ရှစ်လုံးရဲ့ သမိုင်းကြောင်း

Sunday, May 6, 2012


သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) 

(ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော်ခိုးသားများ ထဲက တပိုင်းကို ပြန်လည်ဖော်ပြပါတယ်)

၁၉၈၈ ဖြစ်ပွားခဲ့တဲ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေချိန် မြန်မာပြည်အရှေ့ဘက်ခြမ်း တရုတ်မြန်မာ နယ်စပ်တလွှားမှာ ဗကပ ထိုးစစ်ကိုလည်း မြန်မာ စစ်တပ်က အသည်းအသန် ခုခံရင်ဆိုင်ခဲ့ရတယ်။ ဒီတိုက်ပွဲတွေမှာ DSA အပတ်စဉ် ၁၂ ဆင်း ဗိုလ်မှူး တင်အောင်မြင့်ဦးက ခလရ ၁၁ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒု ရင်းမှူးဖြစ်တဲ့ တင်အောင်မြင့်ဦး က ကွပ်ကဲရတယ်။ သူ့ရဲဘော်တွေကတော့ သစ်ပင်နောက်မှာ အမြဲ ပုန်းဝပ်နေတတ်တဲ့ ဗိုလ်မှူးလည်း နောက် ပိုင်းမှာ ဒဏ်ရာရပြီး သီဟ သူရ ဘွဲ့ကို ရခဲ့တယ်လို့ ဆိုတယ်။ 

အဲ့ဒီ့နောက်မှာတော့ ရာထူးတက်လမ်း မြန်ခဲ့တယ်လို့ ဆိုရမယ်၊ ၁၉၉၂-၉၃ ခုနှစ် မှာ တပ်မ ၃၃ မှာ ဗျူဟာမှူး၊ မကြာခင်မှာပဲ ဒု တပ်မှူး ရာထူးရပြီး ၁၉၉၄ ခုနှစ်မှာ တပ်မမှူး ရာထူးတိုးမြှင့်ခံရတယ်။ ၁၉၉၆-၁၉၉၇ မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ တချိန်တည်းမှာပဲ န၀တ အစိုးရကနေ နအဖ အမည်ပြောင်းတဲ့ အခါမှာတော့ စစ်ကောင်စီ အသစ်မှာ အဖွဲ့ဝင်ဖြစ်လာ ခဲ့တယ်။ 

တပ်ထဲမှာတော့ ဒေါသကြီး မိုက်ရိုင်းတဲ့ ဗိုလ်ချုပ် တယောက်လို့ လူသိများသူပါ၊ နီးစပ်သူတွေ ပြောပြတာကတော့ တပ်ထဲမှာတုန်း က လက်ထဲမှာ ကြိမ်တုတ်ကို အမြဲကိုင်ထားပြီး ပါးစပ်ကလည်း မအေနှမ အမြဲကိုင်တုတ်နေသူ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် လည်း သူ့ကို အရာရှိ ငယ်တွေက ကြောက်ကြတယ်။ 

လူမွေးရာမှာ တော်တဲ့ ဗိုလ်ချုပ်မှူးကြီးက လူပျော့တွေ(သူရရွှေမန်း၊ ကွယ်လွန်သူ ၀န်ကြီးချုပ် စိုးဝင်း၊ လက်ရှိဝန်ကြီးချုပ် သိန်းစိန်) တို့မှာ မရှိတဲ့ ဒီလို စရိုက်ဆိုးတွေနဲ့ ပြည့်တဲ့ သူကို လက်သပ်မွေးထားခဲ့တယ်။ ဘယ်လောက်အထိ ဗိုလ်ချုပ်မှူးကြီးက မျက်နှာသာပေးခဲ့သလဲဆိုတော့ တပ်မတော်တခုလုံး ရဲ့ လက်နက်၊ ရိက္ခာ၊ အဆောက်အအုံ၊ ဘတ်ဂျက် စတာတွေကို စီမံကွပ်ကဲရတဲ့ စစ်ထောက်ချုပ်ရာထူးကို အငြိမ်းစား မပေးခင် ပြီးခဲ့တဲ့ နှစ်အထိ လုပ်ခိုင်းဖူးတယ်။ အလား တူပဲ ဗိုလ်ချုပ်မှူးကြီးက သူ တလျှောက်လုံး တာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကို မကြာသေးခင်က ယာယီလွှဲပေးပြီး ရုရှား၊ တရုတ်၊ အာဆီယံနိုင်ငံ တွေမှာလုပ်တဲ့ စစ်ဘက်အစည်းအဝေးတွေကို တက်ခိုင်းခဲ့တဲ့ အထိ မျက်နှာသာပေးခဲ့တယ်။ အခုလည်း ဒု သမ္မတ ရာထူးအတွက် စစ်တပ်ရဲ့တဦးတည်းကိုယ်စားလှယ်နေရာ ပေးခဲ့တာကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်နှာသာပေးခြင်း က လျော့မသွားသေးဘူးလို့ ဆိုရမယ်။ 

ဒါပေမယ့် လာမယ့် အစိုးရသစ်မှာ သမ္မတ ဖြစ်မယ်လို့ သေချာနေတဲ့ ဦးသိန်းစိန်နဲ့ ဘယ်လို ဆက်စခန်းသွားမယ်ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီ ၂ ယောက်က အချင်းချင်း သိပ်အစေး မကပ်ပါဘူး။ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း သေလို့ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အစားထိုးတဲ့အခါ စစ်ကောင်စီရဲ့ အတွင်းရေးမှူး(၁)ရာထူးကို ဦးသိန်းစိန်ဆီက ဦးတင်အောင်မြင့်ဦး လွှဲယူရတယ်။ မကြာပါဘူး သူ့ ရဲ့ ဉာဉ်ဆိုးအတိုင်း သူ့ရှေ့က ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက် စွက်ဖက်ပြီး ပမာမခန့်လုပ်တော့တာပဲ။ ဘယ်လောက်အထိလဲဆိုတော့ ၀န်ကြီးချုပ်လုပ်တဲ့ စီမံကိန်းမှန်သမျှ ငွေချမပေးဘဲ ညစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ပျက်ပြားခဲ့ရပြီး ၀န်ကြီးချုပ်ကို အပြောသမား သက်သက်ဖြစ်အောင် စနစ်တကျ အကွက်ချပြီး နှိပ်ကွပ်ခဲ့တယ်၊ ဒါကြောင့် ၀န်ကြီးတွေ ကြားထဲမှာ ပြော စမတ် ဖြစ်လာတာကတော့ ၀န်ကြီးချုပ်ကို တွင်း(၁)က အာဏာသိမ်း လိုက်တယ် ဆိုတဲ့ စကားပဲ။ အခုလာမယ့် အစိုးရသစ်မှာကော သူလက်စွမ်း ဆက်ပြမှာလား။ လူတွေကတော့ ကောက်ချက်ချတယ်။ နာမည်မှာကိုပဲ အားလုံးထက် သူက ၆ လုံးပိုတယ်တဲ့။ ဒါကြောင့် သူ့ကို ၈ လုံးလို့ အမည်ပေးကြတယ်။ 

ဒီကြားထဲ ကံကလိုက်ချင်တော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူထားတဲ့ ကုန်သွယ်ရေး ကောင်စီ(Trade Council) မှာ ဥက္ကဋ္ဌ ဖြစ်ပြန်တယ်။ ဇာတ်လမ်းက အခုမှစပါတော့တယ်။ မိုက်ရိုင်းထွားကြိုင်းတဲ့ ဗိုလ်ချုပ်ကြီး တယောက် စီးပွားရေးသမားတွေနဲ့ ပေါင်းမှ ငွေကြေးရဲ့ သြဇာခံ ဖြစ်သွားခဲ့ရပုံကတော့ သူ့ရှေ့က လာဘ်စားမှုနဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ တို့ထက်တောင် သာတယ်လို့ ပြောရမယ်။ သူက ၈ လုံး မဟုတ်လား။ 

Trade Council ဥက္ကဋ္ဌ ဆိုတာကလည်း အိတ်စ်ပို့၊ အင်ပို့ လိုင်စင်တွေ ချပေးခွင့်ရှိတယ်၊ နိုင်ငံခြား ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့အတွက် သူ့ဆီမှာ ခွင့်တောင်းရတယ်၊ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမှု လုပ်ချင်ရင် သူဆီက ခွင့်တောင်း ရတယ် ဆိုတော့ မျိုးမျိုးမြက်မြက်ကလေး ကျန်မှာကတော့ မလွဲပါပဲ။ 

လူရမ်းကား ဗိုလ်ချုပ်ကြီးကို လိမ္မာသွားအောင် အစစ အရာရာ သင်ကြားပေးနေသူကတော့ မက်စ်မြန်မာ ဇော်ဇော်ပါပဲ၊ သူတို့နှစ်ဦး ဆက်ဆံရေးကို လူတွေက သားအဖလို့တောင် ပြောကြတယ်။ Trade Council ဥက္ကဋ္ဌ ရာထူး ရခါစမှာ ကားသွင်းခွင့် ပါမစ်တွေကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်ထက် မက်စ်မြန်မာ ဇော်ဇော်ကို အများဆုံးသွင်းခွင့်ပေးခဲ့လို့ လူကုံထံ ဇိမ်ခံကား ကနေ မီးသတ်ကား အထိ သုံးလိုတဲ့သူတိုင်း ဇော်ဇော် ဆီက ပြန်ဝယ်ရတယ်၊ အဲသည့်အတွက် ဇော်ဇော်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို အချိုးကျ အ မြတ်ခွဲ ပေးရတယ်။ 

 စစ်ထောက်ချုပ် ဘ၀မှာပဲ နေပြည်တော် တည်ဆောက်ရေးကို တာဝန်ယူရတော့ ပိုပြီးချမ်းသာဖို့ ဖြစ်လာခဲ့တယ်။ နီးစပ်သူတွေ အ ပြော ကတော့ တပ်ချုပ်ကြီးကိုတော့ နှစ်လေးဆယ် အာမခံပါတယ်ဆိုပြီး နေပြည်တော် လမ်းတိုင်းကို အရည်အသွေးမစစ်ဆေးဘဲ မက်စ်မြန်မာ ဇော်ဇော်ကို အမြတ်များများ ကျန်အောင် ခင်းစေခဲ့တယ်။ 

 နေပြည်တော် တည်ချိန်မှာပဲ သူ့ ပီအက်စ်အို ဗိုလ်ကြီး အေးချစ် ညီမ မအေးဟန်ကို ဇင်ထက် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ် ရေး ကုမ္ပဏီတခု ဖွင့်စေခဲ့ပြီး ACE ၊ အေဒင်၊ မက်စ်၊ အေရှားဝေါလ်၊ ထူး စတဲ့ နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘိလပ်မြေ၊ သံချောင်း စတဲ့ ပစ္စည်းသွင်း စေခဲ့တယ်၊ ဒါကြောင့်လည်း နေပြည်တော်က အစိုးရရုံးကြီးတွေနံရံမှာ အက်ကြောင်းတွေ ထနေပေမယ့်လည်း တာဝန်ယူတဲ့ ကုမ္ပဏီကြီးတွေ အရေးယူမခံခဲ့ရပါဘူး။ 

မအေးဟန်ဆို စင်္ကာပူ မှာတောင် ရုံးခန်းဖွင့်လိုက်သေး။ ဗိုလ်ကြီးအေးချစ် ကလည်း မီလျှံနာနီးပါး တခါတည်းချမ်းသာသွားတာ။ မဆလ လက်ထက်က တိုင်းမှူးတွေ ၀န်ကြီးတွေတောင် သူ့လောက် မချမ်းသာဖူးဘူး။ အင်းစိန် မင်းဓမ္မကုန်းဘက်မှာ မြေကွက်တွေ တော်တော်များများ ပိုင်တယ်လို့ စီးပွားရေးသမားတွေက ပြောကြတယ်။ 

စီးပွားရေးသမားတွေကို လူမွေးတဲ့ နေရာမှာကတော့ ဗိုလ်ချုပ်မှူးကြီး က တေဇ၊ ဒု ဗိုလ်ချုပ်မှူး ကြီးမောင်အေးက အောင်ကိုဝင်း၊ ဦးရွှေမန်းက သူ့သားနှစ်ယောက်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က လားစိုးမြင့်ဆိုတဲ့ ရှမ်းတရုတ် ဆိုတော့ ဒု သမ္မတ ဖြစ်မယ့် လူရမ်းကား ဗိုလ်ချုပ်ကြီးနဲ့ ဇော်ဇော်တို့ ၂ ယောက် ပေါင်းသွားတာ သိပ်တော့လည်း မထူးဆန်းဘူး။ 

အတွင်းသိတွေ ပြောစကားကတော့ စစ်ထောက်ချုပ်ဘ၀ ကျောက်သူဌေး အိုက်လင်းနဲ့ ပေါင်းပြီး ကျောက်မျက်ပြပွဲက ပတ္တမြားနဲ့ ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ကျောက်ဈေးကွက်ကို မှောင်ခိုခိုးထုတ်ခဲ့တဲ့ ငွေမည်းတွေကို ခ၀ါချဖို့ နိုင်ငံတော်ရဲ့လိုအပ်ချက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ထားတဲ့ ဇော်ဇော်ပိုင် ဧရာဝတီဘဏ်မှာ သူ့ရှယ်ယာတွေ ထည့်ထားတယ်၊ မြန်မာတပြည်လုံးမှာ ဖွင့်ထားတဲ့ မက်စ်မြန်မာ လောင်စာဆီ ဆိုင်တိုင်းမှာ သူ့ပိုက်ဆံပါတယ် လို့လည်း သိရတယ်။ တနိုင်ငံလုံးရှိတဲ့ ဘောလုံးကွင်း တည်ဆောက်ပြုပြင်ရေး၊ ရန်ကင်းက သတ္တုတွင်း ၀န်ကြီးဌာန ရုံးဟောင်းကို ကလေးဆေးရုံးဆောက်ခွင့်တို့ကို ဇော်ဇော်ကို ပေးထားသလို အထူးအခွင့်အရေး အနေနဲ့ ရုရှားသံရုံးကလုပ်တဲ့ အခမ်းအနား တိုင်းမှာ ဇော်ဇော်ကို တက်ခွင့်ပေးခဲ့ တယ်။ 

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစိုးရ စီမံကိန်းကြီးဖြစ်တဲ့ ထားဝယ်ရေနက် စီးပွားရေး အထူးဇုန် တည်ဆောက်ရေးကို လည်း ဇော်ဇော် တဦးတည်းကို ပေးခဲ့တယ်။ နီးစပ်သူတွေ အပြောကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို အကျိုးအမြတ်ရဲ့ တ၀က်ခွဲပေးရတယ်လို့ သိရတယ်။ 

 ဇော်ဇော် အလိုက်သိတတ်ပုံကလည်း မိန်းမလိုက်စားတတ်တဲ့ ဗိုလ်ချုပ်ကြီး အတွက် သူပိုင်တဲ့ မာရီနာ ဟိုတယ်မှာ အရက်ရော ကြက်ရော ရှာပေးတဲ့ အထိတဲ့။ ဒါ့အပြင် အင်းစိန် စက်မှုတက္ကသိုလ်အနီး အောင်သိဒ္ဓိလမ်းနဲ့ အေးရိပ်ငြိမ်လမ်းဆုံတဲ့ နေရာမှာ နန်းတော်ကြီးတမျှ တခမ်းတနား ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြီး အိမ်အတွက် အီတလီနိုင်ငံလုပ် အတွင်းပရိဘောဂတွေကို ဇော်ဇော် က ၀ယ်ထည့် ပေးခဲ့တယ်။ ဖိနပ်စင် တခုတောင် သိန်းလေးရာလောက် တန်တယ်လို့ အတွင်းသိ တချို့ကဆိုတယ်။ ခြံထဲက လမ်း တွေကို အားလုံး ကွန်ကရစ်တွေ ခင်းထားပြီး လုံခြုံရေး ဂိတ်တောင် နှစ်ထပ်တိုက် ဆောက်ထားတယ်တဲ့။ 

ဒါတင်မက အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀နဲ့ ပုလဲနံပ သင့်ခဲ့ပြီး သူ့ကို အကျိုးခံစားခွင့် များများပေးတဲ့ ဘိန်းဘုရင် လော်စစ်ဟန် သား ထွန်းမြင့်နိုင် ရဲ့အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ရန်ကုန်-မန္တလေး-လားရှိုး လမ်းပြုပြင်ရေး၊ ရန်ကုန်လေဆိပ်နဲ့ တနိုင်ငံလုံး လေဆိပ် ပြေးလမ်းတို့ချဲ့ရေးတို့ အပြင် နေပြည်တော် လေဆိပ်အသစ် တည်ဆောက်ရေးကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း လုပ်ပိုင်ခွင့်ကိုကျော်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတိုင်း အေးရှားဝေါလ်ကို လုပ်ပိုင်ခွင့်ပေးလို့ ဗိုလ်ချုပ်မှူးကြီး ကတောင် ခေါ်ယူ သတိပေးရတဲ့အထိဖြစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောတယ်။ 

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို သူ့သား ဗိုလ်ကြီးဟောင်း တေဇာစောဦး ရှယ်ယာပါတဲ့ အေးရှားဝေါလ် ကုမ္ပဏီ ကို လုပ်ပိုင်ခွင့် ချပေးပေမယ့် တရုတ်ကုမ္ပဏီက ငြင်းပယ်ပြီး တေဇပိုင် ထူးကုမ္ပဏီနဲ့ လုပ်မယ်လို့ ပြောခဲ့တဲ့အတွက် အတွင်းရေးမှူး (၁) ကြီး အရှက်ရခဲ့လို့ ထူးကုမ္ပဏီက မနည်းဖြေရှင်းခဲ့ရတယ်၊ တွင်း(၁)ကြီး အမျက်ပြေဖို့ အေးရှားဝေါလ်ကို တဆင့်ခံ ကန်ထရိုက် အနေနဲ့ ထူးက လုပ်ငန်းတချို့ လွှဲပေးခဲ့ရတယ်။ 

စီးပွားရေး သောင်းကျန်းလို့ရလာတဲ့ ပိုက်ဆံတွေကို စင်္ကာပူ ဘဏ်မှာ အပ်ဖို့ မကြာခင်ကအသွား ဒေါ်လာတွေ တပွေ့တပိုက် အိတ်ထဲ ထည့်လာတဲ့ တေဇာစောဦး ချန်ဂီ လေဆိပ်မှာ မသင်္ကာဖြစ်ပြီး ခဏတောင် အစွဲခံလိုက်ရသေးတယ်။ နောက်မှ စင်္ကာပူက လာနေကြ ကတ်စတမ်မာ မှန်း သိလို့ ပြန်လွှတ်ပေးလိုက်တယ်။ 

လူတွေကတော့ ပြောနေကြတယ်။ ဦးတင်အောင်မြင့်ဦး တကယ် သတ္တိရှိပုံ မပေါ်ဘူးတဲ့။ သီဟ သူရ ဘွဲ့ရတိုင်း သတ္တိရှိတယ်လို့ ပြော မရဘူး။ မိုက်ရူးရဲလည်း ဖြစ်နိုင်တာပဲတဲ့။ တကယ် သတ္တိရှိရင် ဥပဒေ အတိုင်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို တကယ်ကြေညာ တဲ့။ ကဲ... ဒု သမ္မတကြီး သီဟ သူရ ဦးတင်အောင်မြင့်ဦး ခင်ဗျာ.. အလှည့်ကျ မနွဲ့ကြစတမ်း ပေါ့နော...။ ။

5 comments :

  1. Anonymous said... :

    http://thehellsgeneralsofburma.blogspot.com.au/2008/05/tin-aung-myint-oo-080005.html

    http://thehellsgeneralsofburma.blogspot.com.au/2008/05/tin-aung-myint-oo-080005.html

    http://thehellsgeneralsofburma.blogspot.com.au/2008/05/tin-aung-myint-oo-080005.html

    visit that website. good to know

  1. Anonymous said... :

    He should pay back our country's debt

  1. အသေးစိတ်လောက်နီးနီး ရေးသား ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ မဆုံးနိုင်ဘူး ထင်ရပေမယ့် သင်္ခါရတရားအရ အမြဲတမ်း အဆုံးသတ်ရတော့မယ့် လောဘခရီးမှာ အာဏာအလွဲသုံးစားမှုတွေ အပြည့်ပါပဲလားလို့ ဆိုရပါမယ်။ ဒါကို ဆောင်ရန် အဖြစ် သင်ခန်းစာ ယူကြမလား... ဒါမှမဟုတ် ရှောင်ရန် သင်ခန်းစာ ယူကြမလား... ခွဲခြားရမယ့်အချိန် ရောက်ပါပြီ။

  1. Anonymous said... :

    ထိုသူသည် တရုတ်ဖြူတာအိုဇင်ဖြစ်သည်။
    တပ်မတော်တွင် တရုတ်အဖြူအုပ်စုကိုဦးနေ၀င်းဖြိုခွဲပြီးနောက် 1967နောက်ပိုင်းတွင် တရုတ်ဖြူများစစ်ဗိုလ်ချုပ်ရာထူးအသီးသီးကို နှစ်ပေါင်းသုံဆယ် 1999ထိ ၇ာထူးအဆင့်ဆင့်တက်စေခဲ့သည် ထို့တူ မဆလတွင်လည်း 1988အထိ ဌာနမှူးဒုဌာနမှူးများအထိနေရာများယူကာ 8888တွင်ပြုတ်ကျကုန်ပြန်ပါသည် ယနေ့တွင်လည်း ယနေ့ကြံ့ဖွတ်ကဲ့သို့နေ၇ာယူပြိးဖြစ်ပါသည်။တပ်မတော်တွင်စစ်ဗိုလ်ချုပ်၇ာထူးထိတက်လာသည့်တရုတ်ကပြားများကိုနောက်ကြောင်းလာရာလမ်းကြောင်းတိတိကျကျဖေါ်ုထုတ်ပြီးနိုင်ငံအတွက်တင်ပြစေချင်ပါသည်။

  1. Tribute to Daw Mya Lay said... :

    Like an air of Daw Mya Lay;

    ' Ho-Har myar phyit TaLar maTeetbu. Khit- ka khat-Shote-Shote soh Dawt. Pyaw-Ya Khet Tae - PyawYa Khet Tae.

    (heth ! ah-nge-Ma - Mee Pho Gyaung Mar - Hin Oh Twar Kyeet Ohn ! )

    Inn-Lay, Ho-Har Phyit Tar Larr Hma, Ma-Teet-Tar, De-Lauk-Taung,Ho-Lote, D-Lote Neth,Bae-Pyaw-Naing MaTone.

    Ma pyaw chin par bu Aaayyyeee.
    Ma Pyaw Chin Par Bu.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved