ကျန်းမာရေးဝန်ကြီးဌာနမှ မိဘအရင်းများထံ သမီးအရင်းတဦး၏ အိတ်ဖွင့်ပေးစာ

Friday, June 8, 2012

Facebook မှာ တွေ့ရတဲ့ ပေးစာ


ဘယ်သူ့ကိုမှ တိုက်ခိုက်လိုသောစိတ်နဲ့ ဒီစာကို ရေးခြင်းမဟုတ်ပါ။ အနန္တော အနန္တငါးပါးကို ဦးထိပ်ထားပြီး ရေးပါတယ်ရှင့်။ သားသမီးတစ်ဦးက မိဘတွေဆီမှာ သူခံစားနေရတာတွေ တင်ပြပြီး လိုချင်တာတွေကို ပွင့်ပွင့်လင်းလင်းတောင်းဆိုတဲ့ အရိုးခံ စာပါ။

ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ လူဖြစ်ရတာကိုက ဒုက္ခပါ။ အထူးသဖြင့် ဖွံဖြိုးဆဲ၊ ပြောင်းလဲစ မြန်မာနိုင်ငံလိုဒေသမျိုးမှာ ဆရာဝန်လုပ်ရတာ မလွယ်လှပါဘူး။

ဆေးကျောင်းမတက်ခင်

မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းလျှောက်ချင်ရင် သက်ဆိုင်ရာ တက္ကသိုလ်ကိုလျှောက်လွှာသီးခြားတင်ဖို့ မလိုပါဘူး။ ဆယ်တန်းအောင်အမှတ် (၀ါ) တက္ကသိုလ်ဝင်တန်းလက်မှတ်ပြရင်ရပါပြီ။ ဒါဟာ မိဘနဲ့ ကျောင်းသားအတွက် အဆင်ပြေစေရုံမက ကျောင်းတွေကိုလည်း အလုပ်ဝန်ပေါ့စေပါတယ်။ ဒါပေမယ့် ဆရာဝန်ဖြစ်ဖို့ ရည်မှန်းချက်ရှိတဲ့ ကျောင်းသူ၊ကျောင်းသားတွေဟာ ဆယ်တန်းမှာ အမှတ်ကောင်းအောင် မူလတန်းမဟုတ်ရင်တောင် အလယ်တန်း အထက်တန်းက စပြီး တောက်လျှောက် ကြိုးစားရပါတော့တယ်။ သူများကစားချိန်မှာ မကစားနိုင်ပါဘူး။

ဆေးကျောင်းတက်စဉ်

ဆေးကျောင်းတက်တော့လည်း မလွယ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်ဖို့ တော်တော်ကြိုးစားရပါတယ်။ နယ်က ကျောင်းသားတွေဆိုလည်း မကွေးတို့၊ မန္တလေးတို့ကိုသွားပြီး ပညာသင်ကြရပါတယ်။ လိုက်ဘရီမှာ စာအုပ်တွေမလုံလောက်တာ၊ ခွဲခန်းမှာ အလောင်းတွေ မလုံလောက်တာ၊ လက်တွေ့ခန်းမှာ မိုက်ခရိုစကုပ်တွေ မလုံလောက်တာ၊ နောက်ဆုံးလူနာမလောက်တာအဆုံး ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်နေကျပြဿနာတွေကို ကျော်လွန်ပြီး ဆရာဝန်ဖြစ်လာခဲ့ကြပါတယ်။ အသက်နဲ့ လုပ်ရမယ့်သူမို့ အနီးကပ်နဲ့ မိုက်ခရိုတွေကို အားမကိုးဘဲ တတ်အောင် သင်ခဲ့ပါတယ်။ သူများတက္ကသိုလ်ကျောင်းသားတွေ အားနေချိန်မှာ မအားနိုင်ပါဘူး။

ဆရာဝန်ဖြစ်ပြီ

ဆရာဝန်ဖြစ်တော့လည်း အလုပ်ရဖို့၊ မရဖို့ မသေချာပါဘူး။ ဘယ်တော့ခန့်မယ်မှန်းလည်း မသိပါဘူး။ သိရင်လည်း စောင့်နေချိန်မှာ တစ်ခုခုကို planလုပ်ပြီး လုပ်နေလို့ ရပါတယ်။ ဥပမာ ဘွဲ့လွန် ကျောင်းသွားတက်တာ၊ လုပ်အားပေးသွားလုပ်တာ အစရှိသဖြင့်ပေါ့။ ကိုယ့်ဘာသာကိုယ် သွားတက်ရင်လည်း အဲဒီဘွဲ့ကို အသိအမှတ်မပြုပါဘူး။ အလုပ်မခန့်ခံရတဲ့သူတွေကလည်း ဆမ တန်းမရပါဘူး။ ဆမသင်တန်းဘယ်တော့ဖွင့်မယ်၊ မဖွင့်ဘူးလည်း မသေချာသလို၊ ဘယ်တော့ ဖွင့်မယ်ဆိုတာလည်း မသိပါဘူး။ သူများဝင်ငွေရချိန်မှာ မရပါဘူး။

ဘွဲ့လက်မှတ်ထုတ်ပြီ

ဘွဲ့လက်မှတ်ထုတ်ရင် ဗမာလိုပဲပေးပါတယ်။ အင်္ဂလိပ်လို လိုချင်ရင် ပိုက်ဆံထပ်ပေးရပါတယ်။ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက အင်ဂျင်နီယာတွေကို ထုတ်ပေးတဲ့ ဘွဲ့မှာတော့ အင်္ဂလိပ်လို ပါပါတယ်။ သူများတန်းဝင်ချိန်မှာ ကိုယ့်ဘွဲ့လက်မှတ်က နိုင်ငံတကာကို ပြလို့ မရပါဘူး။ သူများပြနိုင်ချိန်မှာ ပြလို့ မရပါဘူး။

အလုပ်ဝင်ပြီ

အလုပ်ဝင်ရင်လည်း ဘယ်ကို ရောက်မယ်မှန်း မသိပါဘူး။ ရောက်သွားပြီ ဆိုရင်လည်း ဘယ်လောက်ကြာမယ်မှန်း မသေချာပါဘူး။ သေချာတာ တစ်ခုပဲရှိပါတယ်။ လခနဲ့ မလောက်ဘူးဆိုတာပါပဲ။ မနက် ၉နာရီ က ၄နာရီ အထိ အလုပ်လုပ်ရပြီးပြီပေမယ့်လည်း အဲဒီ အလုပ်က ထမင်းစားဖို့ရာ မတတ်နိုင်ပါဘူး။ အိမ်လခနဲ့ ခရီးစားရိတ်နဲ့တင် ကုန်သလောက် ဖြစ်သွားပါပြီ။ အဲဒီတော့ ညနေဘက် ဂျီပီ ဖြစ်ဖြစ် အမ်အို ဖြစ်ဖြစ် ၀င်လုပ်ရပါတော့တယ်။ သူများနားချိန်မှာ မနားရပါဘူး။

ဒီကြားထဲ တရားစွဲခံရနိုင်တဲ့ အန္တရာယ်က ရှိပါသေးတယ်။ အခြား ၀န်ကြီးဌာနက ရုံးတွေမှာ ဘယ်လောက်စောင့်ရစောင့်ရ တရားမစွဲကြပါဘူး။ လက်ဖက်ရည်ဖိုးတောင် ပေးကြပါသေးတယ်။လက်ဖက်ရည်ဖိုးလည်း မလိုချင်ပါ။ ဆေးရုံ မှာကတော့ ခဏစောင့်ရရင် အနည်းဆုံး တိုင်စာလောက်တော့ မှန်းထားရပါတယ်။ အခုလို စတုတ္ထ မဏ္ဍိုင်တွေ ဖွံ့ဖြိုးလာတဲ့ ခေတ်ကြီးမှာ နေ့ချင်းညချင်း ပေါ်ပြူလာတောင် ဖြစ်သွားနိုင်ပါတယ်။ ကိုယ်တွေကို စနစ်တကျ ကာကွယ်ပေးမယ့် medical protection society ဆိုတာ မျိုးလည်း မရှိပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ ဖြစ်ပါတယ်။ သူများဝန်ကြီးဌာန လာဘ်တွေယူပြီး ကားတွေစီးနေကြချိန်မှာ ကိုယ်ကတော့ ဆင်းရဲရင်ဆင်းရဲ သမာအာဇီဝနဲ့တော့ စားမယ်ဆိုတဲ့ ထုတ်မရောင်းနိုင်တဲ့ စာရိတ္တလေးရယ်၊ ပြည်သူ့ဆေးရုံ အစုတ်ကလေးကို လာတက်တဲ့ လူနာတွေရဲ့ ထမင်းကို ခွဲဝေစားဖို့ရာ မျိုမကျနိုင်တဲ့ စေတနာလေးရယ် ပိုက်ပြီး ည၈နာရီ ၉နာရီအထိ မလင်းတစ်ချက် လင်းတစ်ချက်နဲ့ သူများအိမ်ရဲ့ ကွမ်းယာဆိုင်သာသာ အဖီကလေးမှာ ဆေးခန်းအငှားသွားဖွင့်ဖို့ မူးနေမယ့် ဒရိုင်ဘာနဲ့ စပယ်ယာ လက်လွတ်စပယ် မောင်းလာမယ့် ဘတ်စကားကို ယုန်ထင်ကြောင်ထင် အထင်ခံပြီး စောင့်ရပါတယ်။ သူများသုံးနိုင်တဲ့ အချိန်မှာ မသုံးနိုင်ပါဘူး။

ပီဂျီဖြေပြီ

ဖြေချင်သလောက်ဖြေပါ။ အောင်ချင်မှလည်း အောင်ပါမယ်။ မအောင်ပဲနဲ့ တ၀ဲလည်လည်တွေလည်း အများကြီးပါ။ အောင်တဲ့သူတွေလည်း သိပ်ပြတ်ပြတ်သားသား မပျော်ကြရပါဘူး။ အကြီးတွေ အဆူအဆဲခံရမှာ၊ ပီဂျီတက်နေတဲ့ကာလတွေမှာ ဘယ်လိုရပ်တည်ရမှန်းမသိတာ၊ ဗိုက်ကြီးရင် ပီဂျီဝဒ်ထဲကို မလာခဲ့နဲ့လို့ ၊ မီးဖွားခွင့်မပေးနိုင်ဘူးလို့ဆိုတာ၊ ပီဂျီ ပြီးရင်လည်း ဆက်ငတ်နိုင်ချေရှိသေးတာ တွေတွေးပြီး ရင်တထိတ်ထိတ်နဲ့ပါ။ သူများ ပျော်ချိန်မှာ မပျော်ရပါဘူး။

အလုပ်ထွက်ပြီ

ဒီလောက် ဖြူစင်သန့်ရှင်းပြီး မွန်မြတ်တဲ့ အလုပ်ဟာ ငါနဲ့ မတန်ဘူးလို့ အရှူံးပေးလက်မြှောက်ပြီး ထွက်တော့မယ်ဆိုရင်လည်း လွယ်လွယ်ကူကူတော့ ထွက်လို့မရပါဘူး။ တင်ထားပြီးရင် ဘယ်လောက်ကြာမယ်မှန်း မသိပါဘူး။ မစောင့်နိုင်လို့ ထွက်ကြပြီဆိုရင်လည်း ကိုယ်စေတနာထား ရုန်းကန်ပြီး လုပ်ခဲ့တဲ့ ၀န်ကြီးဌာနက ရေးတဲ့စာဟာ လေသံဟာတော်တော်ပြင်းပါတယ်။ အဲဒီစာကို ဖတ်ပြီး မျက်ရည်ကျရတဲ့ ဆရာဝန်တွေကို ၃ ယောက်ထက် မနည်း တွေ့ဖူးပါတယ်။

မိုးပေါ်က အပ်တစ်ချောင်းနဲ့ မြေပြင်ပေါ်က အပ်တစ်ချောင်းထိလို့ ထွက်ခွင့်ရရင်လည်း EC ကို ချက်ချင်းလျော်လို့ မရသေးပါဘူး။ တစ်နှစ်စောင့်ရပြန်ပါတယ်။ အင်ဂျင်နီယာတွေကတော့ လွယ်လွယ်ကူကူ လျော်လို့ ရပါတယ်။ သူများလျော်ချိန်မှာ မလျော်နိုင်ပါဘူး။

ညည်းမယ့်သာ ညည်းရတာ။ တကယ်တော့ ဒါတွေဟာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒါမျိုးတွေ မရှိဘူးထင်လို့၊ မကြုံရဘူးထင်လို့ ၀င်လာခဲ့တာ မဟုတ်ပါ။ အများစုက သိသိချည်းနဲ့ ၀င်လာခဲ့ကြတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လူဖြစ်လာသူမို့ အခြေအနေအများစုကိုလည်း နားလည်ပြီးသားပါ။

ဆေးကျောင်းတွေကို နယ်မှာ ဖွင့်တာကို နားလည်ပါတယ်။ decentralize လုပ်ရမှာပါ။ သီအိုရီတွေ အရလည်း နယ်မှာ ဖွင့်ရင် access ပိုကောင်းပြီး ပို retain လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုတာ လက်ခံပါတယ်။ ကျောင်းမှာ facility တွေ မလုံလောက်တာကို နားလည်ပါတယ်။ ရှိမှ မရှိတာကိုး။ ရှိတာလေးနဲ့ ဖြစ်အောင် ၀ိုင်းဝန်းပြီး လုပ်နေကြရတာကိုလည်း လေးစားပါတယ်။ အလုပ်မခန့်နိုင်တာကို နားလည်ပါတယ်။ တစ်တိုင်းပြည်လုံး ဆင်းရဲနေပြီး ကျန်းမာရေး ဘတ်ဂျက်ကိုလည်း သိပါတယ်။ ပီဂျီတက်ဖို့ ခက်တာ နားလည်ပါတယ်။ demand နဲ့ supply နဲ့မှ မမျှတာကိုး။ အားလုံးတက်ဖို့ရာ မဖြစ်နိုင်ဘူးဆိုတာလည်း သဘောပေါက်ပါတယ်။ နယ်မှာ ပို့စ်စတင်ချတာ နားလည်ပါတယ်။ ၀န်ထမ်းဆိုတာ ထားရာနေ၊ စေရာသွားရမှာပဲပေါ့။ တိုင်းပြည်တာဝန်ကို မြို့ပေါ်မှာပဲ ထမ်းဆောင်ချင်လို့တော့ ဘယ်ရမလဲ။ ၀န်ထမ်းပြေးကို ရာဇ၀တ်ကောင်လို သဘောထားတာ နားလည်ပါတယ်။ ဟုတ်တယ်လေ ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်လား။ လခမလုံလောက်တာ၊ တိုးပေးဖို့ခက်တာ နားလည်ပါတယ်။ ၀န်ကြီးဌာနတစ်ခုတည်း လုပ်လို့ရတာမှ မဟုတ်တာ။ ထမင်းကို ခက်ခက်ခဲခဲ ရှာစားနေရတာ နားလည်ပါတယ်။ လခနဲ့လောက်တဲ့ ၀န်ထမ်း မတွေ့ဖူးသလောက်ပါပဲ။ အစိုးရကျောင်းမှာပဲ ထားနိုင်တဲ့ ကိုယ့်သားသမီး ကျောင်းစားရိတ်ကို ၀န်ထမ်းဆရာဝန်တစ်ယောက်အနေနဲ့ ဖြစ်ဖြစ်မည်အောင် ရှာရတာ နားလည်ပါတယ်။ ဒါပေါ့ ကိုယ့်သားသမီးကို ပညာတတ်စေချင်ရင် ကျောင်းတော့ ထားရမှာပေါ့။ တရားစွဲခံရတာ နားလည်ပါတယ်။ ကိုယ်သတိလစ်ရင် ကိုယ်ပဲခံရမှာပေါ့။ ကိုယ့်တာဝန် ကိုယ်ယူရဲ ရမှာပေါ့။ ဒီအခက်အခဲတွေ ပြေလည်ဖို့ သက်ဆိုင်ရာ ဆရာကြီးတွေ၊ ဆရာမာကြီးတွေကလည်း တတ်နိုင်သလောက်လုပ်နေကြတာတွေလည်း သိရကြားရတွေ့နေရပါတယ်။ အဲဒါကြောင့် ကျေးဇူးလည်းတင်၊ နားလည်းနားလည်ပါတယ်လို့ ပြောပါရစေ။ လုပ်ချင်တိုင်းလည်း လုပ်ခွင့်မရကြဘူးဆိုတာ နားလည်ပါတယ်။

ဒါပေမယ့် ဒါတွေကိုတော့ သိပ်နားမလည်ပါဘူး။ ဆရာကြီး၊ ဆရာမကြီးတို့ လုပ်ပိုင်ခွင့်ထဲမှာ ရှိတယ်လို့ ယူဆလို့ပါ။

၁။ ဆရာဝန်ဖြစ်ပြီးနေပေမယ့် ဆမ ချက်ချင်းမပေးတာကိုပါ။ တစ်နှစ်ဘယ်လောက်ထွက်တယ်၊ ဘယ်လောက်ခန့်နိုင်တယ်ဆိုတာ အကြမ်းဖျင်းတွက်ကြည့်ပြီးရင် ထွက်သလောက်ခန့်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။ ဒီတော့ ဆမကို ကျောင်းပြီးတာနဲ့ တန်းပေးစေချင်ပါတယ်။ ရန်ပုံငွေရှာဖို့ သင်တန်းလုပ်ချင်တယ်ဆိုရင်လည်း ဟောက်စ်ပြီးတာနဲ့ တစ်ခါတည်း လုပ်ပေးစေချင်ပါတယ်။ ဒါကို စောင့်နေစရာမလိုတော့ဘဲ လုပ်စရာရှိတာတွေကို Plan ချပြီး လုပ်လို့ ရအောင်ပါ။

၂။ ဘွဲ့လက်မှတ်ပေးရင် အင်္ဂလိပ်လိုပါ ပေးစေချင်ပါတယ်။ တစ်ရွက်တည်းမှာပဲ ဖြစ်ဖြစ်၊ translation နဲ့ပဲ ဖြစ်ဖြစ်ပါ။ မဟုတ်ရင်ဒါဟာ ငါတို့ ဆီမှာ မလုပ်နိုင်ရင် တစ်ခြားဆီမှာလည်း သွားလုပ်ဖို့ ခက်အောင် ငါတို့လုပ်ထားမယ်ဆိုတဲ့ သဘောထားမျိုးပြရာ ရောက်နေပါတယ်။ ဒီအသေးအဖွဲလေးဟာ ၀န်ကြီးဌာနရဲ့ သဘောထားကို ကိုယ်စားပြုတယ်ဆိုတာ သတိရစေချင်ပါတယ်။

၃။ အလုပ်မခန့်နိုင်မယ့် အတူတူ နိုင်ငံခြားထွက်ဖို့လွယ်အောင်လုပ်ပေးပါ။ ဒါဟာ နိုင်ငံတကာမှာလည်း very controversial issue ဆိုတာလည်း နားလည်ပါတယ်။ ကိုယ်ပိုင် အမြင်ရတော့ လုပ်ပေးစေချင်ပါတယ်။ brain drain တိုင်း drain တာ မဟုတ်ပါ။ gain အောင်လုပ်နိုင်ရင် gain မှာပါ။ ဥပမာ ဖိလစ်ပိုင်ကို ကြည့်ပါ။ ပြည်တော်ပြန် mechanism ရယ်၊ brain gain ဖြစ်အောင်လုပ်နိုင်တဲ့ national နဲ့ international level tools တွေခိုင်မာ ဖြစ်တည်လာရင် gain လာမှာပါ။ mulitsector involvement နဲ့ long-term vision တော့လိုပါမယ်။ အချိန်လည်းလိုပါမယ်။ drain မယ့်အတူတူတော့ အမြတ်ထွက်အောင်လုပ်ရမှာပါ။

ထွက်ခွင့်ပေးရင် international arena မှာ မြန်မာဆရာဝန်တွေ နေရာ ပိုရလာမှာပါ။ မြန်မာတွေ မညံ့ပါ။ လုပ်ခွင့်မရကြလို့သာပါ။ တစ်ကမ္ဘာလုံးက အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ MLE လို စာမေးပွဲမျိုးမှာတောင် မြန်မာဆရာဝန်တွေ ဗိုလ်စွဲလို့ ဂုဏ်ပြုပွဲတွေ လုပ်ကြတာ မကြာခဏ တွေ့ရကြားရပါတယ်။ အူကင်ဆာ သုတသနမှာလည်း မြန်မာဆရာဝန်လေးတစ်ယောက် ပေါက်ပေါက်မြောက်မြောက်ဖြစ်နေတာ ဖတ်လိုက်ရပါတယ်။ နိုင်ငံခြားမှာ ဆရာဝန်အလုပ်လုပ်ရရင် ပိုက်ဆံအများကြီးရပါတယ်။ မြန်မာ ၀န်ထမ်းဆရာဝန် လခထက် ပိုပါတယ်။ အဲဒီပိုက်ဆံကို အခွန်ကောက်ပါ။ ရတဲ့ အခွန်နဲ့ ပြည်တွင်းမှာ လုပ်ချင်တဲ့ ဆရာဝန်တွေကို ပြန်ခန့်ပါ။ အဲဒီပိုက်ဆံနဲ့ brain drain အရ knowledge and skilled personnel ဆုံးရှူံးသွားတာကို ပြန်ထေမိအောင် ရနိုင်သလောက် ပြန်သုံးပါ။ အခုလည်း ခိုးထွက်နေကြတဲ့ အတူတူ ဘာထူးလဲ။ ကူညီပေးရင် စေတနာ ပိုပါပါတယ်။ brain drain လို့ မမြင်ဘဲ brain export လို့မြင်ပေးပါ။ export နဲ့ health system strengthening ကြားမှာ မျှချေကို တွေ့အောင် ရှာရမှာပါ။ အခုဆရာကန်တော့ပွဲလုပ်ရင် ပြည်ပကဆရာဝန်တွေ ထည့်နေကြတာကိုပဲ ကြည့်ပါ။ visiting professor မပြောနဲ့ visiting lecturer လောက်ပေးရင်တောင် ကိုယ့်စားရိတ်နဲ့ ကိုယ်ပြန်လာပြီး အချိန်အတိုင်းအတာတစ်ခု အထိ leave without pay ယူပြီး အလှည့်ကျ ပြန်လာလုပ်မယ့် မြန်မာ consultant တွေ အများကြီးပါ။ တစ်ဖက်နိုင်ငံနဲ့ bilateral agreement မျိုးသာ ရှိခဲ့လို့ ကတော့ ကြိုက်တဲ့ နေရာ သွားခိုင်းလို့ ရပါတယ်။ မရှိရင်တောင် သွားပေးကြမှာပါ။ လခလိုလို့ ပြန်လာတဲ့ သူတွေမှ မဟုတ်ဘဲ။ ဗိုက်ပြည့်ပြီးလို့ ကိုယ့်တိုင်းပြည်အတွက် ပြန်လာလုပ်ချင်သူတွေ အများကြီးပါ။

၎။ ဆေးကျောင်းတွေက နိုင်ငံခြားက စာလာရင် မပြန်ဘူးလို့ ကြားဖူးပါတယ်။ ဟုတ်မဟုတ် မသေချာပါ။ ဟုတ်တယ်ဆိုရင် ပြန်ပေးစေချင်ပါတယ်။ တကယ်တက်သွားတဲ့ ကျောင်းသားကို တကယ်တက်သွားတယ်လို့ ထောက်ခံပေးလိုက် ရုံပါပဲ။

၅။ ကိုယ့်ဘာသာကိုယ်ဘွဲ့သွားယူခဲ့ဘွဲ့တွေကို အသိအမှတ်ပြုပေးလိုက်ပါ။ နိုင်ငံတော်က စားရိတ်တစ်ပြားမှ မကုန်ဘဲ brain gain ပါတယ်။ ပြန်လာချင်တဲ့သူကတောင် ပြန်လာချင်သေးတာပဲ။ လက်ခံလိုက်ပါ။ သူပြန်လာချင်တာ သူ့မှာ ပြန်လာရမယ့် အကြောင်းတစ်ခုခုရှိုလို့ နေမှာပါ။ အဲဒါကို သုံးပြီး win-win ဖြစ်အောင် စဉ်းစားပေးပါ။ သူ့ဘာသာသူကြိုးစားလာလို့ ရလာတဲ့ဘွဲ့ကို အသိအမှတ်ပြုပေးလိုက်ရုံပါပဲ။ ရာထူးတိုးပေးဖို့ မဆိုလိုပါ။ ရလာတဲ့ ဘွဲ့ကို တရားဝင်တပ်ခွင့်ပြုဖို့ပါပဲ။ ပိုက်ဆံနဲ့ ဆွဲဆောင်ဖို့ မတတ်နိုင်ရင် တတ်နိုင်တာနဲ့ ဆွဲဆောင်ရပါမယ်။ ၀န်ထမ်းတွေဟာ ဘယ်လို incentives တွေကို respond လုပ်တယ်ဆိုတာ study တွေ အများကြီးရှိပါတယ်။ လုံလောက်တဲ့ လခကို မပေးနိုင်သေးခင်မှာ တစ်ခြား incentives တွေကို စဉ်းစားရပါမယ်။ ကြမ်းရုံနဲ့ အလုပ်မဖြစ်ပါ။

၆။ မလုပ်ချင်တော့တဲ့သူ၊ လုပ်ဖို့ မီးစာကုန် ဆီခမ်းနေတဲ့ သူတွေကို ထွက်ခွင့်ပေးလိုက်ပါ။ ထွက်ခွင့်ပေးရင် နိုင်ငံတော်က ဆုံးရှံးမှာ မှန်ပေမယ့် ဆက်ခိုင်းနေတော့ရော သေသေချာချာ အားထည့်ပြီး လုပ်နေကြတာမှ မဟုတ်ပဲ။ ဆက်ပြုန်းနေမှာပါပဲ။ ထွက်ချင်သူတွေ ပေးထွက်လိုက်ရင် ဆုံးရှုးံမှာ မှန်ပေမယ့် ၀င်လာချင်သူတွေ ၀င်ခွင့်ရကြမှာပါ။ အသစ်တွေမှာ အတွေ့အကြုံမရှိပေမယ့် အဟောင်းတွေမှာ မရှိတဲ့ အားတွေ ရှိနေတတ်ပါတယ်။ ဒီအားတွေကို သင့်တော်ရာနည်းနဲ့ harness လုပ်ပြီး လိုရာသုံးလို့ ရနိုင်ကောင်းပါတယ်။ ဒီတော့ လုပ်သက် ၃နှစ်ဖြစ်ဖြစ် ၅ နှစ်ဖြစ်ဖြစ် တစ်ခုခု သတ်မှတ်ပြီး ထွက်ခွင့်ပေးလိုက်ပါ။ တရားဝင်လည်း ကြေညာလိုက်ပါ။ အခုလက်ရှိအနေအထားက ထွက်တော့ ထွက်နေကြတယ်။ ဘယ်လို ထွက်ခွင့်ရမှန်း တိတိပပ မသိရပါဘူး။ မူတွေကို တစ်ဦးတစ်ယောက်က arbitrarily ဆုံးဖြတ်တာ မဟုတ်ဘဲ တိတိကျကျနဲ့ မြင်သာအောင်လုပ်ပေးပါ။ မူတွေဟာလည်း တစ်ယောက်ပြောင်းတိုင်း တစ်ခါလိုက်ပြောင်းရတဲ့ မူမျိုးမဟုတ်ဘဲ long-term master plan ထဲမှာသွားပြီး integrate လုပ်လို့ ရမယ့် မူမျိုးဖြစ်စေချင်ပါတယ်။ staff turnover ဆိုတာ ၀န်ကြီးဌာနတိုင်း၊ အဖွဲ့အစည်းတိုင်း မလွှဲမသွေ ကြုံတွေ့ရမယ့် ပြဿနာပါ။ ထွက်တာကို တင်းကြပ်တာဟာ တစ်ခုတည်းသော အဖြေမဟုတ်သလို staff performance ကို သက်ရောက်မှုတွေ ရှိစေပါတယ်။ အနည်းဆုံးတော့ ၀င်လာမယ့်သူတွေကို တွန့်စေပါတယ်။

၇။ ထွက်ခွင့်ရတဲ့သူတွေကို EC ချက်ချင်း လျော်ခွင့်ပေးပါ။ ငါတို့ ဆီက ထွက်ပြေးတဲ့ကောင်တွေ တစ်နှစ်လောက်တော့ ခံဆိုပြီး မငြိုးပါနဲ့။ အတိုင်းအတာတစ်ခုအထိ တိုင်းပြည်အတွက် တာဝန်ကျေပြီးလို့ ထွက်ခွင့်ပေးလိုက်တာပဲ မဟုတ်လား။ တစ် နှစ်စောင့်၊ နှစ်နှစ်စောင့်ဆိုပြီး လုပ်မနေပါနဲ့တော့။ ချက်ချင်းလျော်ပြီး ချက်ချင်း နိုင်ငံခြားထွက်တော့ သူ့ခမျာ စေတနာဆရာဝန်ဆိုတဲ့ စားလို့မရတဲ့ ဂုဏ်ပုဒ်ကလေးပိုက်ပြီး တစ်သက်လုံး မွဲခဲ့ရသမျှ ချက်ချင်း ကားစီးပြီး အိမ်ခန်းဝယ်နိုင်တာပေါ့။ အခု ကျောင်းပြီးစ ကလေးတွေတောင် ဆမ သင်တန်းတက်ပြီးရင် ချက်ချင်း EC လျော်လို့ ရနေပြီပဲ။ တိုင်းပြည်အတွက် လုပ်နေတဲ့၊ လုပ်ပြီးခဲ့တဲ့ သူတွေဟာ မလုပ်ရသေးတဲ့ သူတွေထက် အခွင့်အရေး ပိုမရသင့်ဘူးလား။ သူ့ခမျာ အလုပ်ကြမ်းနဲ့ ထမင်းမ၀ဒဏ် ၃နှစ်တော့ အနည်းဆုံးခံပြီးပါပြီ။

အခု ဆရာဖေ ဦးဆောင်တဲ့ ၀န်ကြီးအဖွဲ့လက်ထက်မှာ ကောင်းတဲ့ အပြောင်းအလဲတွေ အများကြီးတွေ့ရပါတယ်။ သက်ဆိုင်ရာ ပါချုပ်တွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေကလည်း နိုင်သလောက် လုပ် နေကြပါတယ်။ ၀မ်းလည်းသာ ကျေးဇူးလည်း တင်ရပါတယ်။ မျှော်လင့်ချက်တွေလည်း ရှိလာပါတယ်။ ကိုယ့်သားသမီးလို တွေးပေးနိုင်ကြလို့လည်း သာဓုခေါ်မိပါတယ်။ ဘာတွေလုပ်နေကြတယ်ဆိုတာ သိလို့ ဒါရင်ထဲက တကယ်ပြောတဲ့ စကားပါ။ အရင်ဝန်ကြီး ကတော့ စံပြပါပဲ။ သူ့ကိုတော့ ဒေါက်တာကျော်မြင့်လို့ မခေါ်ချင်၊ ဗိုလ်ချုပ်ကျော်မြင့်လို့ ပဲ ခေါ်ချင်ပါတော့တယ်။ သူ့လက်ထက်က management အမှားအကြီးကြီးတွေကို အခုလူတွေလက်ထက်အထိ ခါးစည်းခံရတုန်း ရှိပါသေးတယ်။ ပညာတတ်တွေကို ထိန်းချင်ရင် စစ်တပ်လို တစ်သွေးတစ်သံတစ်မိန့်နဲ့ မရနိုင်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဖြစ်ခွင့်ပေးလိုက်ရင် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့ စိတ်ဝင်စားလာကြပါလိမ့်မယ်။ မပြည့်စုံတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အခက်အခဲကို နားလည်ပါတယ်။ သက်ဆိုင်ရာနေရာတွေမှာ လုပ်ဆောင်နေကြတဲ့ လူကြီးတွေရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့မူတွေကိုတော့ ပြန်ပြီး ဆန်းစစ်လိုပါတယ်။ sticks တွေနဲ့ carrots တွေကို ပြန်ချိန်စေချင်ပါတယ်။ sticks တွေ များနေတယ်လို့ ထင်ပါတယ်။

အခုဒီစာမှာ အမှားပါရင်နားလည် ခွင့်လွှတ်ပေးစေလိုပါတယ် ဆရာကြီး ဆရာမကြီးများရှင့်။ ကျန်းမာရေး ၀န်ကြီးဌာနကို တိုက်ခိုက်ဖို့ လုံးဝမရည်ရွယ်ပါဘူး။ လိုချင်တာတွေရှိလို့ ပူဆာတဲ့ စာသာ ဖြစ်ပါတယ်။ ဒေါသတွေပါနေခဲ့ရင်လည်း သူများကစားချိန် မကစားနိုင်၊ သူများအားချိန်မှာ မအားနိုင်၊ သူများ ရချိန်မှာ မရနိုင်၊ သူများပြချိန်မှာ မပြနိုင်၊ သူများ နားချိန်မှာ မနားနိုင်၊ သူများသုံးချိန်မှာ မသုံးနိုင်၊ သူများ ပျော်ချိန်မှာ မပျော်နိုင်၊ သူများလျော်ချိန်မှာ မလျော်နိုင်ခဲ့တဲ့ ဒုက္ခတွေကို နာတာရှည်ရောဂါတစ်ခုလို နှစ်ရှည်လများခံစားခဲ့ရသူ self-censorship အားနည်းတဲ့ အမိုက်မလို့ပဲ နားလည်ပေးပါရှင့်။ ဆေးလောကဟာ မိသားစုတစ်ခုဆိုရင် ဒီမိသားစုဝင်တစ်ယောက်အနေနဲ့ ခံစားမိတာတွေပြောရင်း ကိုယ့်မိဘတွေကို ဒါတွေတော့ လုပ်ပေးစေချင်တယ်ဆိုပြီး သားသမီးတစ်ယောက်အနေနဲ့ တိုင်တည်ပြီး ရေးတဲ့စာ ဖြစ်ပါတယ်။ national decision maker နေရာမှာ မနေဖူးသူ ကလေးကလားတစ်ယောက်ရေးတဲ့စာလို့ မှတ်ယူပေးပါ။ ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင်ခွင့်လွှတ်ပေးပါရှင့်။ ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများကို မိဘနဲ့ တစ်ဂိုဏ်းတည်းထားပြီး ပုဆစ်တုပ်လျက် လက်ဆယ်ဖြာမိုးကာ ကျိုးနွံစွာ ကန်တော့လိုက်ပါတယ်ရှင့်။ တောင်းဆိုချက်တွေထဲမှာလည်း အကုန်မဟုတ်ရင်တောင်မှ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်တွေကို မိဘမေတ္တာ၊ သမားမေတ္တာနဲ့ လိုက်လျောပေးစေလိုပါတယ်ရှင့်။ လိမ်မာတဲ့ သားသမီးပီပီ မိဘများရဲ့ သွန်သင်ဆုံးမမှုကိုလည်း နာယူရန် အသင့်ရှိကြောင်းပါရှင့်။ ။

4 comments :

  1. Nanda said... :

    Very Good and Clear suggestions. Government should read this article to understand how well educated persons are suffering under their stupid management.

  1. Anonymous said... :

    သိပ်ကောင်းတဲ့ ရေးသားအကြံပြုချက်ပါ။
    ကျွန်တော့်၏ ခံစားချက်ကလေးကိုလည်း ပြောပြချင်ပါသည်။ ကျွန်တော်ဆရာဝန်တစ်ဦး မဟုတ်ပါ။ ဆရာဝန်သားသမီး ၂ ဦး၏ မိဘသာဖြစ်ပါသည်။ ကလေးတွေ ၁၀ တန်းအောင်ပြီး ဂုဏ်ထူးတွေတစ်သီကြီးနဲ့ ဆေးကျောင်းတက်တုံးက ပတ်ဝန်းကျင်က ၀ိုင်းပြီးချီးကျူးကြလို့ မိဘတွေ ခေါင်းမော့ရင်ကော့ခဲ့ဘူးပါသည်။ နောက်ပိုင်းတော့ ကုန်လိုက်သည့်ငွေ၊ အချိန်တွေလည်း မပြောပါနဲ့တော့ ဆရာဝန်ဘွဲ့ရသည်အထိဖြစ်ပါသည်။ စာကြိုးစားရတာတွေများတော့ သူများသားသမီးတွေလို ကျောင်းတစ်ဖက် စီးပွါးတစ်ဖက်လည်းခိုင်းလို့  မရ၊ အားလုံး အိပ်ထဲကအထုတ်ဖြစ်သည်၊ အ၀င်ဆိုတာမရှိ။ အဲဒီနောက် ဆေးကျောင်းကဘွဲ့ရလို့ မိဘတွေအကုန်အကျသက်သာသွားပြီလားလို့မမေးနှင့် မပြီးဆုံးနိုင်သေးသောပညာရပ်တွေအတွက် ကျူရှင်တွေထပ်တက်နေလို့ မိဘတွေ ရင်မောရပြန်ပြီ။ မိမိ သားသမီးတွေနဲ့အတူ ၁၀ တန်းအောင်တုန်းက အမှတ်မကောင်းခဲ့တဲ့သူတွေက ရိုးရိုးဘွဲ့သာရသော်လည်း အချို့ကလုပ်ငန်းခွင်အသီးသီးဝင် အချို့က စီးပွါးရေးလုပ်ကြပြီး ၀င်ငွေတွေရနေတာကိုမြင်ရတဲ့ ကျွန်တော့်သားသမီးဆရာဝန်တွေ မျက်နှာမကောင်းကြပါ။ ကျွန်တော်လည်း သူငယ်ချင်းများက မင်းသားသမီး ဆရာဝန်တွေ ဘယ်မှာတာဝန်ကျနေလည်းမေးတော့ အလုပ်လက်မဲ့ဆရာဝန်များဖြစ်ကြောင်း အလုပ်ဘယ်မှာရှိသည်ကို မသိကြောင်း ဘယ်ကာလမှ အလုပ်ရမည်ကိုလည်းမသိကြောင်း ရှင်းရှင်းပြရတာ ကြာတော့ ရှက်လာပါသည်။ မေးခံရမှာ ကြောက်လာပါသည်။
    အချို့ကလည်း ဆရာဝန် ၂ ယောက်၏ မိဘများဖြစ်သည့် ကျွန်တော်တို့ လင်မယားကို အရမ်းအထင်ကြီးပြီး သားသမီးလုပ်စာနဲ့ မိဘတွေတော့ ဒူးနှံ့နေပြီလို့ ထင်ကြေးပေးကြတဲ့အခါ ရှက်ပြုံးလေးပြုံးပြီး တိတ်တခိုးသက်ပြင်းလေးချရပြန်ပါတယ်။ အော် ဒီခေတ်မှာ ဆရာဝန်သားသမီးတွေရဲ့မိဘဖြစ်ရတာ အတော်ဒုက္ခကြီးပါလားလို့ တွေးမိသည်။ ကလေးတွေကို ဆရာဝန်ဖြစ်အောင်ပြုစု ပျိုးထောင်ပေးမိတာ နောင်တရသလိုဖြစ်မိသည်။ လိမ္မာပြီး စာခပ်ညံ့ညံ့ကလေးတွေသာ မွေးထားခဲ့ရင် အခုလောက်ဆို အလုပ်တွေလုပ်ပြီး မိဘတွေကိုတစ်ဖက်တစ်လမ်းက ပြန်ပြီးကူညီနေကြပြီ လို့ တွေးမိပြန်သည်။ ပြီးဆုံးခဲ့သော ပြန်လည်ရယူမရနိုင်တော့သော အတိတ်ကာလ ( ယခင်အစိုးရအဆက်ဆက် )၏ ပညာရေးစနစ်နှင့် ကျမ်းမာရေးဝန်ကြီးဌာနအနေဖြင့် တက်သက်စဆရာဝန်လေးများ၏ ဂုဏ်သိက္ခာတက်ရေး၊ စိတ်ဓါတ်မကျဆင်းရေး၊ ဆထက်ထမ်းပိုး ပိုမိုကြိုးစားချင်စိတ် မြင့်မားလာစေရေး တို့အတွက် အစီအမံမရှိမှု အားနည်းမှုများကြောင့် တက်သစ်စ ဆရာဝန်များ၏ ဖေဖေမေမေများ ဖြစ်ရာသည်မှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလေစွဟု ခံစားမိပါသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ဆောင်ကျဉ်းပေးမည့် အစိုးရသစ် သမ္မတကြီးနှင့် ကျမ်းမာရေးဝန်ကြီးတို့အပေါ် ယုံကြည်မှုလေးဖြင့် ဆရာဝန်ပေါက်စလေးများ၏ အနာဂါတ်ရဲ့ မှုန်ပြပြအလင်းရောင်လေး (သို့မဟုတ်) မ၀ရေစာ လစာလေးဖြင့် ခန့်အပ်သော အစိုးရဆရာဝန် အလုပ်ကလေးကို လည်ပင်းရှည်အောင်
    မျှော်မှန်းနေမိပါတော့သည်။

  1. အေတူကန် said... :

    ဆရာဝန်တောင် အဲလိုပဲဆိုတော့ ဘယ်လိုလုပ်မလဲ။ ကဲ ဘယ်လိုလဲတဲ့၊ ဘယ်လိုမှ မလဲဘူး အဲလိုပဲလား။

  1. May said... :

    I hope President U Thein Sein may read this article. If he really wants to change the policy, such illogical and unreasonable matters should not be present anywhere.

    What a funny? Why don't they acknowledge the higher degrees obtained from the foreign medical universities?
    If they really want the public best interest, they must warmly welcome any specialist who wants to help own country. Nobody can drink alone all of the sea water.

    Why are they doing so much confusing matters?
    If they would allow the persons who want to resign and substitute with younger generation at that place, all the problems would have been resolved.

    I couldn't understand what is their goodwill to own country.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved