တော်က သမ္မတရုံး အင်တာနက်စာမျက်နှာ နဲ့ အစိုးရသတင်းထုတ်ပြန်ချက်တွေမှာတော့ ဒုသမ္မတ နောက်တဦးဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ လှုပ်ရှားမှု အများအပြားကို တွေ့နေရပါတယ်။

2 comments :

  1. Anonymous said... :

    စာကို မှားပြီးနှစ်ခါ ထည့်ထားတယ်

  1. Admin said... :

    စာကို ၂ ခါ ထည့်လိုက်မိပါတယ်။
    ပိုနေတာကို ဖျက်လိုက်ပါပြီ။
    ကျေးဇူးပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved