“ဗမာတဦးဖြစ်၍ ဗမာလူမျိုးကိုယ်စားပြု (Burma) ဆိုသည့် အသုံးအနှုန်းကို ပိုသဘောကျပါသည်။ သို့သော်
တကိုယ် ကောင်းဆန်၍ မရပါ။ လူမျိုးစွဲ ထား၍ မဖြစ်ပါ။ ပြည်ထောင်စု တ၀န်းလုံးကို ကိုယ်စားပြု
သည့် နိုင်ငံတော်နှင့် သက်ဆိုင်လျှင် (Myanmar) ဟူသည့် အသုံးအနှုန်းကသာ သင့်တော်မှန်ကန်ပါသည်။
ကိုလိုနီခေတ်က အတွေးအခေါ်ကို စွန့်ပစ်ရပါမည်။” ဟု နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက News Bar
ထိုး၍ မကြာခဏ ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။
ရခိုင်ပြည်နယ် မတည်မငြိမ် ပဋိပက္ခဖြစ်ပွားနေချိန်မှာ အခုလို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဆက်တိုက် စာတန်း ရေးထိုး ထုတ်လွှင့် နေပါတာ စဉ်းစားစရာလည်းဖြစ်နေပါတယ်။ဝေဖန်ဘို့နဲ့ ဆင်ခြင်ဖို့ပါ။
Burma ကို မြန်မာလို့ ပြောင်းလဲ သတ်မှတ်လိုက်တာက ၁၉၈၉ ခုနှစ် က န၀တ စစ်အစိုးရက မြန်မာနိုင်ငံသား များရဲ့ သဘောတူညီမှု ဆန္ဒသဘောထားနှင့် မဟုတ်ဘဲ ဗေဒင်ယတြာ သဘောနဲ့ ပြောင်းလဲ သတ်မှတ်ခဲ့ တာဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အမည်နာမအပြောင်းအလဲဟာ နိုင်ငံသားအားလုံး သို့မဟုတ် နိုင်ငံသားအားလုံးရဲ့ ကိုယ်စားလှယ်များက သဘောတူမှသာလျှင် အတည်ပြုသင့်တာပါ။
ဒါပေမယ့် အဲဒီအချိန်က အာဏာသိမ်းစစ်အစိုးရရဲ့ ပြောင်းလဲ သတ်မှတ်မှုကို ကုလသမဂ္ဂနဲ့ နိုင်ငံတချို့ အသိအမှတ်ပြုခဲ့တာလည်းဖြစ်ပါတယ်။
အခုအချိန်ထိလည်း Burma နှင့် Myanmar အခေါ် အဝေါ်အသုံးအနှုန်းသည် နိုင်ငံရေး၊ သံတမန်ရေးဘက်တွင် လည်း ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။
မောက္ခ အွန်လိုင်းမဂ္ဂဇင်းမှာ ဆောင်းပါးရှင် ရဲသူရိန်မင်းရဲ့
ဗမာ၊ မြန်မာနှင့် ဗကသ (ဗမာနဲ့ မြန်မာ ဘာကွာသလဲ)
ဆိုတဲ့ ဒီနှစ်ဖေဖော်ဝါရီလက တင်ပြခဲ့တာလေးကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ဗမာ၊ မြန်မာဆိုတဲ့အခေါ်ဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်းကပြန် ဖြစ်ခဲ့ရပြီး လူမျိုးရေး ခွဲခြားရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ ပုတ်ခတ် ပြောဆိုရာတွင်လည်းကောင်း ရည်ရွည်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒို့ဗမာ အသင်းကြီးရဲ့ နာမည် ပေးခဲ့မှုအပေါ်မှာ ယနေ့ခေတ် တိုင်းရင်း သားတွေ၊ မြန်မာတွေအကြား အငြင်းပွား၊ အမုန်းထားပြီး လူမျိုးရေး ခွဲခြားမှုပုံစံတွေ ဖြစ်လာအောင် မဆလဦးနေ၀င်းနဲ့ သူ့တပည့်ကျော် ဦးခင်ညွန့်တို့ ဖန်တီးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတွေဟာ ရန်ကုန်တက္ကသိုလ် ကနေ စတင်ခဲ့ကြတာများပြီး အဆုံးသတ်အောင် ပွဲပေါင်း မြောက်မြားစွာ ရယူကာ သမိုင်းမှတ်တမ်းများလည်း တင်နိုင်ခဲ့ပါတယ်။ ဒီလို တော်လှန်ရေးတွေ စတင်ရာ ရန်ကုန်တက္ကသိုလ် မြေရဲ့ အဓိက ဇာတ်ကောင်များကို မွေးထုတ်ပေးရာ အဖွဲ.အစည်းကတော့ ဗကသ လို့ အများသိတဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပါပဲ။
မြန်မာ့ သမိုင်းစဉ်တလျှောက်လုံး နယ်ချဲ့ကို တော်လှန်၊ တပါတီစနစ်ကို ဖြုတ်ချ၊ စစ်အာဏာရှင်ကို အမြဲခြိမ်းခြောက်နိုင်ခဲ့တာ ဗကသပါပဲ။ ကိုကြီးနု၊ ကိုအောင်ဆန်းမှသည် မင်းကိုနိုင်၊ မိုးသီးဇွန်အတွဲထိ ဗကသ ကျောင်းသားများသည် အောင်ပွဲများ အလီလီ နွှဲခဲ့ကြပါတယ်။ ဒီလို သမိုင်းအစဉ် အဆက်ကြီးမားသလို ၊ တော်လှန်ရေး သူရဲကောင်း များ မွေးထုတ်ပေးရာ ဗကသ ဆိုသော အဖွဲ့သည် စစ်အာဏာရှင်များ အတွက်တော့ စေတန် နတ်ဆိုး တပါးလိုပါပဲ။ စစ်အာဏာမြဲရေးအတွက် အနှောင့်အယှက်ဖြစ်စေသော ဗကသများဟာ ရှင်းထုတ်ရ မဲ့ အမှိုက်တစ ဖြစ်နေပါတယ်။ ဒါကို ဦးနေ၀င်း လက်ထက် ၁၉၆၂ မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုက်နဲ့ ခွဲပြီး ခြေရာလက်ရာ အစ မကျန်ရလေအောင် ဖျောက်ဖျက်ခဲ့ပါတယ်။
ကျောင်းသားအမြောက်အမြား အဆောက်အဦထဲမှာ သေဆုံးခဲ့ကြရပြီး၊ အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗကသတွေ ဟာလည်း မြေအောက်အနေအထား ရောက်ခဲ့ရပြီး ဦးနေ၀င်းခေတ် တလျှောက်လုံး ဗကသရဲ့ အခန်းကဏ္ဍဟာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပေမဲ့ ၁၉၈၇၊ ၈၈မှာတော့ ဗကသတွေဟာ မြေအောက် သင်တန်းတွေပေးရင်း တက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်သေဆုံးမှုနဲ့အတူ ပြန်လည် နိုးထလာခဲ့ကြပါတယ်။ တပါတီစနစ်နဲ့ အာဏာရှင် ဦးနေ၀င်းကို ပြတ်ပြတ်သားသား အမြစ်ဖြတ်နိုင်ခဲ့ကြပါတယ်။
စစ်အာဏာ ပြန်သိမ်းခံပြီးတဲ့နောက် ဗကသတွေအားလုံး ထောင်ထဲထည့်၊ တချို့ကတော့ ထွက်ပြေး လွတ်မြောက်ပြီး ပြည်ပ တိုင်းပြည်တွေကို ရောက်ကုန်ပါတယ်။ ဒါပေမဲ့ ဗကသ မျိုးဆက်ဟောင်းတွေကိုသာ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ ဗကသရဲ့ သမိုင်းနဲ့ ဗကသ မျိုးဆက်သစ်ကိုတော့ ဘယ်လိုမှ မရှင်းနိုင်ခဲ့ကြပါဘူး။ အကြိမ်ကြိမ် ခေါင်းထောင် အသက်ပြန်ဝင်လေ့ရှိတဲ့ ဗကသကို စစ်အာဏာရှင်များအနေနဲ့ အပြီးသတ် ခြေမှုန်း ချင်ကြပါတယ်။ အသေးစိတ် အစီအစဉ်များနဲ့ ဖြိုခွဲပါတော့တယ်။
၁။ ရန်ကုန်တက္ကသိုလ်ကိုပိတ်ပြီး တက္ကသိုလ်များအား မြို့ပြင် ထုတ်ပစ်ရေး
၂။ ကျောင်းသား အများအပြား မစုစည်းနိုင်ရန် တက္ကသိုလ် အရေအတွက် များများ ဖွင့်လှစ်ရေး
၃။ ကျောင်းသားများ တက္ကသိုလ်၌ ကြာကြာ မနေနိုင်ရန် စာသင်နှစ် လျှော့ချရေး
ဗကသ သမိုင်းကြောင်းကို ဦးနေ၀င်းလက်ထက်က ဗကသ အဆောက်အဦးကို ဒိုင်နမိုက်ခွဲ ဖြိုခွင်း လက်စ ဖျောက်ခဲ့ပေမဲ့ ၁၉၈၈ မှာ တဖန် ခေါင်းထောင်ထလာခဲ့တာကြောင့် ဗကသသမိုင်း စတင်ရာ ရန်ကုန် တက္ကသိုလ်ကိုပါ ပိတ်ပစ်သည်အထိ စစ်အာဏာရှင်တို့ ဗကသကို လက်စဖျောက်ပါတယ်။
ပြီးတော့ ဗကသဆိုတဲ့ အခေါ်အဝေါ်ကို လူတွေ မုန်းတီးလာအောင် ဗမာ၊ မြန်မာ ဆိုတဲ့ ရှုပ်ထွေး စေမဲ့ အခေါ်အဝေါ်တွေကို ဖန်တီးပြီး လူမျိုးရေး ခွဲခြားမှု မုန်းတီးမှုများ ဖြစ်ပေါ်လာအောင် ဖန်တီးလိုက်ပါတယ်။ ဗကသ ဆိုတဲ့ အခေါ်ကို သေးသိမ်သွားအောင် ဗမာဆိုတာ လူမျိုးတမျိုးထဲကိုသာ ကိုယ်စားပြုတဲ့ပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်ကြပါတယ်။
ဒီတော့ ဗမာ၊ မြန်မာဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းလင်းအောင် လုပ်ဖို့လိုလာပါပြီ။
ဒိုဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ----- ဒို့မြန်မာ အစည်းအရုံးလို့ မခေါ်ပဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလည်းဆိုတာ ဖွင့်ဆိုထားပါတယ် ။
"မြန်မာဆိုတာဟာ ပြည်မ မြေပြန့်မှာ နေထိုင်တဲ့သူတွေကို ခေါ်တာသာဖြစ်တယ်၊ မြန်မာ ပဒေသရာဇ်တွေ ပေး ထားတဲ့ နာမည် သာဖြစ်တယ် ။ လူမျိုးကြီးဝါဒ သဘောပါဝင်တယ်။ ဒါကြောင့်လူမျိုးအားလုံး၊ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံလို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ်" လို့ အတိအလင်း ဖွင့်ဆိုထားခဲ့ပါတယ်။
ဘာသာဗေဒ ပညာရှင် ဆရာမောင်သာနိုးရဲ့ အမြင်ကတော့ ------ ဗမာက မူလဗျ၊ ဗမာဆိုတာ ဗြဟမာ (ဗရမာ) က လာတာကိုး။ ဗရမာက နေ ဗမာဖြစ်သွားတာ အဲ့ဒီကမှ တဆင့် ဗရမာကို 'ဗ' နဲ့ 'မ' နဲ့ ပြောင်းပြီး မြန်မာဖြစ်သွားတာ။ ဗရမာလို့ ခေါ်တဲ့ ဗမာ စကားလုံးက ပထမ၊ မြန်မာဆိုတဲ့ စကားလုံးက ဒုတိယလို့ ပညာရှိတွေက ယူဆကြပါတယ်။ အိန္ဒိယမှာ အခုအချိန်ထိ မြန်မာနိုင်ငံကို ဗရမာ ခေါ်နေဆဲပါ ။
မြန်မာစာကို ဗာရမီလို့ခေါ်တယ်။ ဗမာကသာလျှင် တပြည်လုံးကို ခြုံတဲ့ အမည်ဖြစ်တယ်။ မြန်မာဆိုတာက တိုင်းရင်းသားတွေမပါတဲ့ ရန်ကုန်၊ မန္တလေးက လူတွေကိုခေါ်တာ။
အီလီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းက------ပါလိအဘိဓာန်ထဲမှာ ဗရမ ဒေသ၊ ဗရမ လို့ပဲ ပြထားတာရှိတယ်၊ နောက် ရှေးဆရာတော်ကြီးတွေက ဗရမာလို့ ရေးကြတာရှိတယ်။ အဲ့ဒီကနေ အသံပြောင်းပြီးတော့ ဗရမာကနေ ဗမာဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင်ပါတယ်။
ပုဂံခေတ် ကျန်စစ်သားလက်ထက် ကျောက်စာတွေမှာ လူတွေအကြောင်း ပြောတော့ မြေပြန့်နေသူတွေကို မရမာ လို့သုံးခဲ့ပါတယ်။ သမိုင်းကြောင်းအရကတော့ ဗမာ=မြန်မာ မြေပြန့်နေသူတွေကို ခေါ်ကြပေမဲ့ တိုင်းရင်းသားအားလုံးကို ခြုံပြီး မြန်မာလို့ခေါ်တာ မရှိခဲ့ပါဘူး။ ထိုင်းလူမျိုးတွေ ယနေ့ထိ ခေါ်နေဆဲဖြစ်တဲ့ ဖမ (ဗမာ) ဆိုတဲ့ အခေါ်ဟာလည်း နိုင်ငံတခုလုံး တိုင်းရင်းသားအားလုံးကို ခေါ်တာဖြစ်တယ်။
ရေနံချောင်း သခင်ခင်ညွန့် ------ အင်္ဂလိပ်ခေတ်က (Burma ၊ Burman) ဗမာဆိုတာကို တိုင်းရင်းသား အားလုံးကို သတ်မှတ်ပြီး မြန်မာကိုတော့ အလည်ပိုင်းနေ မြန်မာလူမျိုး တမျိုးတည်းကိုပဲ ခေါ်ခဲ့တယ်။ ဒီခေတ်ရောက်မှ ၀ံသာနုခေတ်က အသုံးတွေကို ပြောင်းပြန်လှန်ပစ်တယ်လို့ ပြောပါတယ်။
ဒီလို ဗမာနဲ့ မြန်မာကို ပြောင်းပြန်လှန်ပစ်ခဲ့သူကတော့ မဆလ ဦးနေ၀င်းပဲ ဖြစ်ပါတယ်။ မြန်မာစာပေကို ၀င်ရောက် စွက်ဖက်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ မိုက်မဲစွာ ရှုပ်ထွေးအောင် လုပ်ပစ်ခဲ့တာပါ။ ထိုစဉ်က ကျောင်းသုံး စာအုပ်တွေမှာ ဥပမာ (တကောင် = တစ်ကောင်) (ဗမာ၊ မြန်မာ) စသဖြင့် ပြင် ဆင်စေခဲ့တာဟာ ဗမာနဲ့ မြန်မာ ရှုပ်ထွေးမှုရဲ့ အစပါပဲ။
ဦးနေ၀င်းရဲ့ အမွေကိုသူရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဦးခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ မှာ ဗကသကို ဖျောက်ဖျက်လိုခြင်း၊ တော်လှန်ရေး စိတ်ဓာတ် မွေးဖွားရာ ကိုလိုနီ အမွေအနှစ်ဖြစ်တဲ့ အမည်များအား ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ဥပမာ
Burma=Myanmar
Irrawaddy = Ayeyarwady
Akyab = Sittwe
Amherst = Kyaikkami
Bassein = Pathein
Henzada = Hinthada
Maymyo = Pyin U Lwin
Moulmein = Mawlamyaing
Myohaung=Mrauk U
Pagan=Bagan
Pegu=Bago
Prome=Pyae
Dagon or Ragoon=Yangon
Sandoway=Thandwe
Syriam=Thanlyin
Tavoy=Dawei
Yaunghwe=Nyaung Shwe
ဒီလို ပြောင်းလဲခဲ့တာတွေဟာ ဘာသာဗေဒတခုကို အဆင့်မြှင့်လိုခြင်းထက်၊ နိုင်ငံရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါတယ်။ နိုင်ငံကို မြန်မာလို့ခေါ်ရန်နှင့် လူမျိုးကို ဗမာလို့ ခေါ်ဆိုရန် အမိန့် ထုတ်ခဲ့ခြင်းဟာ ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုဘဲ၊ လူမျိုးစုတစုထဲကို ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ခဲ့တဲ့ သွေးခွဲတဲ့လုပ်ရပ်အဖြစ် အဲ့ဒီအချိန်က လူသိများခဲ့ပါတယ်။
ရှေးဟောင်းကျမ်းများ၊ ကျောက်စာအထောက်အထားများအရ အမည်မှန် ခေါ်ဆိုမှုသည် အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗမာပြည် (ဗမာနိုင်ငံ)
မြန်မာလူမျီုး
ရဲသူရိန်မင်း
I am not agree Myanmese or Burmese stay only in Yangon and Mandalay , don't u means that others state are not Burmese