GW နဲ့ ၀န်ကြီး ဦးအောင်မင်း ဘာတွေ ပြောခဲ့သလဲ?

Monday, June 25, 2012

ဓာတ်ပုံ- Moe Thway's facebook

လင်းသန့် ရေးသားပေးပို့သည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီ ဒု ဥက္ကဌ အစိုးရ ၀န်ကြီး ဦးအောင်မင်းသည် မျိုးဆက်သစ် လူငယ်များ အစည်း အရုံး အဖွဲ့ (Generation Wave – GW) ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ကိစ္စအပါအ၀င် အဖွဲ့အစည်း မှတ်ပုံတင်ရေး ကိစ္စများကိုလည်း ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်တဲ့။

“ကျနော်တို့က ထာဝရ ငြိမ်းချမ်း ၆၇ ဆိုတဲ့ ကင်မ်ပိန်းလုပ်တယ်ဗျာ။ အခု ၀န်ကြီး ဦးအောင်မင်းကလည်း ငြိမ်းချမ်းရေး ကော်မတီမှာ ပါတယ်။ သူလည်း အောက်ခြေက လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ပါဝင် ပတ်သက် ချင်တယ်ဆိုတော့ သူ့ ကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့သွားဆွေးနွေးကြတယ်” ဟု ဆွေးနွေးပွဲတွင် ပါဝင် သူ တဦးဖြစ်တဲ့ GW အဖွဲ့ ရဲ့ ဥက္ကဌ တာဝန်ယူထားသူ မင်းရန်နိုင်က ဧရာဝတီကို ပြောပါတယ်။

မြန်မာအီးဂရက်မှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်တဲ့ ဦးလှမောင်ရွှေနှင့် ဦးတင်မောင်သန်းတို့ရဲ့ ညှိနှိုင်းဆောင် ရွက်မှုနဲ့ မြန်မာ အီးဂရက် ရုံးမှာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ ဆုံခဲ့တာပါတဲ့။

ဝန်ကြီးဦးအောင်မင်း ဘက်က ငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့ လုပ်ဆောင်နေတာတွေကို ရှင်းလင်းပြောကြားပြီး GW ဘက်က ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်ဖို့ တိုက်တွန်းမှုတွေ လုပ်ဆောင်နေချိန်မှာ အောက်ခြေ အာဏာပိုင်တွေနဲ့ ပတ်သက်လို့ အခက်အခဲ၊ လက်ရှိ အကျဉ်းထောင်တွင်း ကျန်ရှိ နေတဲ့ GW အဖွဲ့ဝင် သူတဦး အကြောင်းနဲ့ တရားဝင် ရပ်တည်ရေးကိစ္စလည်း ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“Register ကိစ္စကတော့ သူ့ဘက်က မပြောပါဘူး။ သူ့ဘက်က မေးတာတော့ရှိတယ်။ Register လုပ်ဖို့ ကျနော် တို့ စုံ စမ်းတဲ့အခါမှာ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ Clause တွေပါတာ ရှိနေသေးတယ်။ ဒီအပေါ်မှာ ကျနော် တို့ ကလည်း နိုင်ငံရေး လုပ်နေတဲ့ အဖွဲ့အစည်း၊ နောက် ၀န်ကြီးကိုယ်တိုင်ကလည်း လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတဲ့ ကိစ္စတွေကိုလည်း အကြံပေးပါတယ်။ အားလည်းပေးတဲ့အပေါ်မှာလည်း အခုလောလော ဆယ် နည်းဥပဒေ အားနည်း နေတဲ့ ကိစ္စကို ပြောဖြစ်ပါတယ်”ဟု သူက ပြောပါတယ်။

အရင်က GW အနေနဲ့ စနစ်တခုကြောင့် တရားဝင် ရပ်တည်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခုအခါ တရားဝင် လှုပ်ရှား ခွင့် ရလာသည့် အနေအထား ရှိတဲ့အတွက် တရားဝင် အစိုးရ မဟုတ်သော အဖွဲ့ (NGO) ပုံစံ နိုင်ငံရေး အခြေပြု အဖွဲ့ အစည်း တရပ်အနေနဲ့ ရပ်တည်လိုကြောင်း၊ ပြည်ထဲရေး ၀န်ကြီးဌာနမှာ အဖွဲ့အစည်းများဆိုင်ရာ မှတ်ပုံ တင်ခြင်း ဥပဒေ မရှင်းလင်းသေးတဲ့အတွက် လောလောဆယ် မှတ်ပုံမတင်ရသေးကြောင်း သူက ဆက်လက် ရှင်းပြပါတယ်။

“ဒီလိုမျိုး အဖွဲ့အစည်းတွေရှိတယ်။ တချို့ Clause တွေမှာ အားနည်းနေတယ်။ ဥပဒေတွေ စနစ်တကျဖြစ်ဖို့ လိုနေတဲ့ ကိစ္စတွေကို ကျနော်တို့ ကင်မ်ပိန်းလုပ်ရင်လည်း လုပ်ဖြစ်အုံးမှာပါ။ ကျနော်တို့ကိုယ်တိုင်က ဒီမိုကရေစီ စနစ် ပီပြင် လာ ပြီဆိုရင် ဥပဒေတွေ အောက်မှာ အလုပ်လုပ်ချင်ပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေကလည်း မျှမျှတတ ဖြစ်ရမယ်” ဟု သူ က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၇ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့က ငြိမ်းချမ်းရေး တောင်းဆိုမှု လက် မှတ်ပေါင်း ၂၃၉၅၀၀ လက်မှတ်ပေါင်း ရှိထားပြီးဖြစ်ကြောင်း၊ သတ်မှတ် လျာထားသည့် လက်မှတ်ပေါင်း ၆၇၆၇၆၇ ခု ထိ ရရှိဖို့ လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း၊ စုဆောင်းရရှိထားသမျှ လက်မှတ်များကို လက်နက် ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဆက်စပ်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းများကို လည်း မိတ္တူ ကူးပြီး ပြည်သူလူထု၏ တောင်းဆိုမှုအဖြစ် ပို့ဆောင်သွားဖို့ ရှိကြောင်း မင်းရန်နိုင်က ပြောပါတယ်။

GW အနေနဲ့ မည်သည့် နိုင်ငံရေးပါတီတခုခုရဲ့ လက်အောက်ခံ မဟုတ်ကြောင်း၊ ဒါပေမယ့် နိုင်ငံရေး အခြေပြု ဖွဲ့စည်း လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါအ၀င်၊ နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊ တိုင်းရင်းသား ပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ NGO အဖွဲ့တွေ၊ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲ ဆောင်ရွက် သွား မှာလို့ သိရပါတယ်။

NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ကိုဇေယျာသော် ဟာ အခုအခါ GW ရဲ့ စည်းကမ်း အရ နိုင်ငံရေး ပါတီဝင် တဦးဖြစ်နေတာကြောင့် စေတနာ့ ၀န်ထမ်း အဖြစ်နဲ့သာ ဆက်လက်ရပ်တည်နေ တယ်လို့ GW ရဲ့ ဥက္ကဌဖြစ်သူ မင်းရန်နိုင်က ပြောပါတယ်။

တချိန်ကတော့ ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ဟာ GW တည်ထောင်သူတွေထဲက တဦးဖြစ်ပါတယ်တဲ့။

လတ်တလောဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ မည်သည့် ဖြစ်ရပ်မဆို GW က မလိုလားကြောင်း မင်းရန်နိုင်က ဆိုထားပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved