သတင်းပွဲစား

Saturday, June 30, 2012



အေးထွန်းမင်း


http://assets.theatlantic.com/static/coma/images/issues/201009/broker.jpg

"--မှုန်ဝါးဝါးဓာတ်ပုံကို မီဒီယာများသို့ ရောင်းချရန် လိုက်စပ်သည်။ ထို ဓာတ်ပုံကို စီအန်အန်၊ အေဘီစီ သတင်းဌာန များနှင့် နယူးယောက်ပို့စ် သတင်းစာ တွင် ဖော်ပြသည့်အတွက် ဒေါ်လာ ၁၈,ဝဝဝ ရသွားသည်ဟု ဆိုသည်--"

လာရီ ဂါရစ်ဆင်၏ အသက်မွေးဝမ်းကျောင်းကို မည်သို့ အမည်တပ်ရမည်ကိုမသိ။ သူ့အလုပ်သည် အချိန် များစွာ အသုံးပြုရသည်။ လူများအား ဖျောင်းဖျ သွေး ဆောင်ရသည်။ ကျလောက်အောင်ပြောရသည်။ သူ့အား ကြားလူ၊ သတင်းပွဲစားဟု အမျိုးမျိုးခေါ်ကြသည်။ ကော်လံစား ရုပ်မြင်သံကြားထုတ်လုပ်သူ အတိုင်ပင်ခံဟု သူ့အသက်မွေးဝမ်းကြောင်းကို လူအများက အမည် ပေးထားသည်။ မည်သည့် အနွတ္ထ အမည်ကို ယူသည် ဖြစ်စေသည် ထိုအမည်များသည် တစ်ခုတည်းကိုသာ ရည်ညွှန်းသည်။ ဂါရစ်ဆင်သည် ပရိသတ်သည်းခြေ ကြိုက်ဖြစ်သည့် အညှီအဟောက်၊ အတင်းအဖျင်းသတင်း များကို ရုပ်မြင်သံကြား သတင်းဌာနများသို့ ရောင်းချ အသက်မွေးနေသူ ဖြစ်သည်။

ရုပ်သံ ပရိတ်သတ်များအနက် ဂါရစ်ဆင်၏ အမည် ကြားဖူးသူ အနည်းအပါးသာရှိမည်။ သို့သော် ဂါရစ်ဆင်က နောက်ကွယ်မှ ဝန်ဆောင်မှုပေးခဲ့သည့် ရုပ်မြင် သံကြားသတင်းအဖြစ်အပျက်များကို ကြည့်ဖူးကြမည်မှာ သေချာသည်။

ကလေးပျောက်၊ ခြောက်မြွှာပူး၊ ထူးဆန်းစွာ ဆက်တိုက်ဖြစ်ပွားနေသော လူသတ်မှုများ၊ တက္ကသိုလ် ကျောင်းသူ ပျောက်ဆုံးမှု၊ သက်ကျားအိုနှင့် ဆယ်ကျော်သက် ချစ်ဇာတ်လမ်း၊ ဆီနိတ်တာ အမတ်မင်းလာဘ်စားမှု၊ ရုပ်ရှင်ကြယ်ပွင့်တို့ ၏ တိတ်တိတ်ပုန်း ဇာတ်လမ်းများ အစရှိ သည့် မဆုံးနိုင်သော အဆီတစ်ထပ် အသား တစ်ထပ် သတင်းများကို ရုပ်သံ စတူဒီယိုများ အတွက် သူကရှာဖွေပေးသည်။ သွေးစက်များ၊ ဈာပနအခမ်းအနား၊ ရေခဲတိုက်၊ အခင်း ဖြစ်ပွားရာနှင့် မျက်ရည်စများအကြား သတင်း ကို အပြေးအလွှား တူးဆွ အသက်မွေးသူ ဖြစ်သည်။ ယင်းကဲ့သို့ သည်းခြေကြိုက် သတင်းများကို လွှင့်ထုတ်ပေးနေသည့် များ ပြားလှစွာသော သီးသန့် ရုပ်မြင်သံကြား အစီအစဉ်များက သူ့အားအမြဲ ကြိုဆိုနေသည်။ သို့သော် သူရှိနေသည်ကို ရုပ်သံစတူဒီယိုများက ဝန်မခံလိုကြ။

တကယ့်ဖြစ်ရပ်မှန် ကြေကွဲ ထိတ်လန့် ဖွယ်ရာ၊ လွမ်းမောဖွယ်ရာ သတင်းများကို ပရိသတ်က အာသာငမ်းငမ်းကြည့် လိုကြသည်။ ထိုအခါ ဂါရစ်ဆင်သည် ပရိတ်သတ်အကြိုက် အငွေ့တ ထောင်းထောင်း သတင်းများကို စီမံ ချက်ပြုတ်ပေးရသူဖြစ်လာသည်။ သူ့သတင်းများသည် ရှားပါးကုန် ဖြစ်သဖြင့် မကြာခဏဆိုသလို သတင်းပြတ်လပ်သွားသည်။ ထိုအခါမျိုးတွင် ရုပ်သံ စတူဒီယိုများသည် ကိုယ်တိုင်ထွက်ကာ သတင်းရှာ ကြရသည်။

ရုပ်သံသတင်းသမား အကျော် အမော်များသည် ပန်းစည်းများ၊ တစ်ရှူးအထုပ်များ (မျက်ရည်သုတ်ရန်)ကို သယ်ဆောင်လျက် ပရိဒေဝ မီးတောက်လောင်နေသူများ၊ မျက်မြင် သက်သေများကို တွေ့ဆုံမေးမြန်းကြသည်။ ပရိသတ် ချဉ်ခြင်းတပ်နေသော နှိုက်နှိုက်ချွတ်ချွတ်၊ တစ် တစ်ခွခွ၊ ကတ်သီးကတ်သပ် အချက် အလက်များကို လိမ္မာ ပါးနပ်စွာ မေးမြန်းကြသည်။ ထိုသတင်းများ သည် 'ဝမ်းသာပီတိ စကားကြားပါရစေ' ဟု မေးလို့ရသော သတင်းမျိုး မဟုတ်။ သတင်းသမားသည် ပရိယာယ်ကြွယ်ရသည်။ စကား အလိမ္မာနှင့် တန်ဆာဆင်မေးမြန်းတတ်ဖို့ လိုသည်။ အမေးမှားသည့် အတွက် နင်ပဲငဆဖြစ်ရသည့်အခါမျိုးလည်း ရှိသည်။

ရုပ်သံ သတင်းသမား အကျော် အမော်ဖြစ်ဖို့ ဆိုသည်မှာ လွယ်လှသည် မဟုတ်။ ဖြစ်လာပြီ ဆိုလျှင်လည်း နှစ်စဉ် ဒေါ်လာသန်းချီ ဝင်ငွေရှိသူများ ဖြစ်လာကြသည်။ ထိုသတင်းသမားများအတွက် ပွဲစားလုပ်ပေးနေသူ ဂါရစ်ဆင်သည်လည်း သန်းကြွယ်သူဌေးဖြစ်သည်။ သူ၏ ညီညာဖြူဖွေးသော သွားများသည် မြင်ရသူကို ကြက်သီးထသွား စေနိုင်သည်။ အသားညိုရင့်ရင့်နှင့် ဆံပင်ကို သေသပ်စွာ ပုံသွင်းထားသည်။ ပရာဒါနေကာမျက်မှန်၊ ပလက်တီနမ်ဆွဲကြိုးတို့ဖြင့် ဟိုးလီဝုဒ် ကြယ်ပွင့်အလား ထင်မှတ်မှားစရာ။ သူ၏ အဖြူရောင် အမိုးဖွင့် မာစီဒီးကား၏ ထိုင်ခုံများကို သားရေဖုံးထားသည်။ ကားနံပါတ်မှာ MOVIE -TV ဖြစ်သည်။ သတင်းရှိရာသို့ သူအရင်ဆုံး ရောက်နေတတ်သည်။ ဤသည်မှာ သူ၏ ထူးခြားသော စွမ်းရည်ဟု ဆိုရမည်။ မီးလောင်ရာသို့ မီးခိုးထွက် မလာမီ၊ လူသတ်မှုတွင် သွေးမထွက်မီ ဂါရစ်ဆင်က ရောက်နေတတ်သည်ဟု ဆိုစမှတ်ပြုကြသည်။ သူက အခင်းဖြစ်ပွားရာသို့ ရောက် ရောက်ချင်း သတင်းအရင်းအမြစ် မှန်သမျှကို ချုပ်ကိုင်ပြီး ဖြစ်နေသည်။ သတင်းသမားများရောက်လာသည့် အခါ ကာယကံရှင်များနှင့် တိုက်ရိုက် စကား ပြောခွင့်မရှိတော့ ဂါရစ်ဆင်မှ တစ်ဆင့်သာ ပြောကြရတော့သည်။ ရုပ်သံ ကုမ္ပဏီများသည် ဂါရစ်ဆင်မှတစ်ဆင့် ဆက်ဆံရသည့် အတွက် လုပ်ငန်း ပိုမိုချောမွေ့သည်။ ရုပ်သံလိုင်းများက သတင်းဝယ်ယူသည် ဆိုသည့် အနေအထားမျိုးကို လူသိမခံချင်။ ကာယကံရှင်များနှင့် တိုက်ရိုက်ဆက်ဆံကာ ဈေးစကား မပြောလိုကြ။ ထို့ကြောင့် ဂါရစ်ဆင်သည် မရှိမဖြစ်လိုအပ်သော ကြားလူဖြစ်လာရသည်။ သူသည် သတင်း အမျိုးအစားအလိုက် ငွေကြေးတန်ဖိုးကို သိထားသူဖြစ်သည်။ ထိုကြောင့် သူနှင့် ဈေးစကားပြောရသည်မှာ အဆင်ပြေသည်။ သူ့အား အတိုင်ပင်ခံကြေးပေးလိုက်ရုံမျှဖြင့် အားလုံး ပြီးမြောက်သည်။ သူရရှိသော ငွေ ကြေးကို ကာယကံရှင်နှင့် မည်သို့ ခွဲဝေယူသည်ကို ရုပ်သံလိုင်းများက စိတ်မဝင်စားကြ။ သိလည်း မသိလိုကြ။ ဂါရစ်ဆင်သည် ကာယကံရှင်များ၏ အတွေ့အကြုံစာအုပ်ထုတ်ဝေ ရေးနှင့် ရုပ်ရှင်ရိုက်ကူးရေးတို့ကိုပါ စီစဉ်ပေးသည်။ ထိုအတွက်လည်း သူက အတိုင်ပင်ခံ ဥာဏ်ပူဇော်ခရသည်။ သူသည် ယင်းသို့ လုပ်ကိုင်နေသည် မှာ ဆယ်စုနှစ်တစ်ခုပင် မကတော့။

''ဘုရား.. ဘုရား ... ဖြစ်ရလေတယ်'' Oh My God ဆိုသည့် သတင်းအမျိုးအစားသည် အမေရိကန်ရုပ်မြင်သံကြားလိုင်းများတွင် အလွန် လူကြိုက်များ ခေတ်စားလာသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ ၁၉၈ဝ ပြည့်နှစ်တွင် ၂၄ နာရီ ပတ်လုံး သတင်းထုတ်လွှင့်သည့် CNN သတင်းဌာနပေါ်လာသည်။ ရုပ်မြင်သံကြားကြည့်ရှုနေသူများသည် မည်သည့်လိုင်းကို ကြည့်ရှုနေသည်ကို ခြေရာခံသိရှိနိုင်သည့် နည်းပညာသစ်ကြောင့် မည်သည့်အစီအစဉ် အမျိုးအစားကို လူများက ကြိုက်နှစ်သက်သည်ကို သိရှိလာသည်။

ကြည့်ရှုသူ များပြားသည့် အစီအစဉ်များတွင် ကြော်ငြာများထည့်သွင်းခြင်း ဖြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ် ရောင်းချသူများ အကျိုးရှိကြသည်။ သတင်းကို ပိုမို စိတ်ဝင်စားလာကြရန် ပုံသဏ္ဌန်အမျိုးမျိုးနှင့် တင်ဆက်ကြသည်။ ယင်းသို့နှင့် သတင်းသည် သတင်းအတိုင်း အရိုးခံသက်သက် မဟုတ်တော့ဘဲ ဝေဖန်အကြံပေးချက်၊ ရှုမြင်သုံးသပ်ချက်တို့ တည့်သွင်း ပေးခြင်းဖြင့် လူကြိုက် ပိုများလာသည်ကို တွေ့လာရသည်။ ထို့ကြောင့် သတင်း သက်သက် မဟုတ်တော့ဘဲ ဖျော်ဖြေရေးသဘော ရောစွက်ထားသည့်သတင်း Infotainment ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်တွင် ရုပ်ရှင်မင်းသား အိုဂျေ ဆင်မဆင် O. Simpson က ဇနီးသည်အား သတ်မှု၊ ၁၉၉၆ ခုနှစ်တွင် အသက် ခြောက်နှစ်အရွယ် ဂျွန်ဘင်းနက် ရမ်ဆေး John Benet Ramsey သေဆုံးမှု၊ ၁၉၉၉ ခုနှစ်တွင် ယိုစမိုက် အမျိုးသားဥယျာဉ်တွင် မိခင်နှင့် ဆယ်ကျော်သက် သမီး နှစ်ယောက်တို့အား သတ်မှုတို့သည် အမေရိကန် ရုပ်သံပရိသတ် အုံးအုံး ကျွက်ကျွက်ဖြစ်ရသော သတင်းများ ဖြစ်သည်။ ရုပ်သံ သတင်းတွင် ယခင်က နောက်တန်းတွင် ရှိနေခဲ့သော သာမန် အဖြစ်အပျက် သတင်းများသည် ၂ဝဝဝ ခုနှစ်ပြည့်ခါနီးတွင် ကမ္ဘာ့ ထိပ်စည်း သတင်းများအကြား တိုး ဖောက်လျက် ရှေ့တန်းသို့ ရောက်လာသည်။

သတင်းကို ငွေပေးဝယ်ယူသည် ဆိုသည်ကို ရုပ်သံကုမ္ပဏီများက လူသိမခံလိုကြ။ သတင်းကို ငွေပေး မဝယ်ကြရန် ရုပ်သံကုမ္ပဏီများက ပေါ်လစီချ မှတ်ထားသည်။ သို့သော် ဝိနည်းရှောင်ငွေပေးသည့် နည်းများစွာ ရှိသည်။ တွေ့ဆုံမေးမြန်းခံမည့်သူအတွက် ထိပ်တန်းဟိုတယ်ကြီးများတွင် အခန်းငှားပေးခြင်း၊ လာရောက်ရန် အတွက် ပထမတန်းလေယာဉ် လက်မှတ်ဝယ်ပေးခြင်း စသည်တို့ ကို လုပ်ကြသည်။

တွေ့ဆုံမေးမြန်းခန်းတွင် ကြားထိုးပြသသည့် အပျော်တမ်းရိုက်ကူးထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုတို့အတွက်မူ အခကြေးငွေပေး ကြသည်။

အေဘီစီ ရုပ်သံ သတင်းဌာန မှ ဂျက်ဖရီ ရှနိုက်ဒါ က ''တွေ့ဆုံမေးမြန်းဖို့ အတွက် ကျွန်တော်တို့ အခကြေးငွေမပေးပါဘူး။ ကျွန် တော်တို့ လွှင့်ထုတ်ပြသလိုတဲ့ ဓာတ်ပုံ တို့၊ ဗီဒီယိုတို့ရှိရင် အဲဒါအတွက် ထိုက်သင့်တဲ့ အခကြေးငွေ ပေးပါ တယ်'' ဟု ပြောသည်။

ယင်းသို့ ထုတ်ဖော် ကြေညာ လိုက်ခြင်းသည် ထူးခြားချက်ဟု ဆိုရမည်။ နှစ်နှစ်အရွယ် သမီးကို သတ်သူ မိခင် ကေစီ အန်သော်နီ Casey Anthony ၏ မိသားစုအား ဒေါ်လာ နှစ်သိန်းပေးခဲ့သည် ဆိုသော သတင်း ထွက်ပေါ်လာအပြီးတွင် ထုတ်ဖော်ကြေညာခြင်း ဖြစ်သည်။ ဂါရစ်ဆင်သည် ထိုအမှု အစဦးပိုင်း တွင် ကြားလူအဖြစ် လုပ်ပေးခဲ့သော်လည်း နောက်ပိုင်း အပေးအယူကိစ္စ တွင် ပတ်သက်မှု မရှိတော့ဟုဆိုသည်။ မိသားစုသည် ရရှိသော ဒေါ် လာနှစ်သိန်းကို အမှုအတွက် သုံးစွဲ ခဲ့ရသည်ဟု ဆိုသည်။

၂ဝဝ၉ ခုနှစ် ခရစ်စမတ်နေ့တွင် အမ်စတာဒမ်မှ ပျံသန်းလာသော နော့သ်ဝက်စ် လေကြောင်းဖြင့် လိုက်ပါလာသည့် ခရီးသည် 'အူမာ ဖာရောက်အပ္ပဒူလ်လတက်' Umar Farouk Abdulmutallab သည် အတွင်းခံဘောင်းဘီအောက်၌ ဝှက်ယူ လာသော ဗုံးကို ဖောက်ခွဲရန်ကြိုးစားသည်။ ၄င်းအား ခရီးသည်များက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်။ မိုင်ယာမီသို့လေယာဉ် ဆိုက်သည့်အခါ ဒတ်ခ်ျ ခရီးသည် တစ်ဦးဖြစ်သည့် ဂျက်စပါ ရူရင်းဂါး Jasper Shur-inga က ယင်း၏ လက်ကိုင်ဖုန်းဖြင့် အဖြစ်အပျက်ကို ရိုက်ယူထားသည့် မှုန်ဝါးဝါးဓာတ်ပုံကို မီဒီယာများသို့ ရောင်းချရန် လိုက်စပ်သည်။ ထို ဓာတ်ပုံကို စီအန်အန်၊ အေဘီစီ သတင်းဌာန များနှင့် နယူးယောက်ပို့စ် သတင်းစာ တွင် ဖော်ပြသည့်အတွက် ဒေါ်လာ ၁၈,ဝဝဝ ရသွားသည်ဟု ဆိုသည်။

နယူးဂျာစီတွင်နေထိုင်သူ ဒေး၊ ဗစ်ဂိုးလ်မင်း- David Goldman သည် ဘရာဇီးတွင် ရှိနေသော ကိုးနှစ် အရွယ် သားဖြစ်သူ ရှောင် အား ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်၏ ဆွေမျိုးများလက်မှရယူရန် ကြိုးစားသည်။ ရုပ်သံ သတင်းဌာနများ က ဂိုးလ်မင်းအား အင်တာဗျူးနိုင်ရန် ဝိုင်းအုံ ကြိုးစားကြသည်။ နောက်ဆုံးတွင် အန်ဘီစီ သတင်းဌာနက လေယာဉ်စင်းလုံး ငှားကာ ဂိုးလ်မင်း၊ သားဖြစ်သူ ရှောင်နှင့် အန်ဘီစီ သတင်းထောက် ဂျက်ဖ် ရိုစန်တို့ကို တင်ဆောင်လျက် အမေရိကသို့ ဂါရစ်ဆင်က ခေါ်လာပေးသည်။ ယင်းသို့နှင့် အန်ဘီစီသည် သားအဖ နှစ်ယောက်နှင့် နှစ်နာရီကြာ အင်တာဗျူးခွင့် ရသွားသည်။

လော့စ်အိန်ဂျယ်လိစ်မြို့မှ တစ် နာရီခရီးအကွာ ဆိတ်ငြိမ်ရပ်ကွက် ခြံဝန်းကျယ်တစ်ခုတွင် ဂါရစ်ဆင် နေထိုင်သည်။ သူ၏ အိမ်နီးချင်းများ မှာ ရုပ်ရှင်သရုပ်ဆောင်များ၊ စီအီးအိုများနေထိုင်သည်။ သူ့အိမ်တွင် နိုင်ငံ ခြားမှ ရှားပါးတိရိစ္ဆာန်များကို အလှ မွေးမြူထားသည်။ အိမ်နောက်ဘက် လေသာဆောင်တွင် လုပ်ငန်းနှင့်ပတ်သက်လျက် သူဆက်ဆံဆောင်ရွက်ခဲ့ သည့် ကျော်ကြားသူ ဆယ်လိဘရီတီ များနှင့် တွဲရိုက်ထားသော ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။

သူသည်ဖျော်ဖြေရေး အနုပညာ နယ်ပယ်ထဲသို့ အစဦးပိုင်းက တိုးဝင် လှုပ်ရှားခဲ့သော်လည်း မအောင်မြင်လှသဖြင့် ၁၉၇ဝ ပြည့်လွန်နှစ်များတွင် စတော့ပွဲစား ဝင်လုပ်လိုက်သေးသည်။ ထိုမှ ဖျော်ဖြေရေးနယ်ပယ်သို့ ပြန် ရောက်လာပြီး ရုပ်သံဇာတ်လမ်းတို လေးများတွင် မထင်ရှားသော ဇာတ်ရုပ်များ အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။ အနုပညာနယ်ပယ်တွင် ပြန်လည် တိုးဝင်သော်လည်း ခရီးမပေါက်လှ။ တစ်နေ့တွင် လုပ်ငန်းကိစ္စဖြင့် ထုတ်လုပ်သူတစ်ဦးထံ သွားရောက် တွေ့ဆုံသည်။ ထိုသူသည် သူ့အား ဂရုမစိုက်ဘဲ အသားညှပ်မုန့်ကို ပလုပ် ပလောင်းစားကာ တစ်ချိန်လုံး တယ် လီဖုန်းပြောနေသည်။ သူ့အား အရေးမလုပ်ဘဲ စော်ကားလွှတ်လိုက် သဖြင့် သူသည် ထုတ်လုပ်ရေးလုပ်ငန်းလုပ်ရန် သန္နိဋ္ဌာန်ချလိုက်သည်။ ယင်းသို့ဖြင့် ထရေစီ တေလာ Tracy Taylor ဆိုသူ အမျိုးသမီးငယ် ၏ဘဝဖြစ်စဉ် ရုပ်ရှင်ထုတ်လုပ်ရေး အတွက် သူ ကန်ထရိုက်ရလိုက်သည်။ ထိုအမျိုးသမီးငယ်၏ ရုန်းကန်ကြိုးစားမှုကို သရုပ်ဖော် ထားသည့် ရုပ်ရှင်ရိုက်ကူးရန် ရည်ရွယ်သော်လည်း ပိတ်ကားပေါ် ရောက်မလာခဲ့။ ၁၉၈ဝ မှ ၁၉၉ဝ ပြည့်လွန်ကာလ များတွင် ဂါရစ်ဆင်သည် ဖြစ်ရပ် မှန်အကြောင်းအရာများဘက်သို့ ဦး လှည့်လိုက်သည်။ ထိုကာလက ယင်း ကဲ့သို့ အမျိုးအစားအပေါ် ထုတ် လုပ်သူများက စိတ်ဝင်စားမှုနည်းပါး ကြသေးသည်။ ဆွတ်ပျံ့ကြည်နူးဖွယ် သတင်းများဘက်သို့ အစဦးပိုင်းတွင် ဂါရစ်ဆင် လိုက်ခဲ့သေးသည်။ မီးရှို့မှု၊ အကြီးအကျယ်လိမ်လည်ခြင်း၊ လူသတ်မှု၊ ကျွန်ပြုမှု စသည့် အနိဋ္ဌာရုံ သတင်းများသည် မင်္ဂလာသတင်းများထက် ရုပ်သံပရိတ်သတ်၏ အာရုံ ကို ပိုမို ဖမ်းစားနိုင်သည်ကို သူသိ လာသည်။

၁၉၅ဝ နှင့် ၆ဝ ပြည့်လွန်နှစ်များ က သတင်းစာ စာမျက်နှာ ၅ နှင့် ၆ ကဲ့သို့ နောက်ပိုင်း စာမျက်နှာများတွင်သာ ခပ်သိုသို နေရာရခဲ့သည့် သတင်းများသည် ယခုအခါ ထိပ် စည်းသတင်း ဖြစ်လာနေသည်။ တစ် ချိန်က အရေးမကြီးဟု ယူဆကာ ဘေးဖယ်ထားသော သတင်းများ သည် ယခုအခါ သတင်းခေါင်းစဉ် နေရာရလာသည်။ ထိုသတင်းများသည် လူအများစု၏ ဘဝအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိသော သတင်းများသာ ဖြစ်သည်။ မယားကို သတ်ပြီး တိမ်းရှောင်သွား သော ယောက်ျား၊ အသက်မပြည့် သေးသူ ကျောင်းသားနှင့် ငြိစွန်းသည့် ကျောင်းဆရာမ စသည့် သတင်းမျိုးသည် သည်းခြေကြိုက် သတင်းများ ဖြစ်လာသည်။ အနိဋ္ဌာရုံသတင်းများ နောက်သို့ လိုက်ရသည်ကို သူက ခုံမင်စွဲလမ်း လာသည်။

''သတင်းရဲ့ ကာယကံ ရှင်တွေ၊ မျက်မြင်သက်သေတွေကို ဆွဲဆောင်သိမ်းသွင်းရတယ်။ ကျွန် တော် တစ်ယောက်တည်းကိုသာ သူတို့က ယုံကြည်ဖို့တိုက်တွန်းရတယ်'' ဟု ပြောသည်။

''လူတွေ အာသာငမ်းငမ်း သိချင်တဲ့ သတင်းတွေကို ရှာဖွေပေးဖို့ လူလိုတယ်။ အဲဒီလူ နေရာကို ကျွန် တော်ရောက်သွားတာပဲ။ ပရိသတ်ရဲ့ သတင်းချဉ်ခြင်းတပ်မှုဟာ ကျွန်တော့် ရဲ့ အသက်မွေးမှု ဖြစ်လာတာပဲ'' ဟု ဂါရစ်ဆင် က ဆိုသည်။ သူ၏ နေ့စဉ်လုပ်ငန်းမှာ သတင်းများကို ဖတ်ရှုလေ့လာခြင်း၊ အင်တာနက် စာမျက်နှာ၊ အီးမေးလ် တို့မှ သူလိုချင်သော ပရိသတ်နှစ်သက်မည့် သတင်း အစအနများကို ရှာခြင်းဖြစ်သည်။ အစအနရလျှင် ရေဆုံးရေဖျား သူလိုက်တော့သည်။ အနိဋ္ဌာရုံသတင်းပင် ဖြစ်စေကာမူ ထိုအထဲမှ သင်ခန်းစာယူသင့်သော အချက်ကို စူးစမ်းနှိုက်ထုတ်သည်။

ဆယ်ကျော်သက်တစ်ဦး လူသတ်မှုများကို ဆက်တိုက်ကျူးလွန်လျက် ထွက်ပြေးလွတ်မြောက်နေသောအမှုတွင် ရုပ်သံသတင်းသမားများက ထိုလူငယ် ပုန်းအောင်းနေသည်ဟု ထင်ရသော တောအုပ်တွင် ပိုက်စိတ် တိုက်နေကြစဉ် ဂါရစ်ဆင်က မိဘများထံသွားလျက် လူငယ်၏ ဘဝ ဖြတ်သန်းမှုကို မေးမြန်းသည်။ လူသတ်မှုကို ကျူးလွန်စေသည့် လူငယ်၏ ဘဝဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ကို သူက စူးစမ်းသည်။

ဂါရစ်ဆင်၏ ပြိုင်ဘက်သည် မမျှော်လင့်သောထောင့်မှ ပေါ်လာသည်။ အင်တာနက်ပေါ်ရှိ အတင်း အဖျင်း စာမျက်နှာများသည် အင်အား ကောင်းသော ပြိုင်ဘက်များ ဖြစ်လာသည်။ သတင်းတန်ဖိုးရှိသော ဓာတ်ပုံ နှင့် ဗီဒီယို အပိုင်းအစများကို အင်တာနက်ပေါ်တွင် အလွယ်တကူ ရောင်းချ နိုင်သော အေးဂျင့်များပေါ်လာသဖြင့် ဂါရစ်ဆင်၏ အခန်းကဏ္ဍသည် မှေး မှိန်လာသည်။ ရုပ်သံလွှင့် ကုမ္ပဏီများသည် အသုံးစရိတ်ဖြတ်တောက်လာသဖြင့် ဂါရစ်ဆင်အား ယခင်ကကဲ့သို့ တနင့်တပိုး မပေးနိုင်တော့။

''အရင် တုန်းကဆိုရင် ရုပ်သံလွှင့်သမားတွေ က ငွေကြေး အတော်လေးပေးနိုင်တယ်။ သာမန် သတင်းတစ်ပုဒ်ကို ဒေါ်လာ တစ်သိန်းအထိပေးတယ်။ အခုတော့ အိုးမိုင်ဂေါ့ သတင်းမျိုး မဟုတ်ရင် အဲဒီလောက် မရတော့ ဘူး'' ဟု သူကပြောသည်။

ထို့ကြောင့် ရေရှည် အကျိုး အမြတ်ပေးနိုင်သည့် ဖြစ်ရပ်မှန်စာ အုပ်ထုတ်ဝေရေးဘက်သို့ သူက ပြောင်းရတော့သည်။

''ကျွန်တော် က ငွေရဖို့ တစ်ခုတည်းအတွက် လုပ် နေတာမဟုတ်ပါဘူး။ ကျွန်တော့် အလုပ်ကို ကျွန်တော် ဂုဏ်ယူတယ်။ ကျွန်တော့်အလုပ်ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲဆီကို ဦးတည်စေ မယ်ဆိုရင် ကျွန်တော် ကျေနပ် တယ်'' ဟု ဆိုသည်။

ရုပ်သံသတင်းကဏ္ဍတွင် မေး မြန်းခံသည့်အတွက် ငွေကြေး ရယူ ခြင်းနှင့် ဂါရစ်ဆင်ကဲ့သို့ သတင်း ပွဲစားများ ရှိနေခြင်းသည် သင့်မြတ်ပါ၏လော ဆိုသည့် မေးခွန်းအတွက် အဖြေအမျိုးမျိုး ကိုယ်စီရှိနေကြသည်။ ထိုကဲ့သို့သော သတင်းများကို လူ ကြည့်များသည့်အတွက် ကြော်ငြာ အများအပြား ကြားဖြတ်ထည့်သွင်း ကြသည်။ ထိုကြော်ငြာများမှ ရရှိသော အကျိုးအမြတ်များသည် မျက်ရည်စက်များ၊ သွေးအိုင်များ၊ အပျိုရည်များ၊ လူ့ဂုဏ်သိက္ခာများမှ ထုတ်ယူ ရရှိခြင်းဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်။

သတင်းပွဲစားအလုပ်သည် မရှိ မဖြစ် လိုအပ်သည် ဟု ဂါရစ်ဆင်က ဆိုသည်။ သတင်း၏ ကာယကံရှင် နှင့် မျက်မြင်သက်သေများသည် သာမန်လူများသာ ဖြစ်ကြသည်။ သူတို့သည် သတင်းဌာနများနှင့် ဆွေးနွေးရန် အတွေ့အကြုံ မရှိကြ။ အကျိုးအမြတ် အကောင်းဆုံးရရန်၊ ဂုဏ်သိက္ခာ မထိပါးစေရန်နှင့် ဥပဒေနှင့် မငြိစွန်းစေရန် သတင်း ပွဲစားက ဝင်ရောက် ဆောင်ရွက်ပေး နိုင်သည်။ သတင်းပွဲစားမှ တစ်ဆင့် ဆောင်ရွက်ခြင်းကြောင့် သတင်းထောက်များ လင်းတဆွဲသကဲ့သို့ ဝိုင်းအုံ မနေကြတော့။

သတင်းဌာနများက သတင်း အရင်းအမြစ်များကို ငွေကြေးပေးခြင်း အပေါ် မေးခွန်းထုတ်စရာများက လည်းရှိလာသည်။ ငွေပေးဝယ်ယူခြင်း ကြောင့် သတင်းသည် ဖြောင့်မှန်မှုရှိပါမည်လား။ ငွေကြေးကြောင့် မမှန်သတင်း ပေးလာနိုင်သည့် အလားအလာလည်းရှိနေသည်။

ဟစ်တလာ၏ ဒိုင်ယာရီဟူ၍ လံကြုတ်လုပ်ကာ ရောင်းချခဲ့သည့် အဖြစ်အပျက်မှာလည်း ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။ နယူးဝိစ် ကဲ့သို့ အထင်ကရ သတင်းမဂ္ဂဇင်းသည်ပင် အလိမ်ခံလိုက်ရသည်။ ငွေကြေးအတွက် သတင်းကို ဖန်တီးခြင်းမျိုးများရှိခဲ့သည်။ လူ ပေါင်းများစွာ သတ်ဖြတ်သူကို ငွေ ကြေးပေးလျက် သတင်းယူမည်ဆိုပါက ရာဇဝတ်မှုကို အားပေးရာ ရောက်မည်ဖြစ်သည်။

''ကျွန်တော် အကျိုးဆောင် ပေးရတဲ့ လူတွေဟာ သူတို့ တစ်ခါမှ မကြုံဖူးတဲ့ သတင်းသမားတွေနဲ့ ဘယ်လို ဆက်ဆံရမယ်။ ကိုယ့်ဂုဏ် သိက္ခာကို မထိပါးအောင် ဘယ်လို ပြောဆို ဆက်ဆံရမယ်။ အမှုအခင်းမှာ ကိုယ်ပါ ငြိပါမသွားအောင် ဘယ်လို လုပ်ရမယ်ဆိုတာ မသိရှာကြဘူး။ ကျွန်တော်က သူတို့ကိုယ်စားကြား ဝင်ဆောင်ရွက်ပေးရတာပါ။ ရှေ့နေ က တရားရုံးမှာ လိုက်ပါဆောင် ရွက်ပေးရသလိုပါပဲ။ ကျွန်တော်က သူတို့အတွက် အကျိုးဆောင် တစ်မျိုး ပါပဲ'' ဟု ဂါရစ်ဆင်က ဆိုသည်။

သတင်းအဖြစ်အပျက်တိုင်း တွင် အပိုင်းနှစ်ပိုင်းရှိသည်။ တစ်ပိုင်းသည် အမှားဖြစ်ပြီး အခြားတစ်ပိုင်းမှာ အမှန်ဖြစ်သည်။ အမှန်တရားကို လူတို့က သိလိုကြသည်။ မည်သူ့ ထံမှာ အမှန်ကို သိနိုင်မည်ကို ဂါရစ်ဆင်က ဆုံးဖြတ်ပြီး ထိုသူ့ထံသို့ ချဉ်းကပ်သည်။

''သတင်းအနံ့ခံပြီး ကျွန်တော့် ကို ကူညီနေကြတဲ့ လူတွေရှိတယ်။ သူတို့က ဘယ်သတင်းဆိုရင် လူ စိတ်ဝင်စားမယ် ဆိုတာ သိကြတယ်။ ကျွန်တော် လိုက်တဲ့ သတင်းတွေဟာ အညှီအဟောက်ချည့် သက်သက် မဟုတ်ဘူး။ အညှီအဟောက်နဲ့ တိုင်းမ်မဂ္ဂဇင်းအကြားမှာရှိတဲ့ သတင်း တွေပဲ။ ဘယ်သတင်းဟာ တိုင်း မဂ္ဂဇင်းမျက်နှာဖုံးမှာ ပါနိုင်တယ်ဆိုတာ မှန်းဆနိုင်ဖို့က အရေးကြီး တယ်'' ဟု ဂါရစ်ဆင်က ပြောသည်။

''ကျွန်တော် တင်ဆက်ပေး လိုက်တဲ့သတင်းတွေဟာ ကော်ဖီဆိုင်မှာ၊ ရုံးမှာ၊ အလှပြင်ဆိုင်မှာ ပြောမဆုံးတဲ့ သတင်းမျိုးတွေဖြစ်တယ်။ ပရိတ်သတ်က ဘာကို ချဉ်ခြင်းတပ် နေတယ်ဆိုတာ သိဖို့လိုတယ်'' ဟု သူက ဆိုသည်။

အမေရိကန်ပရိသတ်၏ သတင်း အကြိုက်သည် များစွာပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ယခင်ကဆိုလျှင် သတင်းကြေညာသူများသည် ဝါလ် တာ ခရွန်တိုက်ကဲ့သို့ အသက်ကြီးပိုင်း နသယ်စ ဖြူနေသူများသာဖြစ်သည်။ ပရိသတ်ကလည်း ယင်းကဲ့သို့ ဥပဓိရုပ်မျိုးနှင့် လူမျိုးများကိုသာ ယုံကြည် ကိုးစားထိုက်သည်ဟု ယူဆသည်။ သို့သော် ယခုအခါ သတင်းကြေညာသူများသည် ငယ် ငယ်ချောချောများဖြစ်လာသည်။ သူ တို့သည် သတင်းကြေညာရုံမျှမက သရုပ်ဆောင်သည့် အပိုင်းလည်း ပါဝင်လာသည်။ ကြေညာသည့် အသံမှာလည်း အဖိ အဖေါ့၊ အဆွဲ အငင် အရှူအရှိုက်လေးများ စွက်ထားသည်။ သတင်းသက်သက်သာ မကတော့ဘဲ ထင်မြင်ချက်များ ထည့်သွင်းလာသည်။ ပျောက်ဆုံးသွားသော ကလေးငယ်၏ မိခင်က မျက်ရည်လည်ရွဲဖြင့် သတင်းထောက်အား ဇာတ်စုံခင်းပြနေစဉ်တွင် ညင်သာသော တေးဂီတ နောက်ခံဖြင့် ပို့ပေးသည်။

ယင်းသို့ သတင်းကို ဖျော်ဖြေ တင်ဆက်မှု အသွင်ဖြင့် အပြိုင်အဆိုင် လွှင့်ထုတ် လာကြခြင်းသည် ကောင်းကျိုး ဖြစ်စေသလို ဆိုးကျိုးဖြစ်ရသည်လည်း ရှိလာသည်။ လူထုသည် အဖြစ်မှန် သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိရသည်မှာ အကောင်းဘက်မှ ဖြစ်သည်။ တစ်ခါတစ်ရံ သတင်း သမားများ လက်ကုန်နှိုက်ကာ ကောက်ချက်ချမှုကြောင့် ကာယကံ ရှင်များ နစ်နာရသည်များလည်း ရှိလာသည်။ ပရိသတ်သည် မီဒီယာ၏ လုပ်ပုံကိုင်ပုံကို အကျွမ်းတဝင်ဖြစ်လာသည်။ ပိုမို အသေးစိပ်သော တိကျ သော သတင်းအချက်အလက်များကို တောင်းဆိုလာသည်။

ရုပ်သံများကလည်း သတင်းတစ်ပုဒ်ချပေးလိုက် ပြီး ပရိသတ်၏ စိတ်ဝင်စားမှုကို စစ်တမ်းထုတ်ယူသည်။ ပရိသတ် စိတ်ဝင်စားမှုတက်လာသည်နှင့် ထို သတင်းကို ဖျော်ဖြေမှုအသွင်ဖြင့် ထုတ်လွှင့်သည်။ သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကား ကြည့်နေရသကဲ့သို့ ခံစားလာစေရန် မီဒီယာ မှော်အတတ် ဖြင့် စီရင် တင်ဆက်တော့သည်။ ပရိသတ် ထိန်းထားနိုင်ရန် ပိုမိုအသေး စိတ်သော၊ ခွဲခြမ်းစိတ်ဖြာသော အချက်အလက်များကို တင်ဆက် ပေးသည်။

မီဒီယာများသည် သူ့ထက်ငါ အပြိုင်ကြဲလာမှုကြောင့် အဖြစ်မှန် အချက်အလက်များ မကြာခဏဆို သလို တွန့်လိမ်ကောက်ကွေးကုန်သည်။ တစ်ချက်မှားရုံ၊ ယုံကြည်ချက် တစ်ချက်မဲ့သွားရုံဖြင့် မီဒီယာအဖွဲ့ အစည်း ကိုယ်တိုင် သတင်း၏ သားကောင် ဖြစ်သွားရသည်လည်း ရှိသည်။

၂ဝဝ၄ ခုနှစ် ရွေးကောက်ပွဲ အရှိန်မြင့်နေစဉ် သမ္မတလောင်း ဂျော့ ဒဗလျူ ဘုရှ်အား စီဘီအက်စ် ရုပ်သံဌာနမှ ပြင်းထန်သော စွပ်စွဲချက် တစ်ခုပေါ်ထွက်လာသည်။ ဘုရှ်သည် မိဘအရှိန်အဝါနှင့် နိုင်ငံရေး သြဇာကို အသုံးပြုလျက် စစ်မှုထမ်း ကာလ သက်တမ်းပြည့် မထမ်း ဆောင်ခဲ့၊ စစ်မှုထမ်းနေစဉ် အထူး အခွင့်အရေးများပေးခဲ့သည်ဟု စွပ်စွဲချက်က ဆိုသည်။ ထိုစွပ်စွဲချက်များ အတွက် မငြင်းနိုင်သော သက်သေ အထောက်အထားများရှိသည်ဟု စီဘီ အက်စ်က ဆိုသည်။ နောက်တစ်နေ့ တွင် အမေရိကန် တစ်ပြည်လုံး ပွက်ပွက်ညံကုန်တော့သည်။ အခြားသတင်းဌာနများက စီဘီ အက်စ်ကို ဝိုင်းဝန်းဝေဖန်ကြသည်။ သို့သော် စီဘီအက်စ်က အလျှော့ မပေး။ မူလ လွှင့်ထုတ်ချက်အပေါ် ခိုင်မာစွာ ရပ်တည်ထားသည်။ သို့ သော် တစ်ပတ်အကြာတွင် မှားယွင်း ထုတ်လွှင့်မိကြောင်း စီဘီအက်စ် က ကြေညာသည်။ ယင်း၏ လက်ဝယ် ရရှိထားသော အထောက်အထားများ မှာ အတုများ ဖြစ်သည်ဟု ဝန်ခံရတော့သည်။

သတင်းကို လူစိတ်ဝင်စားလာ စေရန် ရောသမမွှေ Spinning Stories လုပ်နည်း ဟူ၍ရှိသည်။ သတင်းမဟုတ်သည်ကို သတင်းဖြစ် အောင် လုပ်သောနည်း ဖြစ်သည်။ လွယ်လှသည်တော့မဟုတ်။ ရော သမမွှေ နည်းဟု မည်သူက အမည် တပ်ခဲ့သည်ကို မသိရ။ ရောသမမွှေ လိုက်ခြင်းဖြင့် သတင်းတစ်ပုဒ်သည် အရေးကြီးသည်ဟု ထင်မြင်လာစေသည်။ သတင်းကို စိတ်လှုပ်ရှားဖွယ် ဖြစ်စေရန် ဖန်တီးခြင်းလည်း ဖြစ်သည်။ ယင်းသို့ဖြင့် အဖြစ်မှန်သည် စိတ်ကူးယဉ် ဇာတ်လမ်းနှင့်ပိုမိုနီးကပ် လာသည်။ အန္တရာယ်ရှိသောဖန်တီး မှုဖြစ်သည်။

ဤနည်းဖြင့် ပရိသတ် ၏အာရုံကို ညှို့ယူဖမ်းစားထားရန် ကြိုးစားသည်။ ရုပ်သံဇာတ်လမ်းတွဲ ပမာ ရှေ့ဘာဆက်ဖြစ်မည်ကို ပရိ သတ်က ရင်တဖိုဖိုဖြင့် စောင့်စား ကြည့်ရှုကြရသည်။ ထိုနည်းသည် ဖြစ်ရပ်မှန်များ အတွင်း အချက်အလက် အပိုများ ထည့်သွင်းခြင်းဖြစ်သည်။ ယင်းသို့ ထည့်သွင်းသော အချက်အလက်များသည် မှန်ကန်သော အချက်အလက် များ ဖြစ်ရန်လိုအပ်သည်။ တစ်နည်းအားဖြင့် သတင်းတွင် ပါဝင်ပတ်သက် နေသူများ၏ စရိုက်ကို ပီပြင်စေခြင်း ဖြစ်သည်။ မည်သည့်ကျောင်းတွင် နေခဲ့သည်။ ချစ်သူရည်းစားမှာ မည်သူဖြစ်သည်။ ကျောင်းဆရာ၊ ဆရာမများနှင့် လုပ်ဖော်ကိုင်ဖက်များက သူ့အပေါ် ထင်မြင်ချက် မည်သို့ရှိ သည် စသည်တို့ကို အနုပညာမြောက်စွာ ထည့်သွင်းပေးသည်။

မီဒီယာများမှ မြင်တွေ့ကြားသိ နေရသော သတင်းဆိုသော အရာများထဲတွင် ပမာဏ မည်မျှသည် အစစ် အမှန်ဖြစ်ပြီး၊ မည်မျှသည် တန်ဆာ ဆင်ဖန်တီးမှု ဖြစ်သည်ကို သိရှိရန် ခက်ခဲလှပေသည်။



Ref :The News Merchant

Photo Illustration: Gluekit; Network photos: ABC, CNN, FOX, NBC; Photo of Larry Garrison: Courtesy Sean Garrison Photography

ညွှန်း - ဈေးကွက်ဂျာနယ်၊ http://zaygwet.com


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved