ထောက်လှမ်းရေးနဲ့ နိုင်ငံရေးသမားတွေ အားပေးတဲ့ အလုပ်သမားသမဂ္ဂ

Wednesday, May 23, 2012


ဘစောတင်

တနင်္လာနေ့က ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ အလုပ်သမားသမဂ္ဂတခု ဖွဲ့စည်းသည့် အခမ်းအနားသို့ ထောက်လှမ်းရေးများ၊ နိုင်ငံရေးအဖွဲ့များ တက်ရောက် အားပေးကြသည်။

အ၀တ်အထည်နှင့် သားရေ အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် ထိုအခမ်းအနားတွင် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ ရဲအထူး သတင်းတပ်ဖွဲ့ (SB) တို့မှ တပ်ဖွဲ့ဝင်များ အားပေးစကား ပြောကြားခဲ့ကြသည်။

ဘုရားသုံးဆူ မြို့နယ် NLD ဥက္ကဋ္ဌ ဦးသန်းလွင်၊ KNU မှ ဦးစောအောင်မြတ်၊ မွန်ပြည်သစ်ပါတီမှ ဗိုလ်ကြီး နီစိုး တို့က လည်း အမှာစကားများ အသီးသီး ပြောကြားကြသည်။

ယခင်က အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကို လျှို့ဝှက် လုပ်ဆောင်ခဲ့ကြသော်လည်း ထို အလုပ်သမားများ သမဂ္ဂ ဖွဲ့စည်းသည့် အခမ်းအနားကို ဘုရားသုံးဆူမြို့ ဓမ္မဟေ၀န် ကျောင်းတိုက်တွင် လူသိရှင်ကြား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

´အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်းပေးနိုင်ဖို့ရယ်၊ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ထိုက်သင့်တဲ့ အခွင့်အရေးတွေ ရရှိဖို့၊ လုပ်အားခ မှန်မှန်ကန်ကန် ရရှိဖို့နဲ့ အလုပ်သမားတွေရဲ့ ဘ၀မြှင့်တင်ပေးဖို့ လုပ်ဆောင်သွားမယ်။ ပြီးတော့ အလုပ်သမားတွေရဲ့ သာရေး နာရေး ကိစ္စတွေမှာ ကျနော်တို့က ပါဝင်ကူညီ ဆောင်ရွက်ပေးမယ်လို့ ရည်ရွယ်ထားပါတယ်´ ဟု ဥက္ကဋ္ဌ ကိုဝေဖြိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူ ဒေသမှ မြန်မာအလုပ်သမားများသည် ထိုင်းဘက်ခြမ်း ဘုရားသုံးဆူဒေသသို့ မနက်ပိုင်းတွင် အလုပ် ဆင်းပြီး ညနေပိုင်းတွင် မြန်မာဘက်ခြမ်းသို့ ပြန်အိပ်ကြသည်။ ထိုကဲ့သို့ အလုပ်လုပ်နေသော အလုပ်သမား အရေအတွက် ၇,၀၀၀ နီးပါး ရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က ထိုင်းဘက်ခြမ်း ဘုရားသုံးဆူဒေသရှိ ဖိနပ်စက်ရုံ အလုပ်သမားများနှင့် ထိုင်းလုပ်ငန်းရှင်များ ကြားတွင် မကျေမလည်ဖြစ်ကာ ဆန္ဒပြမှုများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုစဉ်က အလုပ်သမားများဘက်မှ ရပ်တည်ပြီး ဦးဆောင်ခဲ့သူမှာ ယခုဖွဲ့စည်းလိုက်သော သမဂ္ဂ ဥက္ကဋ္ဌ ကိုဝေဖြိုး ဖြစ်သည်။

သမဂ္ဂကို တရားဝင်အဖွဲ့အစည်း ဖြစ်လာအောင် အစိုးရထံတွင် မှတ်ပုံတင်သွားမည်ဟု ဥက္ကဋ္ဌက ဆိုသည်။

သမဂ္ဂကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်းထားပြီး အတွင်းရေးမှူး ကိုအောင်မြင့်ဦး၊ ဘဏ္ဍာရေးမှူး မသီတာကျော်၊ အမှုဆောင်အဖွဲ့ဝင်များ အဖြစ် ကိုလွှမ်းမိုးနှင့် ကိုသက်နိုင်တို့ တာဝန်ယူထားသည်ဟု သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved