ပေးစာ - ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

Friday, June 8, 2012

(ဧရာဝတီ သူ့အတွေးသူ့အမြင်ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ငြိမ်းချမ်းအေးရဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဆီသို့” ဆောင်းပါးနဲ့ ပတ်သက်ပြီး နိရဉ္စရာ အယ်ဒီတာ ကိုခိုင်မြတ်ကျော်က ပြန်လည် ရေးသား ပေးပို့လာတာကို ဖော်ပြလိုက်ပါတယ်။)

ပေးစာ

ရမ်းဗြဲနဲ့ တောင်ကုတ်လူသတ်မှု နိရဉ္စရာ လက်မခံ

ခိုင်မြတ်ကျော်

ငြိမ်းချမ်းအေး ရေးတဲ့ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းဆီသို့ သူ့အတွေး သူ့အမြင် ဆောင်းပါးနဲ့ ပတ်သက်ပြီး ဘ၀င် မကျစရာတွေ ရှိတဲ့ အတွက် ဒီစာကို ရေးသားလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီ ဆောင်းပါးမှာ ဌာနေ တိုင်းရင်းသားကို ကိုယ်စားပြုဟန်ရှိတဲ့ မီဒီယာရဲ့ သတင်းတင်ပြပုံနဲ့ ထပ်ဆင့် ဖြန့်ဝေသူတွေရဲ့ ပြုမူပုံတွေမှာ စကား ပြောစရာတွေ အများကြီး ရှိခဲ့ပါတယ်ဆိုပြီး ရေးသားလာပါတယ်။

သူရေးသားတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပထမ ရှင်းချင်တာက ကျွန်တော်တို့ဟာ မသီတာထွေး သတင်းကို အခင်းဖြစ်ပြီး နောက်တစ်နေ့ မေလ ၂၉ ရက်နေ့မှာ စတင် ရေးသားခဲ့ပါတယ်။ သတင်း ခေါင်းစဉ်က ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ ဖြစ်ပါတယ်။ ဒီ လင့်မှာ သွားလည်နိုင်ပါတယ်။ http://www.narinjara.com/burmese/?p=473

ကျွန်တော်တို့ မသီတာထွေးရဲ့ သွေးသံရဲရဲနဲ့ သူပြောတဲ့ အနိဌာရုံ ဓါတ်ပုံတွေကို တင်သလား၊ မတင်ဘူးလား ဆိုတာကို ဒီလင့်ကို ၀င်ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ သူမရဲ့ ဓါတ်ပုံ တစ်ပုံမှ မတင်ပါ။ တခြား ဒေသအတွင်းက သင့်တော်ရာရာ ဓါတ်ပုံတစ်ခုနဲ့ တွဲတင်ခဲ့ပါတယ်။ ခေါင်းစည်းကို ကြည့်ရင်လည်း ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာထိ ထိန်းထိန်း သိမ်းသိမ်းရေးသားခဲ့တယ်ဆိုတာကို သဘော ပေါက်နိုင် ပါတယ်။ အကယ်၍ ကျွန်တော်တို့က တကယ်ပြဿနာကို ကြီးလေးအောင် လုပ်လိုတယ် ဆိုရင် ကျွန်တော်တို့ ခေါင်းစည်းကို တပ်ကတည်းက ကျွန်တော်တို့ ဒီထက် ထိရောက် လေးနက်တဲ့ ခေါင်းစည်းမျိုးကို ပေးလို့ ရပါတယ်။ ဒါပေမယ့် မလုပ်ပါ။ ကျွန်တော်တို့ဟာ ဒီသတင်းရဲ့ အဆက်ကို မေလ ၃၀ နေ့မှာ ဆက်ရေး တင်ပြပါတယ်။ ဒီလင့်မှာ ဖတ်ကြည့်ပါ။ http://www.narinjara.com/burmese/?p=482

နောက်တခါ မေ ၃၁ ရက်နေ့မှာ ဆက်တင်ပါတယ်။ ဒီလင့်မှာကြည့်ပါ။ http://www.narinjara.com/burmese/?p=504 ကျွန်တော်တို့ မသီတာထွေး ဓါတ်ပုံကို မတင်ပါ။ တခြား ဓါတ်ပုံကိုဘဲ အသုံးပြုထားတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ လူသတ်မူ ဖြစ်ပြီး (၅) ရက်အကြာ ဇွန်လ ၂ ရက်နေ့ကို ရောက်မှဘဲ သူမရဲ့ ဘေးတိုက် သေနေတဲ့ ဓါတ်ပုံ တစ်ပုံကို သတင်းနဲ့ အတူ ပူးတွဲ ဖေါ်ပြခဲ့ပါတယ်။ ဒီလင့်မှာ ကြည့်ပါ။ http://www.narinjara.com/burmese/?p=542

ဒီပုံကို တင်ရတာကလည်း ဒီဓါတ်ပုံတွေဟာ အင်တာနက်တွေ၊ Facebook တို့မှာ ပလူပျံအောင် ပြန့်နေပြီမှ တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ တင်တဲ့ အထဲမှာ လူတွေအတွက် ထိခိုက်နိုင်တဲ့ သွေးလန့်စရာ လည်ပင်း အလှီးခံထားရတဲ့ အနိဌာရုံ ဓါတ်ပုံကို မတင်ခဲ့ပါ။ ဒါတွေကို သုံးသပ်ကြည့်ရင် ကျွန်တော်တို့ ဟာ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ဆိုတာကို ပေါ်လွှင်စေမှာ ဖြစ်ပါတယ်။ တခြားသူတွေက ကျွန်တော်တို့ သတင်းကို ဖြတ်ညှပ် ကပ်လုပ်ပြီး မသီတာထွေး အသတ်ခံရတဲ့ ဓါတ်ပုံတွေနဲ့ အတူ Facebook မှာ ရေးသားတာတို့၊ နက်ပေါ်မှာ တင်တို့ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါ။ ဒါက သူတို့ အပိုင်းပါ။

နောက်တခု ဘာသာ လူမျိုးဆိုတဲ့ စကားလုံးကို သုံးနုန်းရတဲ့ ကိစ္စပါ။ ဒီနေရာမှာ ကျွန်တော်တို့ အနေနဲ့ ဝေါဟာရ သုံးစွဲရတာ တော်တော်ကို အခက်အခဲ ရှိပါတယ်။ ဘင်္ဂလီလို့ သုံးရင် ရခိုင်ပြည်နယ်ထဲက အစ္စလာမ် ဘာသာဝင်တွေက မကြိုက်ပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနုန်းကို သုံးရင်လည်း ရခိုင်အမျိုးသားတွေက လုံးဝ လက်မခံပါ။ ဒါကြောင့် ပြဿနာ အနည်းဆုံး ဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေဆိုတဲ့ အသုံးအနုန်းကို သုံးရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာကို စော်ကားလိုတဲ့ အတွက် သုံးခြင်း မဟုတ်ပါ။ ဒီလို သုံးတဲ့ အတွက် ငြိမ်းချမ်းအေးက သတင်းမီဒီယာရဲ့ ကျူးလွန်သူတွေလို့ စွပ်စွဲခံရတဲ့ သူတွေအပေါ် ဘာသာ၊ လူမျိုး မတူညီမှုကို အသားပေးဖော်ပြတာဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ မေးခွန်းထုတ်စရာတွေ အများကြီးရှိပါတယ် ဆိုပြီး ရေးပါတယ်။

ဒါဆိုရင် ကမ္ဘာကျော် သတင်းဌာနတွေ ဖြစ်တဲ့ အေပီတို့ ရွိတ်တာတို့က တောင်ကုတ် သတင်းမှာ ဘာကြောင့် ရခိုင်တွေ သတ်တယ်လို့ ခေါင်းစဉ်တပ် ရေးသားသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဒါပြင် ပါလက်စတိုင်းနဲ့ အစ္စရေးက သတင်းတွေကို ကမ္ဘာကျော် အေပီ၊ အေအက်ဖ်ပီ စတဲ့ သတင်းဌာနတွေက ရေးတဲ့ အခါမှာလည်း အစ္စရေးက သတ်တဲ့ အတွက် ပါလက်စတိုင်း အမျိုးသား ၅ ဦးသေဆုံးတယ်လို့ အဲသလိုမျိုး ရေးသားကြတာပါဘဲ။ ဒီနေရာမှာ လူမျိုးတွေရဲ့ နာမည်ကို မဖေါ်ပြရင် အဲဒီ သတင်းတွေဟာ ဘယ်လိုမှ တန်ဖိုးနဲ့ လေးနက်မူ မရှိ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာကျော် နယူးယောက် ကမ္ဘာကုန်သွယ်ရေး အဆောက်အဦး တိုက်ခိုက်ခံရတဲ့ အခါ ဘာကြောင့် အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ ရေးသား ရသလဲ ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအေး ရေးသားတာက သူ့အတွေး သူ့အမြင်ဆိုပေမယ့် ကိုယ်ထင်တာကို လျှောက်ရေးလို့ မရပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူရေးတာဟာ အထင်အမြင်လွဲမှားမူနဲ့ အတူ တခြားတစ်ဖက်မှာ ထိခိုက်စရာတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အစိုးရကလည်း အခုဆိုရင် ဒီမင်းမဲ့ဆံဆံ လူသတ်မူတွေ အတွက် စစ်ဆေးရေး အဖွဲ့ကို တရားဝင် ဖွဲ့လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့က အစီရင်ခံစာ မထုတ်ခင်မှာ ဟိုအဖွဲ့က ဟိုလို လုပ်လို့၊ ဒီသတင်းဌာနက ဒီလို လုပ်လို့ ဆိုပြီး ကိုယ့်အမြင်နဲ့ ကိုယ် တဘက်သတ် စွပ်စွဲ ပြောဆိုတာမျိုးဟာ ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းကို တည်ထောင်လိုသူ တစ်ဦး အနေနဲ့ လုပ်သင့်ပါရဲ့လား။ မေးစရာ ဖြစ်နေပါတယ်။

ပြီးရင် တောင်ကုတ်၊ ရမ်းဗြဲဆိုတာက နီးနီးလေးပါ။ ရမ်းဗြဲမှာ လူထုတွေ မကျေနပ်တာ၊ ဆန္ဒပြတာတွေ၊ ရဲစခန်းကို ၀ိုင်းတာတွေ၊ သေနတ်ပစ်ဖေါက် လူစုခွဲရတာတွေ တောင်ကုတ်က လူတွေ မကြားဘဲ နေပါမလား။ ပီးရင် အင်တာနက်သုံးသူ၊ ၀က်ဘ်ဆိုက်တွေကို သွားလည်ကြည့်သူ ဘယ်နှစ်ဦးများ တောင်ကုတ်မှာ ရှိပါမလဲ။ နိုင်ငံခြားမှာနေပြီး နိုင်ငံခြားလို မိမိဒေသကို ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ ဒါကြောင့် မိမိက အိုင်တီ သမား ဖြစ်တဲ့ အတွက် ပြဿနာတွေ အပေါ် ရှု့မြင်တဲ့ အခါ အရာရာကို အိုင်တီနဲ့ ချိန်ထိုး စဉ်းစားတွေးခေါ်လို့ မရပါ။

တောင်ကုတ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း အသေအချာ လေ့လာ ဆန်းစစ်ဖို့ လိုပါတယ်။ တောင်ကုတ်မြို့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဖြတ်သန်း သွားလာခွင့် မရအောင် အာဏာပိုင်တွေက မြို့ခံတွေကို စည်းရုံးပြီး အကွက်ကျကျ စီစဉ်ထားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အဲဒီမြို့မှာ အခင်းဖြစ်ပွားတဲ့နေ့က မသီတာထွေးရဲ့ ရက်ရက် စက်စက် အသတ်ခံထားရတဲ့ ဓါတ်ပုံနဲ့ စာတွေကို ပလူပျံအောင် ဖြန့်ဝေ ထားတဲ့ အတွက် တောင်ကုတ် လူထု ဒေါသ အထွတ်အထိပ်ကို ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ အစ္စလာမ်ဘာသာဝင် ဘုရားဖူးတွေ လိုက်ပါလာတဲ့ကားက တောင်ကုတ်မြို့ထဲကို ၀င်ရောက်လာတာဟာ တော်တော် အံ့သြစရာ ဖြစ်ပါတယ်။ ဘယ်သူက အဲဒီကားကို တောင်ကုတ်မြို့ထဲကို သွင်းပေးလိုက်သလဲဆိုတာဟာလည်း အထူး စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒါကြောင့် တချို့ အသိအမြင်ကျယ်တဲ့ သူတွေက ဒီပြဿနာမှာ တစုံတဦးကများ ဖန်တီးနေတာ ရှိသလားဆိုပြီး တွေးတော ဝေဖန်နေကြတာ ဖြစ်ပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အခု ရမ်းဗြဲနဲ့ တောင်ကုတ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ အပြစ်မဲ့တဲ့ ပြည်သူတွေ သေဆုံး ခဲ့ကြရပါပြီ။ ခုလို လူသတ်မူတွေကို ယဉ်ကျေးတဲ့ ဘယ်လူသားကမှ လက်ခံမှာ မဟုတ်ပါ။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ခုလို အပြစ်မဲ့တဲ့ သူတွေကို သတ်ဖြတ်တာ၊ လက်စားချေတာ၊ သေကြေ ပျက်စီးတာတွေကို ကျွန်တော်တို့ လုံးဝ မလိုလားပါ။ ဒီအတွက်လည်း အထူး စိတ်ထိခိုက်ခဲ့ရပါတယ်။

လေးစားစွာဖြင့်

ခိုင်မြတ်ကျော်
အယ်ဒီတာ
နိရဉ္စရာ သတင်းဌာန

5 comments :

  1. ယဉ်ကျေးတဲ့ အသုံးအနှုန်းအရေးအသားများကြောင့်
    စာဖတ်သူများအားလုံးကိုယ်စားကျေးဇူးတင်ပါတယ်
    နိရဉ္စရာ ကိုလည်း..(ရှင်းပြထားတဲ့အတိုင်းဆိုရင်)
    ထောက်ခံပါတယ်..။

  1. အေတူကန် said... :

    မှန်၏။

  1. Anonymous said... :

    အော် - လောက
    အစ္စလမ်ဆိုတာက ဘာသာတစ်ခု၊
    အစ္စလမ်ဘာသာကိုးကွယ်သူ ကို မူဆလင်၊
    ကမ္ဘာပေါ်မှာ လူမျိုး ၁၀၁ပါးမကရှိတယ်၊
    အဲဒီလူမျိုးအလိုက် မူဆလင်ဖြစ်သူကို၊
    လူမျိုးအလိုက် ခွဲပြီးမူဆလင်--လူမျိုးလို့ခေါ်ကြတယ်၊
    ဒါမှ ဘယ်မူဆလင်လူမျိုးလဲလို့ ခွဲပြီး သိနိုင်တယ်။

    မြန်မာတိုင်းရင်းသားစာရင်းမှာ ကုလားမပါဘူးဆိုတာအမှန်ထူး၊
    မြန်မာစာအသုံးအနှုန်းဝေါဟာရမှာ ရှေးယခင်အစ အမွန်အဦး၊
    ကုလား ဝေါဟာရ အသုံးအနှုန်းထင်ထင် ရှိခဲ့စဖူး၊
    တိုင်းရင်းမဟုတ်လူမျိုးခြား ပညာတ် ထားတာ ကုလား၊
    အသားမည်း လူမျိုးခြား ကုလား၊ မြေခြားသားဖြူ ကုလားဖြူ၊
    အတီတေ ရေးထုံး၊ ရှေးပညာရှိတို့ အထင်အရှားသုံး။

    အဲဒီရေးထုံး ဆဲရေးကြမ်းယုတ် ကင်းတဲ့စကားလုံး၊
    လူမျိုးမခွဲ ခြားနားနှိမ့်ချ ဖဲ့ချိုး မဟုတ်တာအမှန်ပ၊
    စာပေရေးမှတ် ကမ္ပည်းတင်တဲ့ အသုံးအနှုန်း၊
    တရားဝင်ရုံးသုံးစာပေမှန်စွ အဲဒီရေးထုံးကိုလ၊
    တစ်ဦးတစ်ယောက်လူ၊ တစ်စုတစ်ဖွဲ့ရဲ့သူ၊ ရှုမြင်ခံစား ပြောင်းလဲစေငြားဦး၊
    တည်တန့်စာပေယဉ်ကျေးဖြာဝေ ပညာတ်အသုံးအနှုန်းတစ်ခုပါပေ၊
    နုံ့နည်းပညာလွယ်ကူစွာ ပြောင်းလဲမှုလေ မပြုသင့်သဟာဆွေ၊
    ဤထိုသာပြင်စတမ်းဖြင့်တွေ “စာပေပျက်ရင် လူမျိုးပျက်ကိန်း” ကြုံသွားစေပေလိမ့်မသွေ။

    ကမ္ဘာ့နိုင်ငံတွေကိုကြည့်ရင် အစ္စလမ်ဘာသာကိုရယ်၊
    နိုင်ငံတော်ဘာသာသတ်မှတ်တဲ့ အစ္စလမ္မစ်နိုင်ငံဆိုတာတွေ့လိမ့်မယ်၊
    နိုင်ငံအတွင်း အစ္စလမ်ဓမ္မသတ်၊ ဥပဒေနဲ့ တိတိကျကျ အုပ်ချုပ်တယ်၊
    အမျိုးသမီးမှန်ရင် ခေါင်းမြီးပါခြုံစေရမယ်၊
    ဆော်ဒီအာရေဗီးယားမယ် နိုင်ငံခြားကအစည်းအဝေးလာတက်တဲ့သူနှယ်၊
    အမျိုးသမီးမှန်ရင် ခေါင်းမြီးပါခြုံရစေတယ်၊ သူ့နိုင်ငံ သူ့ဘာသာ သူ့စည်းကမ်းဝယ်၊
    ဂြိုလ်တုလိုင်းမိလို့ အားခဲကြည့်ကွယ် အာရပ်အမျိုးသမီးချတ်လိုင်းလဲတွေ့နိုင်တယ်၊
    ဘယ်လီ ဒန့်စ် အကဟာကဲ့သို့ ပမာ၊ ဘယ်ဟာမှ ဆင်းလုံးမချောပါ၊
    ဟမ္မူရာဘီထုံးမှာ တူညီတုန့်ပြန်ခွင့်ထုံးဟာ တရားနဲ့ညီတာ ထူး၊
    အာရပ် နွေဦးနဲ့လားလားမှမဆိုင်ဘူး၊

    Mob hysteria ကို ဘယ်ကမ္ဘာ့နိုင်ငံမှာမှ ချက်ခြင်း မထိန်းချုပ်နိုင်သေးဘူး၊
    အင်အားနဲ့ ချက်ခြင်းတောင် ထိန်းဖို့မလွယ်တာ ငြိမ်းချမ်းနည်းနဲ့ ထိန်းဖို့ ပြောတာ၊
    ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ချက်ခြင်းထိန်းချုပ်နိုင်တဲ့နည်းလမ်းလဲ မတွေ့သေးဘူး၊
    အုပ်ချုပ်ရေးတာဝန်ရှိသူ၊ လုံခြုံရေးတာဝန်ရှိသူ တွေကို ထစ်ကနဲရှိ အပြစ်ပုံချတာ၊
    အစိုးရမင်းသာ တာဝန်ရှိကြောင်း ထစ်ကနဲရှိ အလီဘိုင်ရောင်းတာမတရားပါ။
    ဘာလုပ်လုပ် အစီအစဉ်နဲ့ ထိုက်သင့်တဲ့အချိန်ယူလုပ်သဟာ စဉ်းစားဉာဏ်ယှဉ် သိမြင်သင့်တာ၊
    ထမင်းစားတာ၊ ၀မ်းသွားတာတောင် ချက်ခြင်းထလုပ်လို့ရသလား၊
    အဲဒီလိုမဟုတ်ဘဲ ငါ့စကားနွားရပြောသမား၊ အသင့်စကား၊
    လားရာဘာဘယ် ပွင့်လင်းမြင်သာ ရှိပါစေဖွယ်၊
    ရေလာမြောင်းပေး၊ သွေးချောင်းစီးရေး၊ ပွဲလှန့်ဖျာခင်း ဗျူဟာရေး၊
    မဆီမဆိုင် အမြတ်ထုတ်နိုင်ငံရေး၊ အဲ ဒါ တာဝန်မဲ့အမျိုးသားနိုင်ငံရေး။

    လာလာချေသေးတယ်၊ ဘာသာရေးခေါင်းဆောင်တွေ ၀င်ထိန်းပေးပါ ဆုံးမပေးပါတအား၊
    ဘာသာတရားကိုးကွယ်ရာဆိုတာ ရှိပြီးသား၊ ဒေါသရှေ့ထား အယူမှားပြီးဖြစ်တာကို၊
    နဂိုကတည်းက ဆုံးမပဲ့ကွပ်ပါလား။
    ဖြစ်လာမှ မီးထိုးမှာလား၊ ဇတ်ကြမ်းတိုက်မှာလား၊ လွှဲချမှာလား၊
    သရဲစီးတယ်၊ ဘီလူစီးတယ်၊ ယိုးစွပ်မှာလား၊ ရေစင် တိုက်မှာလား၊
    ကျီးအာ တွန်ဒေါင်း အသွေးအရောင် မတူကြောင်းကို၊
    အတင်းတူသယောင် သက်သေ မထွင်စကောင်းပါဗျို။

    နောက်ပြီးဘာတဲ့၊ ကိုယ်သာမက သမီးသား မိန်းမ ပေးဆပ်ဘ၀၊ ၀န်ထမ်းမျိုးချစ် မျိုးအစစ်ကို၊
    အစိုးရလစာ မ၀ရေစာမို့ တံစို့လက်ဆောင် ယူမှဝမ်းဝ ၈၈ ရဲ့ဆုံးမမှာတမ်းဆို၊
    အနှီပုဂ္ဂုလ် မျက်မှန်စိမ်းတပ် ၀ါးလုံးရှည်ရမ်း ပြည့်ဝန်ထမ်း ထိပါးစော်ကားသကို၊
    ရှေ့အနာဂတ် သံလျှက်ရသပဆို ထုံးတမ်း လောက၊ ဓမ္မသတ်၊ ဒဿန သိပ္ပ၊ ကုလ ဗဟုမိတ်သဟ၊
    ရွှေလမ်းဗျူဟာခင်း အဌာရသတ်ထိုထိုမကျွင်း ရွေးသုံး တတ်စေချင်မင်း။

    ကြံတဲ့သူကတော့ကြံနေမှာဘဲ၊ မှန်တဲ့သူက ဉာဏ်စဉ်မှန် မနည်းစေဘဲ။
    လူမျိုးဘာသာရေးဆင်ကြံမကြံစေဘဲ၊ တစ်လှေတည်းစီးဖို့၊ တစ်ပြည်လုံးငြိမ်းဖို့ မာန်ခဲပြီး၊
    ဒယ်အိုးထဲအပူကဲတယ်ထင်လို့ ဉာဏ်နုံ့ပြီးခုန်ကျော်ဆင်းရင်ဖြင့်၊
    မီးလျံထဲကျ ကျွမ်းလောင်မည်းမှ၊ သံဃာစင်ပါမှောက်ပြီး မြန်မာတို့ပြည်ပျောက်လိမ့်မဟ၊
    တရားသောစစ် ဆိုတာ မရှိတော့၊ ၀င်း-၀င်း ရရင်ကောင်းသပေါ့၊
    ကာလသုံးပါးလုံး သတိ၊ သတိ၊ သတိ ကလေးတပ်လှန့်အစဉ်သုံး၊
    ဉာဏ်စဉ်တက်ကြပါစို့ အို - ရွှေ မြန်မာတို့။ အကမ
    (ဤကဗျာစာရောကို အပြစ်မမြင်ဘဲ သိမြင်ဆင်ခြင်နိုင်ကြပါစေ)

  1. Anonymous said... :

    ငြိမ်းအေးရဲ့ဆောင်းပါးက ရခိုင်တမျိုးသားလုံးကိုမဟုတ်ဘူး မြန်မာတမျိုးသားလုံးကိုစော်ကားလိုက်သလိုပဲ။ စာကိုအစအဆုံးထိကိုဖတ်စရာမလိုပဲနှင့်ခေါင်းစဉ်ကိုကြည့်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးမယာဉ်ကျေးသလို သဘောဆောင်နေတယ်။ သူ့ စာကိုဖတ်တော့ ဟိုစာအုပ်ကိုသတိသွားရတယ်။ “ယာဉ်ကျေးမှူမရှိသော မြန်မာနိုင်ငံသားအတွက် ဒိုင်ယာလော့“ ဆိုတာလေ။ စာရေးသူက Ausi မှာနေတယ်တယ်လို့ ကြားရတယ်။ ဆိုတော့ စာရေးသူတို့ နေထိုင်တဲ့ Ausi ကမြန်မာတွေနိုင်ငံကြီးသားပီနေကြပြီလားဆိုတာကတော့ စာရေးသူကိုယ်တိုင်အသိဆုံးပဲဖြစ်လိမ့်မယ်။ ကျုပ်ကလည်းအဲဒီနိုင်ငံနှင့် အနီးစပ်ဆုံးအိမ်နီးချင်းနိုင်ငံမှာနေတာပါ။ မသိတဲ့သူတွေကိုတော့ လိမ်ညာလို့ ရကောင်းရမယ်။ ဒါပေမဲ့ကျုပ်နေထိုင်တဲ့နိုင်ငံနှင့် စာရေးသူငြိမ်းအေးနေထိုင်တဲ့ Ausi ဟာ အိမ်ဦးနှင့်ကြမ်းပြင်ဆိုတာလည်းမနေ့ ပါနှင့်ဦး။ ဆိုလိုတာက အဲဒီကမြန်မာတွေ စာရေးသူအပါအ၀င် ဘယ်လောက်ယာဉ်ကျေးနေကြတယ်ဆိုတာ နေ့ တိုင်းကြားနေ မြင်နေရလို့ ပါ။

  1. Anonymous said... :

    Taunggote is ideal town in our country,not accepting Muslims to invade.But killing Muslims in riot is not acceptable in our Buddhist teaching.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved