မန္တလေးသားရဲ့ ချင်းမိုင်ခရီး

Thursday, June 28, 2012

(



မန်းသားလေး ရေးသားသည်)

ချင်းမိုင်မြို့ ကျုံးတောင်ဘက်က မြင်ကွင်းတခု။ တစိတ်တပိုင်း ပြန်တည်ဆောက်ထားတဲ့ ကျုံးမြို့ရိုးဘေးက နတ်ကွန်းရှေ့မှာတော့ ကားတွေ၊ မီးဖွင့်မောင်းတဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းနေပါတယ်။

ချင်းမိုင်မြို့ကို ရောက်တဲ့အချိန်မှာပဲ မန္တလေးမြို့ရဲ့ အငွေ့အသက်ကို ချက်ခြင်း ရလိုက်မိတယ်.. ဘာလို့လဲ ဆိုတော့ ချင်းမိုင်နဲ့ မန္တလေးမြို့ဟာ အသွင်သဏ္ဌာန် ခပ်ဆင်ဆင် တူနေလို့ပဲ…။

အလုပ်ကိစ္စတစ်ခုနဲ့ ချင်းမိုင်မြို့ကို ထွက်လာတဲ့အချိန်မှာ ကျွန်တော်နေတဲ့ မန္တလေးမြို့နဲ့ ရက်ပေါင်းများစွာ ဝေးကွာခဲ့ရတာကို စိတ်ထဲမှာတွေးပြီး စနိုးစနှောင့် ဖြစ်နေခဲ့မိတာ..

မန္တလေးသားတွေ ဆိုတာ ဒေသစွဲ.. နေရာစွဲတွေ ရှိတတ်ကြတယ်လို့ လူအများက ပြောကြတယ်။ ခုတော့ ကျွန်တော်လည်း မန္တလေးသားပေမို့ ဒီစိတ်လေး ဖြစ်မိတယ်ထင်ပါတယ်.. ကိုယ်ရောက်သွားတဲ့ မြို့မှာ ဘာအဆင်မပြေမှုတွေများ ဖြစ်လာမလဲ.. ကိုယ်နဲ့ အံဝင်ဂွင်ကျ ဖြစ်ပါ့မလား ဆိုပြီး တွေးပူနေတာကော..

စိတ်ထဲမှာ နံနက်စာ စားနေကျ နန်းကြီးသုပ်လေး မစားရတော့ဘူး ထင်တယ်..။ ၀က်ခေါက်နဲ့ အထွေးလိုက် သုပ်ထားတဲ့ မြီးရှည်လေးလည်း မလွေးရတော့ဘူး.ဆိုပြီး မန္တလေးကို လွမ်းတသသနဲ့ လေယာဉ်စီး လာခဲ့လိုက်တာ… ဗြုန်းဆို ချင်းမိုင်မြို့ကို ရောက်ခဲ့တော့တာပါပဲ..

‘‘ ဒါက ချင်းမိုင်မြို့ရဲ့ ကျုံးလို့” လေဆိပ်ကို လာကြိုတဲ့ ဆန်က ဆိုတယ်..။

‘‘အိုး.. ဒါက ချင်းမိုင်ရဲ့ကျုံး.. ဟုတ်လား.” တော်တော် ငယ်တာပဲ။
ကျွန်တော် နေခဲ့တဲ့ မန္တလေးမြို့က ကျုံးထက် စာရင် ဒီကျုံးက ဆင်တစ်ကောင် ၀ပ်စရာတောင် မရှိဘူးလေ…။
ကျုံးက ထုမရှိ၊ ထည်မရှိနဲ့ ဆိုတော့ ကျွန်တော် ရယ်မိသွားတာပါ…။

မန္တလေးမြို့ရဲ့ ကျုံး ဆိုတာက အုတ်ရိုးနီနီကြီးတွေကို ခံတပ် သဖွယ် ထုကြီးကြီးနဲ့ ဆောက်ခဲ့တာ.. ဗုံး၊ လက်နက်၊ အမြောက်ဆံတွေ ထိရုံနဲ့ တော်ရုံ မပြိုကွဲအောင် အဲဒီလိုနည်းတွေနဲ့ စီမံခဲ့တာ…။.ကျုံးရိုးဟာ ရန်သူတွေ မြို့ကို တော်ရုံ တက်မလာနိုင်တဲ့ အမြင့်ရှိတယ်။ အုတ်ရိုးနား ကပ်မလာခင် ရှေ့၁၀ ပေလောက်မှာ အတော် ကျယ်တဲ့ ရေကန်ကြီး ရှိတယ်..

ကျွန်တော်တို့ မန္တလေးသားတွေဟာ ဒီကျုံးကြီးကြောင့် သွားလေရာ ငါမန္တလေးသားကွ ဆိုပြီး ခေါင်းမော့နေကြတာ။ မြန်မာ့ သမိုင်းမှာ နောက်ဆုံးမင်းဆက် နေထိုင်ခဲ့တဲ့ မင်းနေပြည်တော်ကြီး ကျန်နေခဲ့တာ ဒီမန္တလေးပဲ ရှိတာကိုး။

ခုတော့ ချင်းမိုင်ကျုံးဆိုတာ ဒီလို အပိုင်းစတွေ မတွေ့ရဘူး။ သြော်.. ချင်းမိုင်မှာ နာမည်ရှိနေတဲ့ ကျုံးအလှဆိုတာ ဒါကိုပြောတာကိုး လို့ တွေးမိလိုက်ပါတယ်.. ။

ရိုးရာဂီတသံ၊ ရိုးရာဝတ်စုံနဲ့ ရိုးရာအက

ထိုင်းကို ရောက်ရောက်ချင်း ဟာနေတဲ့ဝမ်းကို ကျွန်တော်ဖြည့်လိုက်တယ်.. တရုတ် အစားသောက်တွေနဲ့ ရင်းနှီးနေတဲ့ ကျွန်တော်ဟာ ထိုင်းအစားစာတွေ စားဖို့ သိပ်ပြီး အခက်ခဲ မရှိလှပါဘူး။ ကျွန်တော်က မြန်မာ လူမျိုးပါ.. ဘာကြောင့် တရုတ်စာတွေနဲ့ ရင်းနှီးနေတာလဲ ဆိုရင် မန္တလေးမြို့ဟာ တရုတ် အနုပညာတွေရဲ့ လက်အောက်မှာ ကျဆုံးနေလို့ပါ.. ၀က်သားနဲ့ အသီးရွက်ကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ပေါက်စီ စတာတွေဟာ.. ကျွန်တော်နဲ့ အသားကျလို့ နေပါပြီ..

ချင်းမိုင်မြို့လေးရဲ့ ရာသီဥတု ကျွန်တော့်အတွက်တော့ နှစ်သက်စရာပါ.. မျှတတဲ့ ရာသီဥတုကြောင့် သွားရလာရတာ လူအတွက် မပင်ပန်းစေဘဲ လန်းဆန်း လတ်ဆတ်စေပါတယ်။ မိုးတစ်ဖြောက်ဖြောက်ကြားမှာ မစိုမစွတ် သွားလာရတာကို ကျွန်တော် ကြိုက်နှစ်သက်တယ်။ မန္တလေးမှာတော့ မိုးရွာဖို့ တော်တော်ခဲယဉ်းတယ်။ အရမ်းပူလောင်နေတာ။ ရွာပြီ ဆိုရင်လည်း လေတွေ တအားတိုက်ပြီး အုန်းအုန်း ဒိုင်းဒိုင်း ရွာချတာ။ မိုးရွာတော့မယ် ဆိုတာ ဘယ်တော့မှ ကြိုမသိရဘူး။ ချင်းမိုင်ကတော့ မိုးရွာတော့မယ် ဆိုရင် မိုးသားလိပ်တော့ မည်းတက်လာပြီး သတိပေးတတ်တယ်.. ဒါ့ကြောင့် မကြာခင် မိုးရွာတော့မယ်ဆိုတာ နားလည်ရပြီလေ..

မြို့ပြတည်ဆောက်ပုံခြင်းကတော့ မန္တလေးက သာတယ်။ အချိုးညီတဲ့ လေးထောင့်ကွက် စတုရန်းပုံသဏ္ဌာန် ဘလောက်ထဲမှာ မန္တလေးအဆောက်အအုံတွေ ဟီးထလို့ နေတယ်။ ဘလောက်တစ်ခုမှာ ကားလမ်းတစ်လမ်း။

ချင်းမိုင်မြို့မှာ အဆောက်အအုံတည်ဆောက်ပုံ စနစ်ကျနမှုရှိတယ်။ အဆောက်အအုံ တစ်ခုနှင့် တစ်ခုကြား ခပ်ချောင်ချောင်လေး။ လူနေမှုစနစ်ကလည်း ကောင်းမွန်တယ်။ ချင်းမိုင်မှာ အထပ်မြင့်အဆောက်ဦးတွေ သိပ်မရှိတာကလည်း သဘာဝပတ်ဝန်းကျင်ရဲ့အားကောင်းတဲ့ စနစ်လို့ ဆိုရပါမယ်.. ဘယ်နေရာကြည့်ကြည့် အတော်သင့်မြင့်တဲ့ လုံးချင်းအိမ်ယာ လှလှလေးတွေကိုပဲ တွေ့နေမိတယ်…။.

‘‘ချင်းမိုင်မှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်ခွင့် မပြုဖို့ ဒေသခံတွေက ကန့်ကွက်ခဲ့တယ်ဗျ.. အာဏာပိုင်တွေကလည်း ကျုံးနဲ့အနီးတ၀ိုက်၊ ပြီးတော့ (မြို့ကိုဖြတ်စီးနေတဲ့) မြစ်ဘေးနားမှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်ခွင့်ပိတ်ထားတယ်” လို့ ချင်းမိုင်မြို့အခြေစိုက် သတင်းဌာနတစ်ခုမှာ သတင်းထောက်လုပ်နေတဲ့ ကိုလင်းသန့်က ဆိုပါတယ်။

ကန့်ကွက်သူတွေထဲမှာ ချင်းမိုင်တက္ကသိုလ်က ဆရာ၊ ဆရာမတွေလည်း ပါဝင်ကြတယ် တဲ့။

တက္ကသိုလ်ဆရာ၊ ဆရာမတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်ဆိုတာ ဒီရောက်မှ ကျွန်တော် သိရတော့တယ်။ သူတို့တွေဟာ သစ်တောတွေ မပြုန်းတီးအောင်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် နည်းမျိုးစုံနဲ့ သုတေသန ပြုနေကြတယ်လို့ သိရတယ်..

ဒွိုင်ဆူထေ့တောင်က ဘုရားဖူးသူများ

ချင်းမိုင်မြို့သူ မြို့သားလေးတွေ အသားအရေ လှကြတယ်။ စိုစိုပြေပြေနဲ့ ချစ်စရာကောင်းတဲ့ ဥပဓိရုပ်လေးတွေ ပိုင်ဆိုင်ကြတယ်။ ဒါဟာ သူတို့မြို့ရဲ့ အနောက်ဘက်က တောင်တန်းတွေကြောင့်လို့ ကြားဖူးတယ်။

ဒွိုင်ဆူထေ့တောင်တန်းဟာ ချင်းမိုင်မြို့ကို ရှင်သန်ကြီးထွားအောင် ဖန်တီးပေးနေတဲ့ သဘာဝမိခင်ကြီးလို့လည်း တင်စားကြတယ်။
အဲဒီတောင်ကနေ စီးဆင်းလာတဲ့ ရေတွေကို သောက်ကြရာက ချင်းမိုင်မြို့သူမြို့သားတွေ အသားအရေ လှပလာကြတာများလား။ အဲဒီတောင်တန်းက လာတဲ့ လေကောင်းလေသန့်တွေကို ရှူကြရတာကြောင့်လည်း ဖြစ်နိုင်တယ်.. ။

ဒွိုင်ဆူထေ့ တောင်တန်းဟာ ကျွန်တော်တို့ဆီက မန္တလေးတောင်နဲ့ တော်တော် ဆင်တယ်.. တောင်ပေါ်စတက်တဲ့ နေရာမှာ တိရစ္ဆာန်ဥယျာဉ် ရှိတယ်။ တောင်ပေါ်မှာ ဘုရားရှိတယ်.. မြို့ကို ရောက်လာသူတိုင်းလိုလို အဲဒီတောင်ပေါ်ဘုရားကို အလည်အပတ်သွားကြတယ်..

ဒွိုင်ဆူထေ့ တောင်က မြင့်တယ်.. ခုချိန်ထိလည်း သစ်ပင်ကြီးကြီးမားမားတွေနဲ့ စိမ်းလန်းစိုပြေလို့ နေတယ်.. လေကောင်းလေသန့်ရတယ်။ တောင်ပေါ်မှာ သစ်တော မပြုန်းတီးဖို့ ထိုင်းတောခေါင်းတွေက ကြိုးစားကြတယ်။ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းနေတာကိုလည်း မြင်ခဲ့ရတယ်။

ကျွန်တော်တို့ မန္တလေးတောင်ကတော့ ကတုံးပဲ ကျန်တော့တယ်။ မကြာခင်တော့ ထိပ်ကွက်တော့မယ် ထင်တယ်.. လွိုင်ဆူထေ့တောင်ပေါ် တက်ရင်း မန္တလေးတောင်ကို နှမြောလို့ နေမိတယ်..

ရွှေပြောင်ပြောင် တောင်ပေါ်ကဘုရားလိုမျိုး ဗိသုကာလက်ရာတွေကို ဒီဒေသမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီတွေမှာ တွေ့ရပါတယ်။

ဒွိုင်ဆူထေ့တောင်ကို ကားနဲ့လည်း တက်လို့ ရတယ်။ ဆိုင်ကယ်နဲ့လည်း တက်ကြတယ်။ ဒီမှာရှိတဲ့ လူတွေဟာ မန္တလေးကလိုပဲ ခြေထောက်နှစ်ဖက်ကြား ဘီးတပ်လိုက်ပြီဆိုတာနဲ့ သွားချင်ရာသွား…။နေရာအစုံ သွားလာနေကြတာ။

ဒါပေမဲ့ ချင်းမိုင်မြို့ဟာ ပွင့်လင်းစ ရာသီတွေမှာ နေလို့ မကောင်းဘူးလို့ ကြားသိရတယ်။ ချင်းမိုင်မြို့ပတ်ပတ်လည် တောင်တွေ ၀ိုင်းနေတဲ့ အတွက် ပွင့်လင်းစ ရာသီတွေမှာ တောမီးရှို့လို့လာတဲ့ မီးခိုးငွေ့တွေဟာ မြို့ဝန်းကျင် အုံ့ဆိုင်းနေတယ် လို့ ဆိုတယ်.. အဲဒီမီးခိုးငွေ့တွေကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဟာ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားကြတယ်လို့ ကြားဖူးတယ်..

ချင်းမိုင် နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာ မီးခိုးတွေသိပ်များလာ၊ အခြေအနေ တော်တော်ဆိုးလာပြီ ဆိုရင်တော့ မိုးတုရွာပေးတယ်ဆိုပဲ..
လေထု သန့်ရှင်းဖို့ အတွက် လိုအပ်ရင် မိုးတုရွာအောင် ခေတ်မီ သိပ္ပံနည်းနဲ့ ငွေကြေးအကုန်အကျခံ ဖန်တီးပေးတာတာဟာ ထိုင်းဘုရင်ရဲ့ စိတ်ကူးလို့ ဆိုတယ်။
သူတို့ဘုရင်က ပြည်သူတွေကို တော်တော် အလေးထားသလို ပြည်သူတွေကလည်း အင်မတန် ချစ်ကြ ရိုသေကြတာ တွေ့ရတယ်ဗျ.. ။ ထိုင်း ပိုက်ဆံတွေမှာ ထိုင်းဘုရင့်ပုံကို တွေ့နိုင်တယ်။ အိမ်တိုင်း ဆိုင်တိုင်းမှာလည်း ဘုရင့်ပုံကို လေးလေးစားစား ချိတ်ထားကြတယ်။

ချင်းမိုင်မြို့မှာ ထူးခြားတဲ့ တစ်ခုက ဆိုင်ကယ်စီးရင် မီးထွန်းပြီး စီးရတယ်။ နေ့လယ်နေ့ခင်းတွေတောင် မီးထွန်းပြီး ဆိုင်ကယ်စီးကြတယ်။ ဘယ်နေရာမဆို ဆိုင်ကယ်လေးတွေက ရှေ့မီးထွန်းပြီး စီးနေတဲ့အတွက် ကျွန်တော့်အတွက်တော့ ထူးခြားနေတယ်..

‘‘အဲဒါက ဥပဒေဗျ.. ဒီမှာ ဆိုင်ကယ် မီးမထွန်းဘဲ စီးရင် ဒဏ်တပ်တယ်။ ဆိုင်ကယ်စီးရင် မီးကို ထွန်းပြီးမှ စီးရမယ်ဆိုတဲ့ စည်းကမ်း ထုတ်ထားတယ်…” လို့ ထိုင်းမှာ ၁၀ နှစ်ကျော်ကြာ ရောက်ရှိနေတဲ့ ကိုဇာနည်က ပြောပြတယ်။

သူ့ဆိုင်ကယ်နောက်ကနေ ကျွန်တော် လိုက်စီးရင်း သူပြောတာ နားထောင်ရင်း အံ့သြနေမိတယ်။
ကျွန်တော်တို့ဆီမှာဆို ဆိုင်ကယ်မီးထွန်းပြီး စီးရင် အဲဒီလူကို ပါဝါရူးတယ်လို့ ခေါ်ကြတာ။ မီးထွန်းတဲ့ ကားတွေက VIP ကားတွေပဲ ရှိတာကိုး။
အဲဒါကို လိုက်ပြီး အတုယူနေတဲ့ကောင်တွေကို အဲဒီလို တင်စားတတ်ကြတယ်။ ဒီမှာတော့ အဲလို မဟုတ်.. ကျွန်တော်တို့ ဆီကလို သွားပြောရင် ရူးတဲ့သူဟာ ကျွန်တော်ပဲ ဖြစ်နေလိ့မ့်မယ် ထင်တယ်။

‘‘ကားတွေက ဆိုင်ကယ်ကို ခဏခဏ ၀င်တိုက်မိကြတယ်။ အဲဒါကြောင့် ဆိုင်ကယ်ကို ဟိုးအဝေးကြီးကတည်းက မြင်ရအောင်၊ သိသာအောင် မီးဖွင့်ခိုင်းထားတာ.. ” လို့ ဆိုတယ်။

သူစီးတဲ့ ဆိုင်ကယ်က ၀ယ်ကတည်းက မီးအဖွင့်အပိတ်ခလုတ် မရှိဘူး၊ မီးဖွင့်မောင်းရမယ်ဆိုတဲ့ စည်းကမ်းချက်ကြောင့် ဒီခလုတ် ရှိနေရင်လည်း အပို ဖြစ်နေမှာပေါ့ တဲ့။

သြော် ... ကိုဇာနည်ပြောမှပဲ အဲဒီ ယာဉ်စည်းကမ်းကို ခပ်ကြိုက်ကြိုက်။ ကျွန်တော်တို့ဆီလည်း အဲလိုစနစ်မျိုး သုံးကြည့်ရင် ယာဉ်တိုက်မှုတွေနဲ့ လူသေမှုတွေများ လျော့သွားမလား မပြောတတ်။ မန္တလေးမှာက ဆိုင်ကယ်များတော့ တစ်လကို အမြဲ ယာဉ်တိုက်မှု တစ်ရာကျော်လောက် ရှိတယ်။ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ လူတွေဆိုတာ နည်းမှ မနည်းတာ။ ဘာပဲဖြစ်ဖြစ် ဒီစနစ်ကောင်းတယ် ဆိုရင် သုံးကြည့်သင့်တယ်လို့ ကျွန်တော်ထင်တယ်..

စနေညဈေးက အသားကင်ဆိုင်

သေချာတာ တစ်ခုကတော့ ချင်းမိုင်မြို့နဲ့ မန္တလေးမြို့က နာမည်သာကွဲပေမဲ့ ပုံသဏ္ဌာန်ခြင်းကတော့ အတူတူပါပဲ.. တောင်ပေါ်ဘုရားရှိတယ်။ ကျုံးရှိတယ်။
ဆိုင်ကယ်တွေနဲ့ပဲ သွားလာကြတယ်။ ညဈေးတွေ ရှိတယ်။ မြို့ပြစနစ် သန့်ရှင်းတယ်.. ယဉ်ကျေးဖော်ရွေတယ်။ လက်မှု အနုပညာလက်ရာတွေ ထွန်းကားကြတယ်။ ရှေးကျတဲ့ ဘာသာရေးအဆောက်အအုံတွေ ပေါများတယ်။

ပိုထူးခြားတာက မန္တလေးဟာ မကြာသေးခင်ကအထိ ချင်းမိုင် လိုပဲ ဒုတိယမြို့တော် ဖြစ်ခဲ့တယ်၊ နှစ်မြို့လုံးဟာ ကိုယ်ပိုင် ဟန်တွေနဲ့ အနုပညာအသီးသီးပေါ်မှာ ရပ်တည်ချက် တူနေကြပါတယ်။

ဒါပေမဲ့ မန္တလေးဆိုတာ မြန်မာမှု ယဉ်ကျေးမှုတွေထွန်းကားတဲ့မြို့လို့ ပြောရမှာတောင် ခပ်လန့်လန့်ပဲ.. ဘာလို့လဲဆိုတော့ တရုတ်တွေက နေရာအနှံ့ လွှမ်းမိုးလာနေတာကိုး။ မြန်မာမှု မြန်မာ့ဟန်တွေကနေ တရုတ်ယဉ်ကျေးမှုနဲ့ တရုတ်လူမျိုးတွေ လွှမ်းမိုးကုန်ပြီ..။

ချင်းမိုင်မှာတော့ တရုတ်နွယ်ဖွားတွေ ရှိပေမယ့် ချင်းမိုင်ယဉ်ကျေးမှု ရှိနေတုန်းပါပဲ။ ချင်းမိုင်ယဉ်ကျေးမှု၊ ထိုင်းနိုင်ငံမြောက်ပိုင်းယဉ်ကျေးမှု မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်းနေ၊ ပြန်လည်ဖော်ထုတ်နေတာကို တွေ့ရပါတယ်။ ဒီလိုကြိုးစားနေကြတာဟာ ဂလိုဘယ်ခေတ်မှာ ပြင်ပ ယဉ်ကျေးမှုတွေ ဖုံးလွှမ်းလာပြီး ကမ္ဘာဆန်လာတာကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။


(

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved