ဦးအောင်မင်းရဲ့ ဇွန်လကုန်ပိုင်း ငြိမ်းချမ်းရေးခရီး

Friday, June 29, 2012

နှစ်ဆန်းပိုင်းက တွေ့ရသော ၀န်ကြီးဦးအောင်မင်း နှင့် KNU ကိုယ်စားလှယ်များ

ကျော်ခ ရေးသားသည်)

ယခု ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီတို့၏ အတိုက်အခံအဖွဲ့များစွာနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့သည့် အခြေအနေ တချို့ကို အောက်ပါအတိုင်း တွေ့ရသည်။



ကရင်အမျိုးသား အစည်းအရုံး KNU

“ကျမတို့ အလွတ်သဘောပဲဆွေးနွေးတာဖြစ်တယ်၊ အရင်တစ်ခေါက်က ဆွေးနွေးခဲ့တဲ့ အချက်တွေ ပြန်သုံးသပ်တာ၊ ကြားထဲမှာမတွေ့ဖြစ်တဲ့အကြောင်း၊ လုပ်ငန်းစဉ်အပြောင်းအလဲ အချို့နဲ့ နောက် သြဂုတ်လလောက်မှာ ပြန်တွေ့မယ့်အခြေအနေကိုပြောဖြစ်ကြတာပါ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် က ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဧပြီလဆန်းပိုင်းကရန်ကုန်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြပြီး အချက် ၁၃ ချက် သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်အပါအဝင် မရှင်းလင်းသည့် အချက်အလက်များကို နှစ်ဖက် ပြန်လည်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည် ဟု ဆိုသည်။


ABSDF

“ဦးအောင်မင်းတို့နဲ့ကအခုမှ တွေ့ရတာကိုး၊ အရင်တုန်းက ဦးအောင်သောင်းအဖွဲ့နဲ့ တွေ့ထားတာ ဆိုတော့ အဲဒီပြောထားတဲ့လုပ်ငန်းစဉ် အပေါ်မှာ အမြင် ဖလှယ်တာရယ်ပါ၊ အခုအဆင့်မှာတော့ နှုတ်ဆက်တာနဲ့ အပြန်အလှန် သဘောထားအမြင်ခြင်း ဖလှယ်တာ၊ နောက်ထပ်တွေ့ဖို့အခြေအနေမှာတော့ အတိအကျ ဆွေးနွေးနိုင်ခဲ့တာ မရှိသေးဘူး” ဟု ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

ယခင်က ABSDF နှင့်အစိုးရတို့ ရန်ကုန်မြို့တွင် တွေ့ဆုံကြဖို့ ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး အဖွဲ့များနှင့် သဘောတူညီမှု ရခဲ့သော်လည်း ပျက်ပျယ်ခဲ့သည်။ အစိုးရကငြိမ်းချမ်းရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းလိုက်ပြီးနောက် ABSDF ပြန်လည်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။


FDB

* နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သော လွှတ်တော်ပြင်ပ နိုင်ငံရေး တွေ့ဆုံဆွေးနွေးနိုင်ရန်
* ပြည်တွင်းရှိ အဖွဲ့အစည်း အသီးသီးနှင့် တွေ့ဆုံနိုင်ရန်၊
* ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး
ငြိမ်းချမ်းရေး ဖော်ဆောင်မှုတတိယ အဆင့်တွင် သမ္မတ ပြောဆိုမှုနှင့် ဦးအောင်မင်းပြောဆိုမှု ကွဲပြားနေပုံများကို မေးမြန်းခဲ့ကြောင်း၊ အစိုးရက ဖိတ်ခေါ်သည် ဆိုသော်လည်း အကန့်အသတ် များနေကြောင်း ပြောဆိုဖြစ်ခဲ့သည်ဟု FDB အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်ကပြောသည်။

“သူတို့ဘက်က ကမ်းလှမ်းမှုကတော့ အရင်အတိုင်းပဲ၊ အရင်တုန်းကတော့ တစ်ယောက်ချင်းပြန်လာချင်ရင် စာတင်ပေါ့၊ အဖွဲ့အစည်းတွေ ဆိုတဲ့ကိစ္စကတော့ အချိန်ယူရဦးမယ်၊ ဒီတစ်ခေါက်ကတော့ တစ်ယောက်ချင်းရော အဖွဲ့အစည်းတွေရော ပြန်လာချင်လို့ရှိရင်သမ္မတဆီကို စာရေး၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ချင်တယ်ပေါ့” ဟု ဒေါက်တာ နိုင်အောင်က ရှင်းပြသည်။

သူကဆက်ပြီး “အဲလိုဆိုရင်ခုနပြောတဲ့ မတရားအသင်းတွေ ဖျက်ပေးနိုင်ရင်ဖျက်ပေးမယ်၊ တစ်ယောက်ချင်း ဆိုရင်လည်း ပြန်လာခွင့်ရအောင် လုပ်ပေးမယ်ပေါ့၊ ဒါပေမယ်လို့ တခြားလူတွေအပေါ် နစ်နာအောင် လုပ်ထားရင် တရားဥပဒေအရ ရင်ဆိုင်ရ မှာပဲပေါ့ အဲလိုမျိုး သူတို့ပြောတယ်” ဟု ဆိုသည်။


မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု FDB သည် နယ်စပ်အခြေစိုက် နိုင်ငံရေးအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ အလုပ်သမားအဖွဲ့နှင့် တသီးပုဂ္ဂလ အဖွဲ့များ ပါဝင်သော တပ်ပေါင်းစု ဖြစ်သည်။


HREIB

HREIB ဟု အတိုကောက် ခေါ်ကြသည့် လူ့အခွင့်အရေး ပညာပေးဌာန ( မြန်မာနိုင်ငံ) က လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ ပြည်တွင်းတွင် လုပ်ကိုင်နိုင်ရန် ၀န်ကြီးနှင့် ဆွေးနွေးခဲ့ကြရာ၊ ကျေနပ် အားရမှု နည်းကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက သူ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

WLB

ယခုခရီးစဉ်အတွင်း တိုင်းရင်းသား အမျိုးသမီး ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသော အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ WLB နှင့်လည်း တွေ့ဆုံခဲ့သည်။

တခြားအဖွဲ့များ

NLD-LA, လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဒေါက်တာစင်သီယာမောင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved