ကချင် စစ်ဘေးဒုက္ခသည်များကို ၈၈ တို့ ဦးဆောင် ထပ်မံ ကူညီရန်ရှိ

Saturday, May 19, 2012


မေလ ၁၈ ရက်နေ့
ဓာတ်ပုံ- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ဒေသခံ အလှူရှင်တဦးက ကချင်စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေပေးအပ်စဉ်

(လင်းသန့် ရေးသားပေးပို့သည်)

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လက်တွေ့ကျကျ အကောင်အထည်ဖော်သည့်အနေဖြင့် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များကို မိုးမကျမီ အချိန်မီ အကူအညီများပေးနိုင်ရေး ပြင်ဆင်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြောသည်။

“ကိုယ့်သွေးချင်းတွေကို စာနာထောက်ထားမှုရှိတဲ့ သူတွေ အနေနဲ့ ၈၈ ရုံးခန်းကို လာရောက်ပြီး လှူဒါန်းနိုင်ပါတယ်။ ကချင် ဒုက္ခသည်တွေကို မိုးမကျခင်ကို အကူအညီပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၈၈ မျိုး ဆက်ကျောင်းသား ခေါင်း ဆောင် ကိုကိုကြီးက ဧရာဝတီကိုပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မြန်မာပြည်တောင်ဖျား တနင်္သာရီတိုင်း ထားဝယ်၊ လောင်းလုံမြို့နယ်များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ်သွားရာတွင်လည်း ထိုဒေသရှိ ဒေသခံများက ကချင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်များအတွက် အလှူငွေများ ၄င်းတို့ကို တဆင့် လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

“မြန်မာပြည် မြောက်ဖျားမှာ ဖြစ်နေတဲ့ဟာကို မြန်မာပြည်တောင်ဖျားက ပြည်သူတွေက လက်သဲဆိပ် လက်ထိပ် နာတယ်။ ဟိုမှာ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေဟာ ငါတို့အသွေးအသားတွေပဲဆိုတာကို ခံစားပြီးတော့ သူတို့ ချွေးနည်းစာ လေးတွေနဲ့ ရွာသူရွာသားတွေရဲ့ ရွာစဉ်အလိုက် အလှူငွေတွေ ကျနော်တို့ကို ပေးလိုက်တာ၊ အဲဒါ အခုထိ ၁၂ သိန်းလောက် ရတယ်” ဟု ကိုကိုကြီးက ရှင်းပြသည်။

ယခုကဲ့သို့ ထားဝယ်ခရီးစဉ်အတွင်း ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ပြည်ထောင်စုသားအချင်းချင်း ၀ိုင်းဝန်း အကူ အညီပေးမှုသည် အလွန်မွန်မြတ်ကြောင်း၊ စစ်ပွဲများ ရပ်စဲကာ တိုင်းပြည် အမြန်ဆုံး ငြိမ်းချမ်းသွား စေရေး ပြည်သူလူထုက အမှတ်တကယ်လိုလားသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာ ဆိုင်းဘုတ်တင်ပြီးကြွေးကြော်နေရုံနဲ့ မဟုတ်ဘူး။ လက်တွေ့ ဒီလိုမျိုး မြန်မာပြည် မြောက်ဖျားကကိစ္စကို တောင်ဖျားကနေပြီးတော့ ၀ိုင်းပြီးတော့ အကူအညီပေးကြတာ” ဟု ကိုကိုကြီး က ဆိုသည်။

မြန်မာအစိုးရက ပဋိပက္ခဇုံများရှိ ထောင်နှင့်ချီသော ဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားသော အကူအညီ ပေးမှုများကို ပိတ်ပင်နေကြောင်း စစ်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံတွင်း IDP ခေါ် နေရပ် ရွှေ့ပြောင်းထွက်ပြေးတိမ်းရှောင်နေရသူများ၊ နယ်စပ်ဒေသ တလျှောက်ရှိ ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်ပေါင်း ၁ သိန်း ခွဲခန့်ထိ ၂ ဆ တက်လာခဲ့သည်ကိုလည်း ဗြိတိန် အမတ်များက စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဗြိတိသျှ ပါလီမန်တွင်းက ပါတီများရဲ့ အမတ် ၆၆ ဦးက ကချင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံတွင်းက ပဋိပက္ခ ဖြစ်နေသည့် နေရာဒေသများရှိ ဒုက္ခသည်များအား နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး Early Day Motion 2719 အဆို တခုကို ဗြိတိန် အထောက်အပံ့ (U.K Aid ) အဖွဲ့အနေဖြင့် လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။

ကချင်စစ်ဘေး ဒုက္ခသည်များအတွက် အကူအညီပေးလိုသူများအနေဖြင့် သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈ မျိုး ဆက်ကျောင်းသားများ၏ ယာယီ ရုံးခန်းသို့လည်းကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသို့လည်းကောင်း ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဆော်သြထားသည်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved