နိုင်ငံကူးလက်မှတ် ကန့်သတ်ခံထားရဟု ကိုကိုကြီးပြော

Sunday, May 13, 2012

လင်းသန့် ရေးသားပေးပို့သည်)


“---မပေးဘူးဆိုရင်လည်း ထောင်ထွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများကို နိုင်ငံကူး လက်မှတ် ထုတ်ပေးမည် မဟုတ်ပါလို့ တိတိကျကျ ဥပဒေတွေ ပြဌာန်းပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အဲဒါဆိုရင် ကျနော်တို့လည်း ဘယ်လို မှ လျှောက်ထားစရာ မလိုတော့ဘူး---”

နိုင်ငံကူးလက်မှတ် လျှောက်ထားမှုတွင် သာမန် နိုင်ငံသားများနှင့် မတူဘဲ နိုင်ငံရေး အကျဉ်းသားဟောင်းများမှာ လုပ်ထုံး လုပ်နည်း ခက်ခဲမူများ ရှိနေပြီး ခွဲခြား ဆက်ဆံခံနေရသည့်အတွက် ဥပဒေသည် တသမတ်တည်း ဖြစ်သင့်ကြောင်း ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောကြားလိုက်သည်။

“ပြန်လွတ်လာတဲ့အချိန်မှာလည်း နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးတွေ၊ ဥပမာ ပြည်ပ ခရီးသွားလာခွင့်နဲ့ ပတ်သက်ပြီး တော့ ပိတ်ဆို့ခံနေရတယ်။ ပါ့စ်ပို့ စာအုပ်လျှောက်တော့ သီးခြား လျှောက်လွှာရေးတင် ဆိုတော့ ရေးတင်ရတယ်။ ပြီးတော့ မကျဘူး ဆိုတော့ ကျနော်တို့က သီးခြား ခွဲခြား ဆက်ဆံခံနေရတဲ့ ဒုတိယတန်းစား နိုင်ငံသားတွေလိုဖြစ်နေတယ်။ နိုင်ငံ တ နိုင်ငံမှာ ဥပဒေဆိုတာ တသမတ်တည်း ဖြစ်သင့်တယ်”ဟု ကိုကိုကြီးက ဧရာဝတီကို ပြောသည်။

အကျဉ်းထောင်များက ၄င်းတို့ မလွတ်မြောက်ခင်ကတည်းက နိုင်ငံရေး အကျဉ်းသား ကျောင်းသား လူငယ်များသည် နိုင်ငံကူး လက်မှတ်လျှောက်ထားခဲ့ကြသော်လည်း ယခုထိမရသေးကြောင်း၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များလည်း လျှောက်ထားခဲ့စဉ် ကလည်း နိုင်ငံရေးဖြင့် အကျဉ်းကျခဲ့မှု ဖြစ်စဉ် အသေးစိပ်ကို သီးခြား စာရွက်ဖြင့် ရေးတင်ခဲ့ရသော်လည်း ယနေ့အထိ မရသေးကြောင်း နိုင်ငံရေး သဘားထားကွဲလွဲ၍ ထောင်ဒဏ် ချမှတ်ခံထား ရသူများကို သီးခြား ပိတ်ဆို့ ကန့်သတ်မှုဟု သူက ဆက်ပြောသည်။

အရွယ်နှင့်မလိုက်အောင် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပြီးနောက် ပညာ တပိုင်းတစ ကျောင်းသား လူငယ်များ အနေဖြင့်လည်း ပြည်တွင်း တက္ကသိုလ်၊ ကောလိပ်များတွင်လည်း ဆက်လက် ပညာသင်ကြား ခွင့်လည်း မရကြောင်း၊ မိမိ ကိုယ်မိမိ ဖွံ့ဖြိုး တိုးတက်ရာအတွက် ပြည်ပသို့ ထွက်ကာ လေ့လာနိုင်ရန်လည်း နိုင်ငံကူးလက်မှတ် မထုတ်ပေးသည့် အတွက် အခွင့်အလမ်းများ ပိတ်ဆို့ထားခြင်း ခံနေရကြောင်း ကိုကိုကြီးက ပြောသည်။

“ဒါကြောင့်မို့လို့ ကျနော်တို့ အေအေပီပီက တောက်လျှောက် ပြောနေတာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဆိုတာ အသိအမှတ်ပြုပြီး ခြွင်းချက်မရှိ လွတ်ပေးဖို့ လိုတယ်လို့။ အခု နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြု မခံရတဲ့ အတွက်ကြောင့် အကျဉ်းထောင်က ပြန်လွတ်လာပေမဲ့ နိုင်ငံသားအခွင့်အရေးတွေပါ ဆက်ဆုံးရှုံးနေရတာပါ”ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ နိုင်ငံရေးအကျဉ်းသားဟောင်းများမှာ အကျဉ်းထောင်ထွင်း၌သာမက ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း လုပ်ကိုင် စားသောက်ခွင့်၊ ပညာဆက်လက်သင်ကြားခွင့်များ ပိတ်ပင်ခံရခြင်း စသည့် စိတ်ပိုင်း ဆိုင်ရာ နှိပ်စက်မှုများ ခံနေရသည့်သဘောဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ပြည်ပတွင် သွားရောက် လေ့ လာရေးများ၊ သင်တန်းများအတွက် ဖိတ်ကြားမှုများ ရှိသော်လည်း နိုင်ငံကူး လက်မှတ် မရှိသေး၍ အခက်အခဲဖြစ်နေ ကြောင်း၊ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့အား နိုင်ငံကူးလက်မှတ် ရရှိရန် အတွက် သီးခြား ဖြစ်စဉ် ရေး တင်ပြီးသားဖြစ်သော်လည်း ထပ်မံ၍ တင်ပြရမည်ဟု ဆိုလာခြင်းအတွက် အလွန် စိတ်မကောင်းဖြစ်မိကြောင်း ကိုကိုကြီးက ပြောသည်။

၎င်းတို့ခေါင်းဆောင်ပိုင်းနှင့် အတူ အခြား နိုင်ငံရေးအကျဉ်းသားဟောင်းများအားလုံး အတွက်လည်း နိုင်ငံကူး လက်မှတ် ထုတ်ပေးခြင်း၊ မထုတ်ပေးခြင်းကိစ္စတွင် တသားတည်း ဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

“တကယ်လို့ မပေးဘူးဆိုရင်လည်း ထောင်ထွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများကို နိုင်ငံကူး လက်မှတ် ထုတ်ပေးမည် မဟုတ်ပါလို့ တိတိကျကျ ဥပဒေတွေ ပြဌာန်းပေးသင့်တယ်လို့ ကျနော်မြင်တယ်။ အဲဒါဆိုရင် ကျနော်တို့လည်း ဘယ်လို မှ လျှောက်ထားစရာ မလိုတော့ဘူး”ဟု ကိုကိုကြီးက ပြောသည်။





3 comments :

  1. Anonymous said... :

    အတုအယောင် အစိုးရ အမည်ခံတွေ ရှိနေသရွေ့ ၊ သဘောထားသေးသိမ်ကောက်ကျစ်တဲ့ စစ်တပ်နှင့် စစ်တပ် အပေါင်းအပါတွေ ရှိနေသရွေ့ ပြည်တွင်းပြည်ပ နိုင်းငံရေးသမားတွေ ကျောင်းသားတွေ အပေါ် နည်းမျိုးစုံ ခွဲခြားဆက်ဆံနေမှာ မလွဲပါ။ ဒီလို ခွဲခြားဆက်ဆံနေတယ်ဆိုတာ စစ်အစိုးရအတွက် အလွန် အောက်တန်းကျပါလား လူဖြစ်ကျိုး မနပ်သေးပါလားဆိုပြီး သိဖို့ နားလည်းဖို့ လိုပါတယ်။ အမှန်တကယ်ပြုပြင်ပြောင်းလဲမှု့ ကို လိုလားတယ်ဆိုရင်လူထုလေးစားယုံကြည်ရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ဦးသိန်စိန်အစိုးရက ခေါ်ယူတွေဆုံပြီး နိုင်ငံပြုပြင်ပြောင်းလဲတိုးတက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။ ကိုယ်တိုင်သွားရောက် တွေ့ ဆုံသင့်ပါတယ်။ လူကြီးပီသပြီး သိက္ခာရှိ သဘောထားကြီးသူများအဖြစ် နိုင်ငံတကာကရော ပြည်တွင်းက ပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲကြိုဆိုအားပေးလာကြမှာပါ။ စစ်မှန်တဲ့ ပြောင်းလဲမှု အဖြစ် ပြသလိုချင်တယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်ချက်မရှိလွှတ်ပေးနိုင်တဲ့ လုပ်ရပ်ကို ရဲရဲကြီး ပြသလိုက်ပါ။

  1. Anonymous said... :

    အပြောင်းအလဲတွေဟာ ဟန်ဆောင်ပြောင်းအလဲတွေ မဖြစ်ဘူးဆိုရင် နိုင်ငံသားတိုင်း လွယ်လွယ်ကူကူ နိုင်ငံကူးလက်မှတ် ကို အချိန်တိုအတွင်း ထုတ်ပေးသင့်ပါတယ်။ မည်သည့် အဟန့် အတားမှ မပြုလုပ်သင့်ပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာ ပုံမှန်ဆို ၁ ပတ်၊ အမြန်ဆို ၃ ရက်၊ ပိုပြီးမြန်ချင်တယ်ဆိုရင် အမြန်ကြေး ၁ရက်အတွင်း လေယာဉ်ကွင်းမှာ ထုတ်ပေးနိုင်အောင် နိုင်ငံသားတွေအတွက် လုပ်ပေးပါတယ်။ ဦးရွှေမန် ဦးသိန်းစိန် ဥရောပနိုင်ငံတွေရောက်တုန်း လေ့လာချင်တယ်ဆို လေ့လာကြည့်သွားစေချင်ပါတယ်။ အပြောင်းအလဲအမှန်အကန် လုပ်ပြချင်တယ်ဆိုရင် ကိုယ်နိုင်ငံသားတွေက ကိုယ့်အစိုးရကို ယုံကြည်လာအောင် သတ္တိရှိရှိ သစ္စာရှိရှိလုပ်ပြကြပါ။

  1. Anonymous said... :

    ဖြစ်ရလေဗျာ.အခုမှသိတာလား.ဒါတွေသိလို့ တိုင်းရင်းသားနဲ့.ကျောင်းသားတချို့က အသက်စွန့်တိုက်ပွဲဝင်ကြတာလေ.တုံးလို့.ပညာမတတ်လို့ မဟုတ်ပါဘူး.ဒီလိုလူမျိုးတွေတွက် အသင့်တော်ဆုံးနည်းလမ်းက ဒီလမ်းပဲ ရှိတယ်လေ.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved