အင်းစိန်ရောက် ဦးခေမာစာရ အူရောင်ငန်းဖျားဖြစ်နေ

Friday, July 6, 2012

~


အစိုးရက ၂၀၀၈ မှာ ဖမ်းပြီး ထောင် ၁၄ နှစ် ချထားတဲ့ ဦးခေမာစာရ အင်းစိန်ထောင်မှာ အူရောင်ငန်းဖျားဖြစ်နေတယ်လို့ သိရပါတယ်။

သူဟာ ဂျပန်ရောက် မြန်မာပြည်သားတွေပေးတဲ့ အညတရ သူရဲကောင်းဆုရသူတယောက်လည်း ဖြစ်ပါတယ်။

ထိရောက်တဲ့ ကုသမှု ရှိမရှိ မသိရသေးပါ။

အင်းစိန်ထောင်ထဲမှာ သူအပါအ၀င် နိုင်ငံရေးအကျဉ်းသား သံဃာ ၁၄ ပါး ကျန်နေသေးတယ်လို့ သိရပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှု၊ နာဂစ် ကာလ ကူညီမှုတို့ အပြီးမှာ အစိုးရက သူတို့ကို ပုဒ်မမျိုးစုံတပ်ပြီး ထောင်ထဲ ထည့်လိုက်တာ ဖြစ်ပါတယ်။

ဦးခေမာစာရအကြောင်းကို ၂၀၀၉ နှစ်ဆန်းပိုင်း ဧရာဝတီ သတင်းတပုဒ်မှာ အခုလို တွေ့ရပါတယ်။

ဦးခေမာစာရ သက်တော် (၂၈)နှစ်ကိုလည်း ယမန်နေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးကပြောသည်။

“သူ့ကို မရန်းကုန်းမြို့နယ်တရားရုံးက တရားသူကြီး ဒေါ်ခင်သန့်စင်က အမှု ၂ မှုနဲ့ ထောင် ၁၄ နှစ် ချလိုက်တယ်၊ သူက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါတဲ့ သံဃာတပါးပဲ”ဟု ၎င်းက ပြောပြသည်။

ယင်း ဦးခေမာစာရအား ပုဒ်မ ၃၈၀ ဘုရားခိုးမှု၊ ပုဒ်မ ၄၆၈ တရားမ၀င် စာရွက်စာတန်း အမှုများဖြင့် တမှုလျှင် ထောင်ဒဏ် ၇ နှစ်ဖြင့် ၂ မှု ပေါင်း ထောင်ဒဏ် ၁၄ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရင် ရုံးစထုတ်စဉ်က ၂၉၅(က) ဆိုတဲ့ ပုဒ်မ တခုပါတယ်၊ ပုဒ်မ ၃ ခု ၊ အဲဒါကို ၂၉၅(က) ဖြုတ်လိုက်တယ်၊ အဲဒါက သာသနာညိုးနွမ်းတဲ့ ပုဒ်မ၊ နိုင်ငံရေးနဲ့နွယ်တယ်၊ ၂၉၅(က) ကို ဖြုတ်လိုက်ခြင်းအားဖြင့် နိုင်ငံရေး မနွယ် တော့တဲ့ အတွက် နောက်ပိုင်း ရဲဘက်တောင်ထုတ်နိုင် တယ်လို့ ယူဆရတယ်”ဟု ထောင်ဝန်ထမ်းတဦးက ပြောဆိုသည်။

ဦးခေမာစာရသည် ပဲခူးတိုင်း သနပ္ပင်မြို့နယ် ကလိုင်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်သာ ကျောင်း မှ ပညာတတ်၊ ဓမ္မာစရိယ ဘွဲ့ရဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် တိမ်းရှောင်နေရကာ ၂၀၀၇ ခု ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်း မြို့နယ် အတွင်း၌ စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်သည်။



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved