အာဇာနည်ဗိမာန်သွားတဲ့ တောင်ကိုရီးယား သမ္မတ

Tuesday, May 15, 2012

(ဓာတ်ပုံများ - AP)


မြန်မာပြည်ကို အလည်ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုပါတယ်။

ဒါဟာ ၂၉ နှစ်အတွင်း ပြည်ပခေါင်းဆောင်တဦး အာဇာနည်ဗိမာန်ကို သွားရောက်ခြင်းပါ။

၁၉၈၃ ခုနှစ်က ရန်ကုန်ရောက်လာတဲ့ အဲဒီတုန်းက တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်လည်း အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ စီစဉ်ခဲ့ပါတယ်။
အဲဒီကာလ အာဇာနည်ဗိမာန်ဟာ နိုင်ငံရပ်ခြားအကြီးအကဲများ ရန်ကုန်ရောက်တိုင်း မပျက်မကွက် သွားရောက် ဂါရ၀ပြု အလေးပြုကြတဲ့ နေရာပါ။
ဒါကို သိထားတဲ့ ရန်ဘက် မြောက်ကိုရီးယားနိုင်ငံက ချန်ဒူးဝမ် ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်မှာ ဗုံးထောင်ပါတယ်။
ဗိမာန်အတွင်း မျက်နှာကျက်မှာ ဗုံးထောင်တာပါ။
ချန်ဒူးဝမ် မရောက်ခင်လေးမှာ ဗိမာန်အတွင်း ဗုံးပေါက်ကွဲပါတယ်။ ကြိုတင် ရောက်ရှိနေတဲ့ သတင်းထောက်တွေ၊ တောင်ကိုရီးယားဝန်ကြီးတွေ အများအပြား ဒဏ်ရာရ သေဆုံးပါတယ်။ အာဇာနည်ဗိမာန်လည်း အကြီးအကျယ် ပျက်စီးသွားပါတယ်။

ဒီပေါက်ကွဲမှုနောက်ပိုင်း အာဇာနည်ဗိမာန်ကို ပုံစံသစ်နဲ့ ပြန်လည် တည်ဆောက်ပါတယ်၊ ပုံစံသစ်ဗိမာန်ဟာ လုံခြုံရေးရှုထောင့်ကကြည့်ရင် ပုံစံဟောင်းထက် စိတ်ချရတဲ့အနေအထားပါ။
ဒီလိုပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း ဘယ်နိုင်ငံရပ်ခြားခေါင်းဆောင်မှ အာဇာနည်ဗိမာန်ကို မရောက်ဖြစ်တော့ပါဘူး။
မြန်မာအာဏာပိုင်တွေဘက်ကရော ဧည့်သည်တွေဘက်ကပါ အာဇာနည်ဗိမာန် သွားရောက်အလေးပြုရေး အစီအစဉ်ကို လက်ရှောင်ခဲ့ကြပုံရပါတယ်။

အခုတော့ သမ္မတလီမြောင်ဘတ် အာဇာနည်ဗိမာန်ကို ရောက်သွားပါပြီ။
ဒီလို သွားရောက်တာဟာ သူ့ရဲ့ တောင်းဆိုမှုကြောင့်လား၊ ဦးသိန်းစိန်အစိုးရရဲ့ အစီအစဉ်လား ဆိုတာကတော့ မသိရသေးပါ။
နောင် ရောက်လာမယ့် နိုင်ငံရပ်ခြားခေါင်းဆောင်တွေရော အာဇာနည်ဗိမာန်ကို သွားရောက် ဂါရ၀ပြုဖို့ အစီအစဉ် ရှိမရှိ ဆိုတာလည်း မသိရသေးပါ။

လီမြောင်ဘတ်ရောက်လာခြင်းဟာ ၂၉ နှစ်အတွင်း တောင်ကိုရီးယား သမ္မတတဦးရဲ့ မြန်မာပြည်ခရီးစဉ် ဖြစ်ပါတယ်။

လီမြောင်ဘတ်က ခရီးစဉ်အတွင်း ဦးသိန်းစိန်နဲ့ မနေ့က တွေ့ခဲ့သလို ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။


သမ္မတအမည်

သူ့နာမည် 이명박 ကို သတင်းဌာနတချို့မှာ ကိုရီးယားအသံထွက်အတိုင်း အီမြောင်ဘတ် လို့ ရေးထားပါတယ်။
တချို့ကတော့ အင်္ဂလိပ်အသံထွက်အတိုင်း ရေးကြပါတယ်။

ရန်ကုန်တောင်ကိုရီးယားသံရုံးကတော့ မြန်မာစာမျက်နှာ အနည်းငယ် ရှိပေမယ့် သူ့နာမည်ကို ဖော်ပြထားတာ မရှိပါ။






3 comments :

  1. Anonymous said... :

    Good idea of S korea president, he challenge to N Korea by gentlemanly.

  1. Anonymous said... :

    good news, a brave leader.

  1. Anonymous said... :

    မြန်မာပြည်ကိုလာတဲ့ နိုင်ငံခေါင်းဆောင်တွေထဲမှာ
    ကိုရီးယားသမ္မတကြီးကို အရမ်းချီးကျူးလေးစားမိပါတယ်
    ကိုရီးယားပြည်သူများကိုလည်း အရင်ကထက်ပိုရင်းနှီးသွားတယ်
    မြန်မာပြည်ရောက်ရင် အာဇာနည်ဗိမာန်ကိုရောက်ရမယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved