ဦးမြတ်ခိုင်အမှု နဲ့ ဒေါ်လာတသန်းတန် အာမခံ

Monday, June 25, 2012



ဒီကနေ့ အာမခံနဲ့ လွတ်လာတဲ့ ဦးမြတ်ခိုင် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်တိုင်းအစိုးရက လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားစွဲထားတာ ဒီကနေ့ စတင်စစ်ဆေးပါတယ်။

ဦးမြတ်ခိုင် အာမခံရရှိရေးအတွက် သူ့မိတ်ဆွေတွေက ကျပ်သိန်းပေါင်း လေးထောင်ဝန်းကျင်စီ တန်တဲ့ အိမ် ၂ လုံးရဲ့ စာချုပ်တွေကို တရားရုံးမှာ အပေါင်အဖြစ် ထားခဲ့ရပါတယ် တဲ့။

အာမခံငွေက ကျပ်သိန်းရှစ်ထောင် ဖြစ်နေပါတယ်။ အမေရိကန်ငွေကြေးနဲ့ တွက်လိုက်ရင် ဒီပမာဏက ဒေါ်လာတသန်း ဖြစ်နေပါပြီ။

လူသိရှင်ကြား ပေါ်ပေါက်ခဲ့တဲ့ အမှုတွေထဲမှာ ဒီအမှုရဲ့ အာမခံတန်ဘိုးက ပမာဏ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

မကြာသေးခင်က စာနယ်ဇင်းတွေမှာ မြင်ခဲ့ရတဲ့ အာမခံငွေပမာဏတွေကို ကြည့်ပါအုံး။

မြန်မာတိုင်းမ် အယ်ဒီတာ ရော့စ်ဒန်ကလေ - ကျပ် သိန်းတရာ (11,668 USD) - ၂၀၁၁ မတ်
မူဆယ်မြို့က လိုင်စင်မဲ့ကားပိုင်ရှင်တဦး - ကျပ် သိန်းငါးဆယ် (5,834 USD) - ၂၀၁၀ စက်တင်ဘာ
သတင်းထောက်ကို ရိုက်နှက်ခဲ့သူ ထက်ထက်မိုးဦး - ကျပ် ၁၀ သိန်း (1,166 USD)- ၂၀၁၀ ဇူလိုင်

လတ်တလော ပြည်ပမှာရော အာမခံငွေက ဘယ်လောက်လဲ။

ဦးမြတ်ခိုင်အမှုက ၀ီကီလိ ထူထောင်သူ ဂျူလီယန် အာဆန့်အမှုထက်တောင် များနေပါသေးတယ်။
ဗြိတိသျှ တရားရုံးတခုက ဂျူလီယန် အာဆန့်အာမခံအတွက် ဒေါ်လာ ၃၈၀,၀၀၀ သတ်မှတ်ခဲ့ပါတယ်။
(၀ီကီလိဆရာ အမှုက သိတဲ့အတိုင်း အင်မတန် ကြီးပါတယ်)

ရှေးတုန်းက မြန်မာစာနယ်ဇင်းတွေ အာမခံငွေ ဘယ်လောက် ဆောင်ကြရသလဲ။

၁၉၆၁ နှစ်ကုန်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ထွန်းနေ့စဉ် သတင်းစာအမှုအကြောင်းကို Popular News ဂျာနယ် ထဲက မောင်ဝံသရဲ့ ဆောင်းပါးတစောင်မှာ အခုလို တွေ့ရမှာပါ။

"ဦးထွန်းဖေရဲ့ အရေးအသားတွေ လွန်ကျွံလာလို့ ဦးနု အစိုးရက ပုဒ်မ ၅နဲ့ ဦးထွန်းဖေကို ဖမ်းတယ်။ ထွန်းနေ့စဉ် သတင်းစာကိုလည်း အာမခံငွေ တစ်သောင်း တောင်းတယ်။
အာမခံငွေ မပေးနိုင်လို့ သတင်းစာတိုက်ကို ပိတ်လိုက်ရတယ်ဗျာ။ သို့ပေမယ့် ထောင်ထဲ နှစ်လတောင် မကြာပါဘူး ပြန်လွတ်ခဲ့ပါတယ်" တဲ့။

အဲဒီခေတ်က ငွေတသောင်း ဆိုတာ ဒီခေတ်တန်ဘိုးနဲ့ အဆမတန် ကွာခြားတယ် ဆိုပေမယ့် ဒေါ်လာတသန်းတော့ ရှိမယ် မထင်ပါ။

ဒါဆိုရင် လျှပ်တစ်ပြက်ဂျာနယ်အမှုအတွက် အာမခံငွေက ဘာကြောင့် သိန်းရှစ်ထောင် ဖြစ်နေရတာလဲ။

ထက်ထက်မိုးဦး စာနယ်ဇင်းသမားတယောက်ကို နှက်လိုက်တဲ့အမှုမှာ ငွေဒဏ် တထောင်ဆောင်ခိုင်းပြီး အဆုံးသတ်လိုက်တာနဲ့များ ဆက်စပ်နေမလား။

အဲဒီအမှုအတွက် ငွေဒဏ် တထောင် ဆိုတာက ရယ်စရာကောင်းလွန်းတယ် ဆိုပြီး တရားစီရင်ရေးအာဏာပိုင်တို့က အာမခံငွေတွေ၊ ငွေဒဏ်တွေကို တိုးမြှင့်လိုက်လေသလား။

ဒီမေးခွန်းတွေကို တရားရေးဌာန လူကြီးမင်းတွေ၊ ရှေ့နေရှေ့ရပ်တွေပဲ ဖြေနိုင်မယ် ထင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် - လျှပ်တစ်ပြက်ဂျာနယ်အမှု သတင်း

~

5 comments :

  1. Anonymous said... :

    တရားရေး ဌာနတွေက မီဒီယာတွေကို ချိန်းခြောက် ပြနေတဲ့ သဘောပါ။ တကယ်တော့ မြတ်ခိုင်ကို နာမည်ကြီးအောင် လုပ်ပေးနေတာပါ။ မြတ်ခိုင်က စစ်အစိုးရ လူဆိုပြီး တစ်ချိန်က သိထားကြသလိုပါ။ မြတ်ခိုင်ဘယ်လိုလူလဲ သိချင်ပါတယ်။

  1. Anonymous said... :

    သေချာတာကတော့ ဦးမြတ်ခိုင်က သာကူးပါ။ အရင်ကတော့လည်း ဆရာကြီးပေါ့။ စစ်အစိုးရကိုလည်း ရေရေလည်လည် ဖားတဲ့သူတစ်ယောက်ပေါ့။

  1. babagyi said... :

    မြတ်ခိုင်အကြောင်းမနေ့ကရေးထားတာမတင်ပေးပါ။အထောက်အထားမရှိဟုဆိုလျှင်တော့မတတ်နိုင်ပါ။မြတ်ခိုင်ဘယ်လိုလူဆိုတာမြတ်ခိုင်ထုတ်ခဲ့သော ဂျာနယ်များ။မြတ်ခိုင်ရပ်တည်ခဲ့သောသမိုင်းကို။ပြန်ကြည့်ပါ၊အသိဥာဏ်ရင့်သန်သူ ပြည်သူအများသိကြသည်။ဧရာဝတီကမသိရင်တော့အတော်ညံပါသည်။နောက်တခုမေးကြည့်ခြင်သည်၊ဧရာဝတီက စာပေစီစစ်ရေးနှင့်အမျိုးတော်ပါသလား၊commentများကိုတည့်းဖြတ်သုတ်သင်ပြီးသင်သဘောကျမှထည့်ပေးမည် ဆိုပြန်သည်၊မှန်သည်မှားသည် ကိုစာဖတ်သူကဆုံဖြတ်နိုင်ပါသည်။အင်တာနက်ပေါ်မှာစာရေးနေကထဲက ခပ်ညံညံစာဖတ်သူများမဟုတ်ပါ။သင်တို့ဧ။် ဧရာဝတီသည်ပင် ယခင်ဧရာဝတီမဟုတ်တော့ကြောင်း သင်တို့မပြောသော်လည်း စာဖတ်သူအများစုကမြင်နေပါပြီ၊ယခင်က ကျားကျားလျှားလျှားရှိခဲ့သောဧရာဝတီသည် ယခုအခါ ဖားဖြစ်သွားခြေပြီ၊မကြာမှီတွင်ပင် ပြန်/ဆက် နှင့်တွဲဖက်ပြီး စားဖားကြီး လုပ်မည်ကို မြင်ယောင်နေပါသည်။ယခုcommentကိုသင်တို့မတင်ပေးလည်းရပါသည်။သည်စာမျက်နှာကိုသင်တို့ပိုင်သဖြင့်စိတ်ရှိသလို ဆောင်ရွက်နိင်ပါသည်။သို့သော် သမိုင်းကိုသင်တို့မပိုင်ပါ၊သင်တို့သမိုင်းကိုပြည်သူကရေးပါလိမ့်မည်၊

  1. babagyi said... :

    ဧရာဝတီသည်လည်းမြတ်ခိုင်နှင့်တဂိုဏ်းထည်းဖြစ်သည်

  1. babagyi said... :

    ရွှေမှန်လျှင်ငရဲမီးအစားခံနိုင်ရမည်၊အဝေဖန်မခံနိုင်လျှင် မီဒီယာဆရာကြီးမလုပ်ပါနှင့်-ဧရာဝတီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved