ဥပဒေများနှင့် ညိစွန်းတဲ့ အဖွဲ့

Monday, May 28, 2012



မရမ်းကုန်းမြို့နယ်လွတ်တော်အမတ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်ထံ အိတ်ဖွင့်ပေးစာ

အံတီဒေါက်တာရှင့်

သမီးက မရမ်းကုန်း(၂)ရပ်ကွက်မှာ နေထိုင်နေသူ တက္ကသိုလ်တက်နေဆဲဖြစ်ပါတယ်။ အံတီက ကျွန်မတို့မြို့နယ်လုံးဆိုင်ရာ လွှတ်တော် အမတ်ဆိုတော့ ဒီကိစ္စကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးပြီး မတရားဖြစ်နေတာတွေကို နည်းလမ်းတကျဖြစ်သွားစေဖို့ ကြိုစားစေချင် ပါတယ်။ တော်တော့်ကို အရုပ်ဆိုးတဲ့ကိစ္စပါပဲရှင့်။

သမီးတို့ မမွေးခင်ကတဲက ဖြစ်လာခဲ့တဲ့ကိစ္စတွေမှာ စတင်အခြေပြုပါတယ်။ အဲဒီအချိန်တုံးက မြို့နယ်က ဘာလုပ်ဖို့၊ ညာလုပ်ဖို့ဆိုလာ တိုင်း အောက်က ရပ်ကွက်(ရ၀တ)တွေက အောက်ခြေသိမ်းအထိ လိုက်-လိုက်လုပ်ကြရတော့….သူတို့မှာ ငွေကုန်ကြေးကျတွေရှိလာပါ တယ်။
ဒါတွေကို ရပ်ကွက်ပိုင် လူမနေတဲ့နေရာတွေကို အငှားချပြီး လစဉ်ကြေးကောက်ခံယူတဲ့ နည်းလမ်းတစ်ရပ်လဲ ရှိပါတယ်။ အခြား နည်းလမ်းတွေ ရှိပါသေးတယ်…ဒါပေမဲ့ ဒီကိစ္စမှာတော့ အမှူတစ်ခုဖြစ်ပြီဆို နားလည်မှူဆိုတဲ့ (နလမ)ကို ညှိနှိုင်းယူတဲ့ နည်းလမ်းတွေကို မဆိုင်လို့မဖေါ်ပြတော့ပဲ…အခုကိစ္စ လိုရင်းကိုပဲ သမီး ပြောသွားပါ့မယ်။

(၁) သမီးတို့ (၂)ရပ်ကွက်ထဲမှာ အဲသလို အများနဲ့ဆိုင်တဲ့….လမ်းနဲ့ဆိုင်တဲ့ အရင် ရ၀တခေတ်ကတဲက လစဉ်ကြေးကောက်ခံခဲ့တဲ့ နေရာ ၅- နေရာရှိပါတယ်။

တိတိကျကျပြောရရင် (၁)အောင်တော်မူဓမ္မာရုံအပိုင် မြေကွက်ထဲမှာ လ္ဘက်ရည်ဆိုင်ဖွင့်တာ၊ (၂) အောင်သိပ္ပံလမ်း (အောက်လမ်း)ထဲက အရင်..ရေတွင်းကွက်လပ် (၂၀’ x ၄၀’)မှာ တာယာကွန်ပေါင်းတင်တာ၊ (၃) ပေါ်ဝါထွန်းဓမ္မာရုံအပိုင်ကွက်လပ်မှာ ဈေးဆိုင်ခန်းလေးတွေ ငှားစားတာ၊ (၄) ကျောက်ပြားစက်လမ်းနဲ့ အောင်မြေသာလမ်းအကြားက အရင် ကလေးများကစားကွင်း … နောက်တော့ အဲဒီနေရာက ရပ်ကွက်စာကြည့်တိုက်ဖြစ်၊…နောက်ဆုံးတော့ ကြံ့ခိုင်ရေးတွေပေါ်လာတော့ သူတို့ရုံးဖွင့်ထားတဲ့နေရာ၊ (၅) နောက်ဆုံး အနောက်အောင်မေတ္တာနဲ့ ဗဟိုလမ်း ဆုံတဲ့တ၀ိုက်အနားက လမ်းမြေလွတ်လေးကို အရက်ဆိုင်ဖွင့်ခွင့်ပြုထားတာ။

ဒါတွေက သမီးသိသလောက်ပဲဖြစ်ပါတယ်။ နောက်လဲ … ကျန်ပါသေးတယ်။ အဲ….ငှားတဲ့ဈေးနှုန်းတွေက ပေါ်ပေါ်တင်တင်ကိစ္စတွေမဟုတ်လေ တော့လက်သိပ်ထိုးညှိနှိုင်းဈေးလို့ပြောပါတယ်။
ဆိုပါတော့…..အောက်ဈေးဆိုပါတော့။ ဒါပေမဲ့ အဲ့ဒါက ရုံးကိုတရားဝင်ပြန်ပေးတဲ့ … တင်ပြတဲ့ ဈေးဖြစ်ပြီး တကယ်လက်တွေ့မှာကတော့ အများပေါက်ဈေးကို ပေးကြရတာပါ။

ဒီတော့ အောက်ဈေးနဲ့ တကယ်ဈေး .. ကွာ တဲ့ပမာဏတွေဟာ ဘယ်သူ့အိတ်ထဲရောက်သွားသလဲဆိုတာ…. အဲဒါကလဲ နလမတွေကို ဖေါ်ထုတ်ရောင်းဝယ်ဖေါက်ကားနေတဲ့ဈေး ကွက်တစ်ခုရဲ့ (ငါသိပါတယ်ဆိုရင် သူ့ကိုပါ မျှကျွေးရတဲ့ နလမဈေးကွက်) ဖြစ်စဉ်ပါပဲ။

(၂) အဲဒီလိုကြီးနဲ့ စစ်ဖက်အုပ်ချုပ်ရေးခေတ်မှာ နလမတွေဟာ အရောင်းအ၀ယ်သိပ်ကောင်းခဲ့တာ ဘယ်နေရာမှာမှ နလမနဲ့လွတ်ပြီး အ လုပ်ဖြစ်ခဲ့တယ်ဆိုတာ မရှိလောက်အောင် လက်ညှိုးထိုးမလွဲ…ခြေချစရာမလွတ်အောင်ဗွက်ထ၊အကျင့်ပျက်လာဘ်ပေးလာဘ်ယူတွေ
ခေတ်စားခဲ့ကြတာလေ။

ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုဟာ အများနဲ့ကိုက်-မကိုက်၊ လိုက်နာနိုင်-မနိုင်ဆိုတာထက်ကို ရေပါတာပဲ လိုချင်တယ်… ရေဗူးပေါက်တာ မလိုချင်တဲ့သူတွေရဲ့ မျက်စိတစ်ဆုံး ရမ်းကုထုံးတွေရဲ့အုပ်ချုပ်မှူကြောင့်လို့ လူကြီးတွေ ပြောပြောနေတာ နားထောင်ရင်း သမီးတို့ ကြီးပြင်းလာခဲ့ကြပါတယ်။

အခုလဲ အဲဒီတုံးကခေတ်လိုပဲ ဒီလူတွေ.. ဒီစရိုက်တွေနဲ့ ဒီကနေ့ခေတ်၊ သမီးတို့ ရဲ့ခေတ်ကို မရှက်မကြောက်၊ မျက်နှာပြောင်တိုက်ပြီးလုပ်နေကြတယ်လေ။

သမီးကတော့ ပြောမှာပဲ။ အခုကိစ္စပဲကြည့်လေ…. အဲဒီ(၅) နေရာထဲမှာ…ကလေးကစားကွင်းနေရာ ရပ်ကွက် စာကြည့်တိုက်နေရာကို ကြံ့ခိုင်ရေးက ရုံးခန်းဖွင့်ထားပြီး၊ စာကြည့်တိုက်နဲ့က ပူးတွဲ လုပ်ထားတယ်။
ဒီတော့ ဘယ်သူမှလဲ ဘာမှ လာမဖတ် ကြဖူး။ စာကြည့်တိုက်ဆိုတာ ပြယုဂ်တစ်ခုအနေနဲ့သာလုပ်ထားတာ တကယ်က တော့ ကြံ့ခိုင်ရေးရဲ့လှုပ်ရှားမှူတွေချည်းလုပ်နေတာပါပဲ။

ငွေတွေထုတ် ချေးတော့လဲ လူတရုံးရုံးနဲ့ ဒီနေရာပါပဲ။ စည်းရုံးရေးဆင်းဖို့ လူစု တာ၊ စည်းဝေးပွဲလုပ်တာ….. ဒါတွေအားလုံး လူတရုံးရုံးနဲ့ ဒီနေရာမှာပဲ သူတို့ချည်းပါပဲ။

အရင်က အဲဒီကွက်လပ်မှာ ရုံးနောက်ကကွက်လပ် အလွတ်မှာ လ္ဘက်ရည်ဆိုင်တွေ အငှားချထားခဲ့တာလဲ ရပ်ကွက်ရုံးကလား …ကြံ့ခိုင်ရေးကလားတောင် မခွဲခြားနိုင်တော့ပါဖူး။ (ခေါင်းတွေ မျက်စိတွေကို မူးနောက်လွန်းလို့။) NLD တို့၊ အခြားပါတီတွေဆိုရင် သမီး သိသလောက် သူတို့အခန်းနဲ့သူတို့ ရုံးခန်းဖွင့်ကြတာလေ။

အခု ကလေးကစားကွင်းနဲ့ ရပ်ကွက်စာကြည့်တိုက်ကို မောင်ပိုင်စီးပြီး ခပ်တည် တည်-ခပ်ပြောင်ပြောင် လုပ်နေကြတာကို သမီးတို့ လက်မခံနိုင် တော့ပါဖူး။ ကလေးဗိုလ်လုပ်ပြီး ပါတီအတွက်လုပ်စားနေကြတာကို ဖြစ်သင့်တယ်လို့ သမီးမထင်ဖူး။ သူတို့ပါတီကိစ္စကို အများနဲ့မဆိုင်တဲ့ နေရာမှာ လွတ်လွတ်လပ်လပ်ကြီး မျှမျှတတလုပ်ကြပါတော့လား။

(၃) နောက်ပြီး အောင်သိပ္ပံလမ်းထဲက အရင်ကရေတွင်းပျက်ကွက်လပ်ကို အငှားချပြီး ရလာတဲ့လစဉ်ကြေးကိုလဲ ကြံ့ခိုင်ရေးကပဲ သိမ်းပါ တယ်။

သမီးတို့က အစတုံးက ရ၀တ-ကယူတယ်ပေါ့။ နောက်တော့ ဘယ်အချိန်က ရ၀တ-က သူတို့ကို လက်လွဲပြောင်းပေးလိုက်သလဲ မသိပါဖူး သူတို့တွေ လက်ထဲရောက်တော့ ပိုတောင်ဈေးတိုးတောင်းလာတယ်လို့ ကြားတယ်။

အရင်က ရ၀တကို ပေးရတာက ၃၀၀၀/-တဲ့။ အခု သူတို့လက်ထဲ မှာ ၅၀၀၀၀/-တဲ့။ သူတို့ပါတီ သူတို့ ရံပုံငွေရှာတာကို သမီးမပြောပါဖူး။

အများနဲ့သက်ဆိုင်တဲ့နေရာတွေကို သူတို့ ပဲ ပိုင်သလိုလိုနဲ့၊ လက်ထဲမှာလဲ ဘာပိုင်ဆိုင်ခွင့်စာရွက်စာတမ်းမှလဲ ရှိတာလဲမဟုတ်ပဲနဲ့၊ ပါတီစီးပွားရေးကြီးပွားတိုးတက်ရေးကို ပက်ပက် စက်စက် မျက်နှာပြောင်ကြီးတိုက်ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေး-ခေါက်ထား၊ လမ်းရာအိမ်မှူးဆိုတာ ဟိုးအဝေးကြီးမှာ လက်ပိုက်ရပ်နေ လိုက်၊ ခေါ်ရင်လာ… ခိုင်းရင်လုပ်၊ မြို့နယ်အုပ်ချုပ်ရေးဆို- ဟာ..အစ်ကိုကြီး နေကောင်းလား၊ ဘာလိုလဲ၊ ဘာလုပ်ပေးရမလဲ လုပ်နေကြ တာပါ။

သမီးတို့ ရင်ခံတာက ရပ်ကွက်အုပ်ချုပ်ရေးရုံးက အခုနောက်ပိုင်းမှာ ပါတီနဲ့ အုပ်ချုပ်ရေးအဖွဲ့ကွဲပြားသွားပြီး…လိုင်း တစ်လိုင်းစီဖြစ် သွားတာကို သိရက်နဲ့ ဘာလုပ်နေကြတာလဲ ဆိုတာကိုပဲ။

ဒီကိစ္စကိုလဲ သူတို့လဲ အသိကြီး၊ ညောင်မြစ်တူးရင်…ပုတ်သင်ဥတွေပါ ပေါ်လာ မှာကို ကြောက်လို့လား မသိဖူး။ သူတို့အချင်းချင်းကို လက်တို့ သတိမပေးကြဖူး၊ မတားကြဖူး။ ကြံ့ခိုင်ရေးကလဲ ဘာတွေလုပ်နေမှန်းကို နားတောင်မလည်တော့ပါဖူး။ သမီးသိတာကတော့ တော်တော် အကြောပြောင်ပြီး အရှက်ခမ်းတာပါပဲ။

(၄) အဲဒီတော့ အံတီရှင့်… ဒီလိုမျိုး ဒီခေတ်-ဒီအချိန်ကာလမှာ လုပ်စားနေကြတာကို သမီးတို့ ရပ်ကွက်ပြည်သူလူထုကိုယ်စား တရားမျှတ၊ လမ်းကျကျဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးပါလို့ သမီး တင်ပြချင်ပါတယ်။

သ္မီး အခုပြောခဲ့သမျှဟာ ကြံ့ခိုင်ရေးအကြောင်းအပုပ်ချနေတာ မဟုတ်ပါဖူးရှင့်။ ပါတီတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတို့ရဲ့ မဆီလျှော်တဲ့ အပေးအယူတွေကို ပြောချင်တာပါ။

သူတို့တွေရဲ့ လူမသိသူမသိ အပေးအယူ အဆက်အဆံကြားမှာ သ္မီးတို့လို နလပိန်းတုံးပြည်သူပြည်သားတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ တာတွေကို အံတီ့ကို တင်ပြပြီး ပြုပြင်ပြောင်းလဲပေးဖို့ ပြောချင်တာပါ။

အံတီ့ဆီကို စာရွက်စာတမ်းနဲ့ မတင်ပြတာကို ရိုင်းတယ်မထင်ပါနဲ့ ရှင့်၊ သမီးတို့နိုင်ငံမှာ အရင်က အဲဒီလိုမျိုးလုပ်ခဲ့တာ အများမသိခဲ့ကြလို့ အများပြည်သူတွေ နားလှည့်-ပါးအရိုက်ခံခဲ့ကြတာတွေဟာ အခု အချိန်မှာ မဖြစ်သင့်တော့ပါဖူးထင်လို့ ဒီလိုမျိုး မီဒီယာကနေတင်ပြတာကို နားလည်လက်ခံပေးဖို့ တောင်းပန်ပါတယ်ရှင့်။

အံတီ့ရဲ့ ကြိုး စားမှုလုပ်ရပ်တွေနဲ့ အဖြေတွေဟာ သမီးတို့ ရပ်ကွက်ထဲ၊ လမ်းထဲ၊ မီဒီယာထဲမှာ ပြန်ကြားမှာဆိုတော့ သမီးတို့ မျှော်လင့်နေပါ့မယ်ရှင့်။

ရိုသေလေးစားစွာဖြင့်

မထက်ဧရာ
နည်းပညာတက္ကိုလ်၊ ပ-နှစ်

2 comments :

  1. မရမ်းကုန်း (၈) ရပ်ကွက်သူ said... :

    အန်တီရှင့် သမီးတို့ မရမ်းကုန်းအမှတ်ရှစ်ရပ်ကွက်မှာလဲ စည်ပင်သာယာပိုင်တဲ့ မီးတားလမ်းကြားကို ကြံ့ဖွတ်ရံပုံငွေခေါင်းစဉ်တပ်ပြီး လက်ဖက်ရည်ဆိုင်တဆိုင်ဖွင့်ပြီး အခုတော့ လူပါနေတဲ့ အနေအထားရောက်နေပါတယ်၊ ကျူးကျော်အိမ်ရှင်မှာ အမှတ် ၈ ရပ်ကွက် သူရဿတီလမ်းမှ ရာအိမ်မှူး ကြည်မောင်ဖြစ်ပါတယ်၊ သူကိုယ်တိုင်က အိုးပိုင်အိမ်ပိုင်မရှိပဲ ရာအိမ်မှူးဖြစ်နေတာလဲ အံ့သြစရာပါပဲ မီးရေးထင်းရေးကြောင့် သက်ဆိုင်ရာသို့ အခါခါတိုင်ကြားပေမယ့် မရမ်းကုန်းမြို့နယ်စည်ပင်အရာရှိများကို လာဘ်ထိုးပြီး ဆက်နေထိုင်နေပါတယ် သူ့မိန်းမဖြစ်သူ မစန်း ဆိုသူကတော့ NLD ပါတီဝင်တဦးဖြစ်ပြီး စည်ပင်ပိုင်လမ်းကြားအတွင်းမှ မဖယ်ရှားရရေး ကျူးကျော်တဲ့များဂရံရရေးအတွက် အန်တီ့ထံသို့တင်ပြမည်ဟု ကျယ်ကျယ်လောင်လောင်ပြောနေပါတယ် ရပ်ကွက်မီးထင်းရေးအတွက် ဥပဒေဘောင်ထဲမှာ တရားဝင်တိုင်ကြားထားတာကို မည်သူမှ ယနေ့အထိ ထိထိရောက်ရောက်အရေးယူခြင်းမတွေ့ရသေးပါရှင့်

  1. SMH said... :

    Ya. I believe such issue happened in almost everywhere. But we should pay attention at this time as USDP( SPDC) is shameless and dishonest_ they will never give up automatically.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved