မှားတဲ့ ဆုံးဖြတ်ချက်တစ်ခု လုပ်မိမှာ ကြောက်တယ် သင်ဇာဝင့်ကျော်

Sunday, May 27, 2012


စကားပြောရင် ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်ပြီး အင်တာဗျူး မေးလာခဲ့ရင်လည်း စိတ်ထဲရှိတဲ့ အဖြူထည်အတိုင်း ဖြေတတ်တဲ့ သူကတော့ လူငယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။

သူနဲ့စကားပြောတဲ့အခါ ကျလာတဲ့ ဝါကျလေးတွေကို ခုလို စုစည်းကြည့်လိုက်တော့…
လျော့ပါးသွားတဲ့ ဆင်ဆာမူဝါဒနဲ့ ပတ်သက်ပြီးတော့ရော …..
ဆင်ဆာတွေ ဘာတွေ လျော့ပေးလိုက်တယ်ဆိုတော့ သင်ဇာတို့ဖက်က ကြိုးစားပြမယ့် အခွင့်အရေးတွေ ရှိလာတာပေါ့။

ဆင်ဆာက အဝတ်အစားသာမက ရိုက်ကူးဖို့ အပိုင်းတွေပါ လျော့တော့မယ် ဆိုတော့ အများကြီး ကောင်းလာမှာပါ။

ဆင်ဆာမရှိတုန်းကနဲ့ ရှိတဲ့အခါတုန်းက ဘာတွေ ကွာခြားသွားလဲ….
အရင်တုန်းကဆို စကတ်ဆိုရင် ဒူးဖုံးရမယ်ဆိုပြီးတော့ ပါတယ်။ အခုတော့ မရှိတော့ဘူးပေါ့။ အဲဒါကို ပြောချင်တာပါ။

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကားကြီးမှာ ဘယ်နေရာကနေ သရုပ်ဆောင်ချင်လဲ။
မမှန်းရဲဘူး။

ဒါကလည်း ကိုယ့်ထက်ဝါရင့်တဲ့ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ ပေါင်းပြီး လုပ်ကြတဲ့ အလုပ်တစ်ခုဆိုတော့ ကိုယ်လိုမျိုး အသစ်တစ်ယောက်က ဘာမှဝင်မပြောချင်ဘူး။

တကယ်လို့ သူတို့လာပြီး ခေါ်တဲ့အခါကျရင်လည်း ရိုက်ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီဇာတ်ကားကြီး ထွက်လာတဲ့ အခါကျရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားကြီး တစ်ကားဖြစ်မှာ ကျိမ်းသေပါတယ်။

အဲဒီဇာတ်ကားကြီးကရော နိုင်ငံတကာက အရည်အသွေး မီတဲ့ဇာတ်ကားကြီး ဖြစ်နိုင်မယ်လို့ ထင်ပါသလား။
ဒါကတော့ ရိုက်မယ့် ဒါရိုက်တာပေါ် မူတည်ပါလိမ့်မယ်။

အခုဆိုရင် NLD ပါတီအတွက် အနုပညာရှင် တော်တော်များများ မဲဆွယ်စည်းရုံးရေး ဆင်းနေတယ်လို့ ကြားရပါတယ်။ သင်ဇာကရော။

ကိုယ့်ဘက်က လုပ်နိုင်တာလေးတွေကို လုပ်ဖြစ်မှာပါ။ ဘယ်အရာလေး တစ်ခုမဆို ကိုယ်လုပ်လိုက်လို့ ဆုံးဖြတ်ချက် ချလိုက်လို့ အကုန်လုံး ကောင်းသွားမယ်ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဆိုရင်တော့ လုပ်ဖြစ်မှာပါ။ အခုချိန်မှာ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုလုပ်မိမှာကိုလည်း ကြောက်မိတယ်။

နိုင်ငံရေး ပြောင်းလဲလာသလို အနုပညာ လောကလည်း ပြုပြင်တိုးတက် ပြောင်းလဲသွားမယ်လို့ ထင်ပါသလား။
အဲဒီလောက်ထိလည်း သင်ဇာသိလည်း မသိချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ကိုယ့်အနုပညာ ကိုယ်လုပ်နေရတယ်ဆိုရင် တော်ပါပြီ။ အဲဒီလောက်ထိလည်း မတွေးဘူး။

ဒီနှစ်ထဲမှာရော သင်ဇာ့အနေနဲ့ ကာရိုက်တာ ထူးထူးခြားခြား ရိုက်ကူးထားတဲ့ ဇာတ်ကားမျိုး ရှိပါသလား။
“မှော်ဝင်ကျားသစ်” ဆိုတဲ့ ဇာတ်ကားရိုက်ထားတယ်။ လူကနေ မှော်ဝင်ပြီး ကျားသစ် ပြောင်းသွားတာပေါ့။

ဘာပဲဖြစ်ဖြစ် ရိုက်နေကျ ဇာတ်ကားမျိုးတွေထက်စာရင်တော့ ထူးဆန်းတယ်လို့ ထင်ပါတယ်။
အကယ်ဒမီ မှန်းနိုင်မယ့် ဇာတ်ကားမျိုးတွေရော ရိုက်ကူးတာ ရှိပါသလား။

ရှိပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ ဇာတ်ကားတစ်ကားမှာ လုပ်ကွက်တော်တော်လေး ရထားတယ်။ အဲဒီဇာတ်ကားက ဟာသရော၊ ဒရာမာရော ပေါင်းထားတာ။

ကိုယ်တစ်ယောက်တည်း ဒရာမာ လုပ်ရတာ။ ဒါပေမဲ့ အဲဒီဇာတ်ကားထက် ကောင်းတဲ့ဇာတ်ကားမျိုးတွေ ပါလာရင်တော့ ဘယ်တတ်နိုင်မလဲပေါ့။

မင်းသမီး သင်ဇာဝင့်ကျော်ကို အရပ်သူ သင်ဇာဝင့်ကျော်က ဘာတွေထိန်းချုပ်ထားပါသလဲ။
အရပ်သူ တစ်ယောက်ကတော့ မင်းသမီးကို ဘယ်လိုမျိုးမှ မထိန်းချုပ်နိုင်ဘူး။

ကိုယ့်ကိုယ်ကိုယ် မင်းသမီး ဖြစ်နေတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အရပ်သူဘဝမှာ အဆင်ပြေအောင် နေရတာလေ။ အရပ်သူ သင်ဇာဝင့်ကျော်က မင်းသမီး သင်ဇာဝင့်ကျော်ကို ထိန်းချုပ်နိုင် စွမ်းမရှိပါဘူး။

တစ်ခါတလေ လူမသိသူမသိတဲ့ လက်ဖက်ရည်ဆိုင်မျိုးမှာ ထိုင်ချင်မိတဲ့ စိတ်မျိုးရှိလား။
ဒါပေမဲ့ ဒီမှာက ဘယ်သွားသွား လူကသိနေတာလေ။ (ရယ်လျက်) ကိုယ်ဘယ်ကို သွားသွား လူသိတဲ့နေရာကိုပဲ သွားတာလေ။ လူမသိဘူးထင်တဲ့ နေရာတွေလည်း ရှိချင်ရှိခဲ့မယ်။

သင်ဇာက အဲဒီလိုမျိုးနေရာတွေ မသွားဘဲနဲ့ လူသိတဲ့ နေရာမျိုးတွေပဲ သွားတာများတယ်။ သင်ဇာကျတော့ သွားတဲ့နေရာက လူသိတဲ့ နေရာဆိုတော့ လူတိုင်းသိပါတယ်။

သင်ဇာဝင့်ကျော်နဲ့ ချွတ်စွပ်တူတဲ့ ကောင်မလေးတစ်ယောက်နဲ့ လမ်းမှာမျက်နှာချင်းဆိုင် ဆုံမိခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။

သွားမေးဖြစ်မှာ သေချာတယ်။ အဖေအမေ ဘယ်သူလဲ ဆိုတာပေါ့။ (ရယ်လျက်) ညီမတွေ ဘာတွေများ ဖြစ်နေမလားပေါ့။

သင်ဇာဝင့်ကျော်က တခြားလူတစ်ယောက်ကို “သင်ဇာ့ကိုသိလား” လို့ မေးတဲ့အခါ တခြားတစ်ယောက်က မသိဘူးလို့ ပြန်ဖြေရင် ဘာလုပ်ဖြစ်မလဲ။

အများကြီး ကြုံဖူးတယ်။ သင်ဇာကလည်း မင်းသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် တခြားတစ်ယောက်ကိုလည်း ညီမကို သိလားလို့ တစ်ခါမှ မမေးဖူးဘူး။ သူများကသာ မိတ်ဆက်ပေးပြီး ဒါကသင်ဇာဝင့်ကျော်လေ။

တခြားတစ်ဖက်ကလည်း သြော်ဟုတ်လား မသိဘူးလေဆိုပြီး လုပ်တာတွေလည်း ရှိခဲ့ဖူးတယ်။ မသိလို့လည်း ဖြစ်မယ်။ သိရဲ့သားနဲ့ လုပ်တာလည်း ဖြစ်မယ်လေ။ ဒါကလည်း လူအမျိုးမျိုး စိတ်အဖုံဖုံလေ။

သင်ဇာစိတ်လည်း မဆိုးပါဘူး။ သိတဲ့သူတွေရှိရင် ကိုယ် အောင်မြင်တာပေါ့။ မသိရင် မသိတဲ့သူတွေ သိအောင် ထပ်ကြိုးစားရမှာပေါ့။

မြို့လယ်ခေါင် ဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးတော့ ကျွန်မ သင်ဇာဝင့်ကျော်ပါလို့ ပြောရဲပါသလား။
မဖြစ်နိုင်တဲ့ဟာမျိုးတော့ မစဉ်းစားမိဘူး။ သေချာတာကတော့ အဲဒီလိုမျိုး လုပ်တဲ့သူက အချိန်တွေ တော်တော်အားနေလို့ ဖြစ်မယ်ထင်တယ်။

အော်စကာပွဲမှာ သင်ဇာဝင့်ကျော်ကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။
အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေမှာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ပွဲမျိုးကို တက်ဖို့ကတော့ စိုးရိမ်စိတ်၊ ကြော်က်ရွံစိတ်တော့ ရှိနေမှာတော့ သေချာတယ်။

ဒါပေမဲ့ အဲဒီလို ပွဲမျိုးက ကိုယ့်ကို ဖိတ်တဲ့အတွက်ကြောင့် အကောင်းဆုံး ပြင်ဆင်ပြီးတော့ တက်ဖြစ်မှာ သေချာပါတယ်။

သဘာဝတရားကို လွန်ဆန်တဲ့ အလှတရားတွေကို ကြိုက်နှစ်သက်ပါသလား။
ကြိုက်ပါတယ်။ ဒီခေတ်မှာက ဒီလိုဟာမျိုးတွေပဲလေ။ ဘန်ကောက်ဆိုရင် ဒီလိုဟာမျိုးတွေချည်းပဲ။

ကိုရီးယားဆိုရင် ဒီလိုမျိုးတွေချည်းပါပဲ။ ရန်ကုန်ဆိုရင်လည်း တဖြည်းဖြည်း ဒီလိုဟာမျိုးတွေချည်းပဲ ဖြစ်လာပြီ။ အလွန့်အလွန် မဟုတ်ဘဲ လိုအပ်တဲ့ နေရာမျိုးဆိုရင် လက်ခံပါတယ်။ မျက်နှာတစ်ခုလုံး၊ ခန္ဓာကိုယ်တစ်ခုလုံး ပြုပြင်ထားတာမျိုးဆိုရင် လက်မခံဘူး။ ကိုယ့်မှာ Original ဆိုတာ မရှိတော့ဘူး။ နည်းနည်းပါးပါးဆိုရင် လက်ခံပါတယ်။

သင်ဇာခံယူထားတဲ့ တကယ့် အလှတရားဆိုတာ ဘာဖြစ်နိုင်မလဲ။
မိန်းကလေးတစ်ယောက် အနေနဲ့ ပြင်ဆင်မထားတဲ့ အလှတရား၊ ရေချိုးပြီးခါစ မိတ်ကပ်တွေ ဘာတွေ လိမ်းမထားတဲ့ အနေအထားက တကယ့်သဘာဝ အလှတရား စစ်စစ်တစ်ခုပါ။

သင်ဇာဆိုရင်လည်း တချို့မိန်းကလေးတွေ မိတ်ကပ် မပြင်ဆင်ဘဲနဲ့ လှနေတဲ့ မိန်းကလေးတွေ တွေ့ရင် အားကျပါတယ်။

သင်ဇာဝင့်ကျော် သဘောကျလက်ခံတဲ့ ယောက်ျား အမျိုးအစားက ဘာဖြစ်နိုင်မလဲ။
ပုံပန်းသဏ္ဍာန်ဆိုရင်၊ အရပ်ရှည်ရှည်၊ ထောင်ကောင်းကောင်း၊ ဗလကောင်းကောင်း ရုပ်ဖြောင့်ပေါ့။

စိတ်ဓာတ်ဆိုရင်လည်း နားလည်မှုရှိပြီး ယောက်ျားပီသတဲ့ စိတ်မျိုးရှိပြီး စိတ်ထားကောင်းရမယ်။
အခုလက်ရှိ ဘဝလက်တွဲဖော်ကရော သင်ဇာ့ရဲ့ စိတ်ကြိုက်နဲ့ညီလား။

အခုချိန်ထိ သင်ဇာ့ဘဝမှာ သင်ဇာအရမ်းကြိုက်တဲ့ ယောက်ျားမျိုးကို မကြုံဖူးသေးဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ယောက်ျားတိုင်းက မကောင်းနိုင်ပါဘူး။ Perfect မဖြစ်နိုင်ဘူး။ သင်ဇာက Perfect ဖြစ်တဲ့ ယောက်ျားမျိုးကိုပဲ လိုချင်တာ။ ဒါပေမဲ့ ရမှာလည်း မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ရော Perfect ဖြစ်တယ်လို့ ယုံကြည်လား။

ကိုယ့်ကိုယ်ကိုယ်လည်း Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ သင်ဇာက ဘယ်အရာမဆို အကောင်းစားတွေပဲ ကြိုက်တတ်တယ်။ ပစ္စည်းတွေလည်း အကောင်းစား၊ ကိုယ်ကြိုက်တဲ့ သူကလည်း ပြီးပြည့်စုံတဲ့ လူစားမျိုးဖြစ်နေမှ ကြိုက်တာပါ။

Online ပေါ်မှာ သင်ဇာနဲ့အတူ တခြားမင်းသမီး တစ်ယောက်တွဲပြီး ရိုက်ကူးထားတဲ့ ပုံက Sexy အထာနည်းနည်း ကျတယ်နော်။

အဲဒါက အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ သူငယ်ချင်း တစ်ယောက်နဲ့ အပျော်တမ်း ရိုက်ဖြစ်တဲ့ ဓာတ်ပုံပါ။ သူတို့နဲ့ အဆင်မပြေတဲ့ အခါကျတော့ သူတို့က blackmail လုပ်ပြီး တင်လိုက်တဲ့သဘောပါ။




ဘာမှလည်း မပြောချင်ပါဘူး။ မိန်းကလေး သူငယ်ချင်း ခင်မိလို့ ယုံမိပြီး ရိုက်လိုက်မိတာ။ သူတို့ကို ယုံစားလို့ မရတဲ့ တစ်နေ့မှ ကိုယ့်ကို သူတို့က ဒီလိုမျိုး လုပ်လိုက်တာပေါ့။

ဟိုးအရင်တုန်းကလည်း အဲဒီလိုမျိုး ခံရဖူးတယ်။ သူငယ်ချင်း တစ်ယောက်ကို ယုံကြည်မှု ထားတဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး ဖြစ်တာပေါ့။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ လူပိုသိသွားတာပေါ့။

အဲဒီဓာတ်ပုံ ကြည့်တဲ့သူနဲ့ Online ပေါ်ကို တင်တဲ့သူကို ဘာပြောချင်လဲ။
ဓာတ်ပုံတင်တဲ့ သူကလည်း သင်ဇာ့ထက်တောင် အသက်ငယ်တဲ့ သူတစ်ယောက်ပါ။

ဓာတ်ပုံထဲမှာပါတဲ့ ကောင်မလေးကပဲ Online ပေါ်ကို တင်လိုက်တာဆိုတော့ ဘာမှတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အကုန်လုံးကိုတော့ သူငယ်ချင်းပေါင်းရင် သတိထားပြီး ပေါင်းဖို့ မနာလိုစိတ် ရှိနေတယ်ဆိုတာ ခေါင်းထဲမှာ ထည့်ထားဖို့ပေါ့။ ဘယ်သူမှ မယုံရပါဘူး။ မိန်းကလေးတွေ အတွက် သင်ခန်းစာ တစ်ခုပေါ့။

မြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်သိက္ခာ တရားတွေက ဘာတွေ ဖြစ်နိုင်ပါလဲ။
အခုဆိုရင် (၂၀) ရာစုလည်း မဟုတ်တော့ဘူး။ ခေတ်နဲ့အညီ ပြောင်းလဲလာပေမယ့် လူငယ်ပီပီ ပျော်ချင်ပါးချင်တာတွေ ရှိမယ်။ လွတ်လွတ်လပ်လပ် နေချင်မိတာ ရှိမယ်။

ဒါပေမယ့် ကိုယ်က မင်းသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် သူကမင်းသမီးပဲဆိုပီး မကောင်းတာတွေ လုပ်ချင်မိတာ အများကြီးရှိမှာပဲ။ ကိုယ့်ဖက်က အဲဒါကို ရှောင်နိုင်မှ ကိုယ့်ဖက်က ကောင်းတာတွေ လုပ်နေပေမယ့်၊ တခြားတစ်ဖက်က မကောင်းတာကို ဆွဲထည့်လိုက်ရင် သွားပြီလေ။

သင်ဇာလိုလူမျိုးကလည်း ဂရုမစိုက်တဲ့ လူမျိုးဆိုတော့ ခုနက ကိစ္စမျိုးတွေ ဖြစ်လာတာပေါ့။
8 Days ပရိသတ်ကို နှုတ်ဆက်ပေးပါဦး။

အခုလို 8 Days စာဖတ်ပရိသတ်ကြီးနဲ့ သင်ဇာ့ကို ပြန်ဆုံတွေ့ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 8 Days ပရိသတ်တွေနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ သင်ဇာတို့ အားပေးနေတဲ့ ပရိသတ်တွေကို အရမ်းချစ်တယ်။ ပရိသတ်ကြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။ အလုပ်အကိုင်တွေလည်း အဆင်ပြေပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

သင်ဇာဝင့်ကျော်
ထွန်းမြင့်ဇော်
8 Days Journal




4 comments :

  1. Anonymous said... :

    ‌မေးတဲ့သူနဲ့ေ ဖြတဲ့သူနဲ့‌တော့ဟုတ်‌နေကြတာဘဲ...
    ဒီလိုမိန်းမမျိုးကဒီလိုစကားမျိုးေ ပြာတာမမှားပါဘူး..
    ဖတ်မိတဲ့ငါကိုယ်ကမှားတာပါ....။

  1. Anonymous said... :

    simple and honest answers .... such as she likes big boys ... she could manage her profession well ... sayarmalay

  1. Anonymous said... :

    ဟုတ်ပါ့ဗျာ.....

  1. ရဲမေကြည် said... :

    အို...ကောင်းရော။
    ဖြေတတ်လိုက်တဲ့ မင်းသမီးလေး။
    တော်တော်လေးကို စာတွေဖတ်ပြီး အတွေးအခေါ်ရင့်ကျက်နေတဲ့ မင်းသမီးငယ်လေးပဲ။
    သူလို မင်းသမီးမျိုး ၁၀ယောက်လောက်သာ (အေးမြတ်သူလိုမျိုးရောပဲ) ဗမာပြည် အနုပညာလောကကို ကြီးစိုးလာရင် ဘုရားးး ဘုရားးးးးအနာဂတ် မိန်းကလေးတွေ ရေကူးဝတ်စုံနဲ့တောင် ဗိုလ်ချုပ်ဈေးကို ဈေးဝယ်ထွက်ကြတော့မယ် ထင်ပါရဲ့..။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved