သူရဲကောင်းက အာဇာနည်လား၊ အာဇာနည်က သူရဲကောင်းလား

Sunday, July 22, 2012

~



ဖူးငုံတို့ရေ ဇူလိုင်လ မိုးစက်တွေနဲ့ အတူ အတန်းသစ်၊ သူငယ်ချင်း သစ်တွေနဲ့ နေသားတကျ ဖြစ်နေကြပြီလို့ ကျွန်မ ယူဆ မိပါတယ်။

သူငယ်ချင်း အသစ်တွေနဲ့ အတွေးသစ် အမြင်သစ်တွေရော ဖလှယ် ဖြစ်ကြရဲ့လား။ ဇူလိုင်လကို ရောက်လာပြီး ဆိုတော့ ဖူးငုံတို့ တွေးရမယ့် အကြောင်းအရာ တစ်ခု ရှိနေပါတယ်။ အဲဒီ အတွေးတွေက ဖူးငုံတို့ ဘ၀ အတွက်လည်း အရမ်းကို အရေးကြီးလှပါတယ်။ တွေးရမယ် အကြောင်းကတော့ ကျွန်မတို့ မြန်မာနိုင်ငံ အတွက် အသက် ပေးခဲ့ကြတဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ဂုဏ်ပြုထားတဲ့ အာဇာနည်နေ့ အကြောင်းပါ။

အာဇာနည်နေ့ ဆိုလို့ တချို့ ဖူးငုံတွေက ဇော်ပိုင်နေ့ရော မရှိဘူးလားလို့ မေးတတ်ကြတယ်လို့ ကြားဖူးပါတယ်။ ကျွန်မပြောတဲ့ ဆိုတာ အဆိုတော် အာဇာနည် မဟုတ်ပါဘူး။ တိုင်းပြည်အတွက် မမေ့သင့် မမေ့ထိုက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ ကဲ အဲဒီတော့ ဇူလိုင် ၁၆ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး တော့ ဒီစကားဝိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်။ စကားဝိုင်းမှာ ပါဝင်ဖို့အတွက် အာဇာနည်တွေကို တန်ဖိုးထား၊ စံနမူနာ ယူပြီး ဘ၀ကို လျှောက်လှမ်း နေကြတဲ့ ဖူးငုံတို့ရဲ့ သူငယ်ချင်းလေးတွေကို စုစည်းခဲ့ပါတယ်။ အဲဒီ သူငယ်ချင်းတွေ နဲ့ ဖူးငုံတို့ကို အရင်မိတ်ဆက်ပေးပါဦးမယ်။ သူတို့တွေကတော့ ကျောင်းသား သမဂ္ဂများ အဖွဲ့များ အဖွဲ့ချုပ်(ဖြစ်မြောက်ရေးကော်မတီ)က ဒီငြိမ်းလင်း၊ လင်းထွန်းနိုင်၊ ဆုစန္ဒီဦး၊ထက်အောင်လှိုင်၊ ရဲရင့်ဇော်ဝင်း၊ ထက်အိနြေ္ဒလှိုင်နဲ့ ပြည်စိုးပိုင်တို့ပါ။ သူတိုတွေ ပြောထားတဲ့ အာဇာနည်ပုဂိ္ဂုလ်ဆိုတာ ဘယ်လို လူမျိုးလဲ ဆိုတာကို ဖူးငုံတို့ အတွေးတွေနဲ့ တိုက်ဆိုင် ဖတ်ရှုကြည့်ပါဦးနော်။

ဒီငြိမ်းလင်း။ ။ ကျွန်တော် နားလည် ထားသလောက် ဆိုရင် အာဇာနည် ပုဂ္ဂိုလ်ဆိုတာက ကိုယ့်ကျိုးစွန့် အနစ်နာခံတဲ့သူ။ မိုက်ရူးရဲ မဆန်ဘဲနဲ့ ကိစ္စ တစ်ခုခုကို အကျိုးအကြောင်း သင့်မသင့်သေချာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ အများအတွက် ကောင်းမယ် ထင်တဲ့ဟာမျိုးကို လုပ်တဲ့သူ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကျွန်တော်က အာဇာနည်လို့ပဲ ယေဘုယျအားဖြင့် အဓိပ္ပာယ် ဖွင့်မယ်။

လင်းထွန်းနိုင်။ ။ ကျွန်တော် ထင်တာတော့ သူရဲကောင်းကနေ တစ်ဆင့် အာဇာနည် ဖြစ်လာတယ်လို့ ထင်တယ်။ သူရဲကောင်းဖြစ်ပြီးမှ ကျဆုံးသွားတဲ့ လူကို အာဇာနည်လို့ သတ်မှတ်တယ်လို့ ထင်တယ်။ ဒါပေမဲ့ သေခြင်း၊ ရှင်ခြင်းက အာဇာနည် ဖြစ်မဖြစ်နဲ့ သိပ်တော့ အများကြီးမဆိုင်ပါဘူး။ များသောအားဖြင့် သူရဲကောင်းတွေဆိုရင် အာဇာနည် ဖြစ်လာနိုင်တယ်ပေါ့နော်။ သူရဲကောင်းတွေက ကိုယ်ကျိုးကို မကြည့်ဘူး။ အများအကျိုးကို ကြည့်ကြတယ်။ အနစ်နာခံစိတ် ရှိတယ်။ အဲဒါမျိုးကို အာဇာနည် ပုဂ္ဂိုလ်လို့ ထင်တယ်။

ဆုစန္ဒီဦး။ ။ ညီမ ခံယူထားတဲ့ အာဇာနည်ပုဂ္ဂိုလ် ဆိုတာက အကောင်းအဆိုးကို သေချာဝေဖန် သုံးသပ်ပြီးတော့ ကိုယ်ကျိုး အတွက် မကြည့်တဲ့သူ၊ အများကျိုးကို ကြည့်တဲ့သူ၊ ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်နဲ့ တိုက်ပွဲဝင်ရတယ်။ သတ္တိရှိတဲ့ သူကို အာဇာနည်လို့ ထင်ပါတယ်။

ထက်အောင်လှိုင်။ ။ ကျွန်တော့် ခံယူချက်ကတော့ အာဇာနည် ဆိုတာ နေရာရဖို့ မမျှော်မှန်းဘူး။ အများအကျိုး အတွက်ပဲ ကြည့်တယ်။ဥပမာ ခေါင်းဆောင်နေရာကနေ ကြည့်ပြီး ပြောမယ်ဆိုရင် လက်အောက်ငယ် သားတွေကို ကျွန်ပုံစံနဲ့ မခိုင်းဘဲ လူလူချင်းစိတ်ဓာတ် ကြံ့ခိုင်စွာနဲ့ အုပ်ချုပ်တယ်။ မှားရင်လည်း မှားတယ်။ မှန်ရင်လည်း မှန်တယ်။ ဘက်မလိုက်တတ်ဘူး။ နောက်ဆုံး သေဆုံးသွားသည့်တိုင်အောင်မှ အရိုးကြေကြေ အရည်ခန်းခန်း ပြည့်သူကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး အတွက် လုပ်ဆောင်သွားတဲ့ လူမျိုးကို အာဇာနည်လို့ သတ်မှတ် ထားပါတယ်။

ရဲရင့်ဇော်ဝင်း။ ။ ကျွန်တော် သတ်မှတ်ထားတဲ့ အာဇာနည် ဆိုတာက လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝတဲ့သူ။ ဥပမာ စစ်ပွဲတစ်ပွဲမှာ စစ်ဗျူဟာမှူးက သူ့ရဲ့တပ် သားတွေ ရှေ့မှာ မားမားမတ်မတ် အသေခံပြီးတော့ တိုက်ပွဲ ၀င်တဲ့သူမျိုးက အာဇာနည်ဖြစ်ထိုက်တယ်။ ဒါပေမဲ့ အာဇာနည် ဆိုတိုင်း အသက်ပေးရမယ်လို့ တော့ မဟုတ်ဘူးပေါ့။ အသက်ပေးရဲတဲ့ စိတ်ဓာတ်ရှိရမယ်။ ပညာ မတတ်တဲ့ သူတွေလည်း အာဇာနည်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပညာတတ်တဲ့ သူတွေက ထိပ်ကိုရောက်နိုင်တာပေါ့။

ထက်အိနြေ္ဒလှိုင်။ ။ အာဇာနည် ပုဂ္ဂိုလ်ဆိုတဲ့ လူတွေဟာ ကိုယ့်နာမည် ကျန်ကျန်၊ မကျန်ကျန် ကိုယ်ကျိုးအတွက် မကြည့်ဘဲ အများအကျိုး အတွက် လုပ်တဲ့သူပေါ့နော်။ အများ ထင်သလိုပဲ ညီမရဲ့ အတွေးကလည်း တူနေမှာပါ။

ပြည့်စိုးပိုင်။ ။ ကျွန်တော့်အထင် အာဇာနည်ပုဂ္ဂိုလ် ဆိုတာ ကိုယ့်ရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်မှာ တော်ရုံလောက်နဲ့တော့ အာဇာနည်လို့ မထင်ဘူ ဗျ။ ဘက်စုံတော်ပြီး ကမ္ဘာက သိလောက်တဲ့ ပုဂ္ဂိုလ်မျိုးကျဆုံးသွားတဲ့အခါမှာ အာဇာနည်လို့ ခေါ်ထိုက်တယ်။ မြန်မာနိုင်ငံမှာ နာမည်ကြီးရုံ လောက်နဲ့ မရဘူး။ ကမ္ဘာကပါ အသိအမှတ်ပြု လောက်အောင် တော်တဲ့ သူဖြစ်ရမယ်။ နယ်ပယ် တစ်ခုတင် မဟုတ်ဘဲ ဘက်ပေါင်းစုံတော်တဲ့သူ ဖြစ်ရမယ်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အားလုံးမှာ တော်ပြီးတော့ တကယ်လုပ် နိုင်တဲ့သူဖြစ်ရမယ်။ ကိုယ့်လူမျိုးအတွက်ပဲ မဟုတ် ဘူး။ လူမျိုးပေါင်းစုံ အတွက် အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ပေါ့နော်။ အာဇာနည်ပုဂ္ဂိုလ်ဆိုတာ မှဲ့တစ် ပေါက်စွန်းလို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ ပြောရမယ်ဆိုရင် ဟစ်တလာဆို တခြားလူမျိုး အတွက် မကောင်းဘူး၊ ရက်စက်တယ်၊ ဒါ ကြောင့် အာဇာနည်လို့ မသတ်မှတ်နိုင်ဘူး။ လူဆို တာက သေမှပဲ ယုံကြည်လို့ရမယ်။ မသေခင်မှာ တစ်ခုခုအမှားလုပ်နိုင်တယ်။
မသေခင်မှာ အာဇာ နည်လို့ စိတ်ထဲမှာ သတ်မှတ်နိုင်ရုံပဲ ရှိမယ်။ တကယ့်သတ်မှတ်လို့ မရသေးဘူး။ ပြီးတော့ အာဇာနည်ဆိုတာ ခေါင်းဆောင်နိုင်မှု စွမ်းရည်ရှိရ မယ်။ အဲဒီလိုပြောတဲ့အတွက် နောက်လိုက်တွေ လည်း အာဇာနည် မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး ပေါ့။ နောက်လိုက်ကလည်း လူအများသိနိုင်တဲ့ လုပ်ရပ်မျိုး လုပ်ခဲ့ရင် အာဇာနည်ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကမ္ဘာကို ကိုင်နိုင်လောက် အောင် အရည်အချင်းရှိပြီး တော်တဲ့သူကိုမှ အာဇာနည်လို့ ထင်တာ။

ကဲ ဖူးငုံတို့ သတ်မှတ်ထားတဲ့ အာဇာနည်ဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားတွေထဲမှာရော ပါရဲ့လား။ လူအမျိုးမျိုးဆိုတော့ သတ်မှတ်တဲ့ စံနှုန်းတွေကလည်း အမျိုးမျိုးပေါ့။ ဘာပဲဖြစ်ဖြစ် အတွေးတွေ အရှိန် ရလာပြီလို့ ထင်ပါတယ်။ ဆက်ပြီးတော့လည်း အာဇာနည် ပုဂ္ဂိုလ်တွေမှာ ဘယ်လို အရည် အချင်းတွေ ရှိရမလဲ၊အာဇာနည်ပုဂ္ဂိုလ်ဖြစ်ဖို့ ဘယ်လို အချက်တွေနဲ့ ပြည့်စုံရမလဲဆိုတာကိုလည်း ဖူးငုံတို့ရဲ့ သူငယ်ချင်းတွေက ၀ိုင်းပြီး ဆွေးနွေးပေးထားပါသေးတယ်။ ဖတ်ကြည့်ကြပါဦးနော်။

ထက်အောင်လှိုင်။ ။ အာဇာနည် ပုဂ္ဂိုလ်ဖြစ်ဖို့ အဓိကက စိတ်ဓာတ် ကောင်းရမယ်။ ကိုယ့်ကျင့် တရား ကောင်းရမယ်။ ကိုယ့်ရဲ့ လက်အောက်ငယ် သားတွေကို မဖိနှိပ်ရဘူး။ တရားမျှတမှု ရှိရမယ်။ အားငယ်နေတဲ့ သူအပေါ်မှာလည်း စာနာသနား တတ်တဲ့ စိတ်ရှိရမယ်။ လူငယ်တွေလည်း အာဇာ နည်ဖြစ်နိုင်တယ်။ ဘ၀ရဲ့လမ်းတစ်ခုမှာ လဲကျ နေတဲ့သူကို တွေ့ရင် ဖေးမ ကူညီချင်တဲ့ စိတ်ရှိရ မယ်ရမယ်။

ရဲရင့်ဇော်ဝင်း။ ။ အာဇာနည်ပုဂ္ဂိုလ်ဖြစ်ဖို့က ငါ စိတ်မမွေးရဘူး။ အတ္တ မကြီးရဘူး။ သူရဲဘော ကြောင်တဲ့ နည်းလမ်းတွေ မသုံးရဘူး။ ကိုယ့်ကျင့် တရားကောင်းပြီး တစ်ဖက်သားပေါ် စာနာစိတ် ရှိရမယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။

လင်းထွန်းနိုင်။ ။ ကျွန်တော် အာဇာနည်ရဲ့ ဖွင့် ဆိုချက်ကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ သူ က အိန္ဒိယက ဆင်းသက်လာတဲ့စကားလုံးလို့ ပြောတယ်။ အမျိုး ကောင်းသားလို့ အဓိပ္ပာယ်ရ တယ်။ မိဘနဲ့မဆိုင်ဘူး။ မိဘက ဘယ်လောက်ပဲ ဆိုးနေပါစေ။ သူကကောင်းသော လမ်းကြောင်းကို လုပ်နေလား ကြည့်ရမယ်။ အများအကျိုး အတွက် လုပ်နေလား ကြည့်ရမယ်။ ရဲရဲဝံ့ဝံ့နဲ့အများ အကျိုးလုပ်ရမယ်။

ဆုစန္ဒီဦး။ ။ အာဇာနည်ဖြစ်ဖို့ သတ္တိရှိရမယ်။ တိုင်းပြည်အတွက် သေရမယ် ဆိုရင်တောင်မှ ပေး ဆပ်ရဲတဲ့ သတ္တိရှိရမယ်လို့ ထင်တယ်။ ပြီးတော့ ခေါင်းဆောင်နိုင်မှု စွမ်းရည်လည်း ရှိရမယ်။ နောက်လိုက်လည်း အာဇာနည် ဖြစ်နိုင်တယ်။ အာဇာနည် စိတ်ဆိုတာ လူတိုင်းမှာ ရှိနိုင်တယ်။ နေရာတိုင်းမှာလည်း အာဇာနည် ထွက်ပေါ်နိုင်တယ်။ ပညာအရမ်း တတ်တဲ့နေရာဖြစ်လို့ အာဇာ နည်တွေ အများကြီး ထွက်ရမယ်လို့ မဟုတ်ဘူး။ အရမ်းနိမ့်ကျတဲ့နေရာဖြစ်လို့ အာဇာနည် မထွက် ပေါ်နိုင်ဘူး ဆိုတာလည်း မဟုတ်ဘူး။ ကိုယ့်ခံစား ချက်ကို ရှေ့တန်းမတင်ရဘူး။ အားလုံးအတွက် မျှဝေပြီးတော့ ခံစားပေးနိုင်ရမယ်။

ထက်အိနြေ္ဒလှိုင်။ ။ အာဇာနည်ကောင်း ဖြစ်ဖို့ ခေါင်းဆောင်ကောင်း တစ်ယောက်မှရယ် မဟုတ် ဘူး။ နောက်လိုက်ငယ်သားလည်း ဖြစ်နိုင်တယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ အာဇာနည်မြင်း ဆိုတာ ရှိတယ်။ အဲဒီမြင်းက သူလုပ်ရမယ့် အလုပ်ကို ကျေကျေပွန်ပွန် လုပ်တဲ့အတွက် သူ့ကို အာဇာနည် လို့ သတ်မှတ်လို့ ရမယ်။ မြင်းဆိုတာ တိရစ္ဆာန်လေ။ တိရစ္ဆာန်တောင် အာဇာနည်လို့ ခေါ်ကြ သတ်မှတ် နိုင်ကြသေးတာပဲ။ ဒါကြောင့် အာဇာနည်ဆိုတာ ကိုယ့်တာဝန်ကိုယ် သိတတ်ပြီး၊ ကိုယ့်တာဝန် ကိုယ်ကျေရင် အများက အာဇာနည်လို့ သတ်မှတ် မှာပဲ။ ပြီးတော့ စိတ်ထဲမှာလည်း ကြည်ကြည်လင်လင်နဲ့ အများကောင်းဖို့ အတွက်ပဲ ကြည့်တဲ့လူပေါ့နော်။ အများကောင်းဖို့ မိမိအသက် အသေခံပြီး စွန့်လွှတ် အနစ်နာခံနိုင်ရမယ်။

ပြည်စိုးပိုင်။ ။ အဓိက အာဇာနည့်ဖြစ်ဖို့ တော်ရမယ်၊ တတ်ရမယ်၊ စေတနာ သန့်သန့်နဲ့ အများအကျိုး ဦးဆောင်ပြီး လုပ်နိုင်တဲ့ သူပေါ့နော်။ ဘက်ပေါင်းစုံက တော်ရမယ်။ လက်အောက်ငယ်သားလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့တစ် လိုင်းတည်း တော်နေလို့ မရဘူး။ ဘက်ပေါင်းစုံက တော်မှရမယ်။

ဒီငြိမ်းလင်း။ ။ ကိုပြည်စိုးပိုင် ပြောသွားတာက ခေါင်းဆောင်မှု စွမ်းရည်ကို ပြောသွားတယ်။ ကျွန်တော် သိသလောက် ၁၃၀၀ ပြည့် အရေးတော်ပုံ မန္တလေး မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးရှိတယ်။ ဒီတော်လှန်ရေးမှ ချီတက်ရင်းနဲ့ အဓိကရုန်းဖြစ်ပြီး သေသွားတာ။ အဲဒါကို အာဇာနည်လို့ သတ်မှတ်တယ်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ကျော် အတွင်းဝန်ရုံး ရှေမှာ အရိုက်ခံရပြီး သေသွားတာ။ သူ့ကိုလည်း ကျောင်း သားအာဇာနည်လို့ သတ်မှတ်ကြတာပဲ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပြီးအဆုံး သတ်ကောင်းလို့ အာဇာနည်လို့ သတ်မှတ်ကြ တာ။ အဲဒီတော့အာဇာနည်ဆိုတာ ပြောရင်တော့ လွယ်တယ်။ ဒါပေမဲ့ လူတိုင်းအာဇာနည်ဖြစ်ဖို့ မလုပ်နိုင်ကြဘူး။ လူက အတ္တကြီးတယ်။ အတ္တကို ရှေ့တန်းတင်မယ်ဆိုရင် တစ်ဖက်မှာ လစ်ဟင်း သွားမှာပဲ။ တာဝန် ပျက်ကွက်မှုတွေ ဖြစ်လာမှာပဲ။ အာဇာနည် တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်မှု ပြတ်သားရမယ်။ ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ် ရမယ်။ ခိုင်မာတဲ့ဆုံးဖြတ်ချက် ချရမယ်။ အဆုံး သတ်ကောင်းရမယ်။ စာလည်းများများ ဖတ်သင့် တယ်။ အနီးစပ်ဆုံး ကိုယ်စံနမူနာ ယူရ မယ့်သူကို ရှာပြီးသူလို လူမျိုးစိတ်ဓာတ်ကိုလက် တွေ့လုပ် ဆောင်ပါ။ ပြီးတော့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် လည်း ရှိရပါမယ်။

ဖူးငုံတို့ရေ အာဇာနည် တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေက အများကြီးပဲနော်။ ဖူးငုံ တို့သိထားတဲ့ အာဇာနည် ပုဂ္ဂိုလ်တွေရဲ့ အရည် အချင်းတွေကရော ဘာတွေများ ရှိဦးမလဲဆိုတာ သိချင်လှပါတယ်။ ကျွန်မနဲ့တွေ့တဲ့အခါ ပြောပြ ကြပေါ့နော်။ အခုတော့ ဒီစကားဝိုင်းမှာ ပါတဲ့ သူငယ်ချင်းတွေရဲ့ ရင်ဘတ်ထဲမှာ သတ်မှတ် ထားတဲ့ အာဇာနည် ပုဂ္ဂိုလ်တွေ အကြောင်းကို ဆက်ပြီးတော့ ဖတ်ကြည့်ပေးပါဦးရှင်။

လင်းထွန်းနိုင်။ ။ အာဇာနည်ပုဂ္ဂိုလ်ဆိုတာ နေရာတိုင်းမှာ ရှိတယ်လို့ ယူဆထားတယ်။ ကိုယ်ကျိုး အတွက် မကြည့်ဘဲ တပည့်တွေအကျိုးကိုသာ ကြည့်တဲ့ ဆရာ၊ ဆရာမတွေဟာလည်း သူတို့ တပည့်လေးတွေရဲ့ ရင်ထဲမှာတော့ အာဇာနည် အဖြစ် သတ်မှတ်ခံရမှာပဲ။ မိသားစုတစ်စုနဲ့ ကြည့် မယ်ဆိုရင်လည်း ဖခင်ဖြစ်ဖြစ်၊ မိခင်ဖြစ်ဖြစ် တစ်မိသားစုလုံးရဲ့ အာဇာနည်ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့တွေကို ကမ္ဘာက မသိဘူးပေါ့။ ဒါပေမဲ့ သက်ဆိုင်မဲ့ သူတွေရဲ့ ရင်ထဲမှာတော့ အာဇာနည်တွေပဲ။ ဗိုလ်ချုပ်ဆိုရင်လည်း ကျွန်တော်တို့ တစ်နိုင်ငံ လုံးရဲ့ရင်ထဲမှာရှိတဲ့ အာဇာနည်ပဲ။ ကျွန်တော်တို့သူငယ်ချင်း တွေထဲမှာ လည်း သူရဲကောင်းလို့ ကျွန်တော့်ရင်ထဲက သတ် မှတ်ထားတဲ့သူရှိတယ်။ နောင်တစ် ချိန်မှာ သူဟာ အာဇာနည်ဖြစ်လာနိုင်တယ်။ ကျွန်တော်က အများ အတွက် မစဉ်းစားမိတဲ့အချိန်မှာသူက အများ အတွက် စဉ်းစားတယ်။ လူတိုင်းမှာ အမည်း စက်ရှိနိုင်တယ်။ ဒါပေမဲ့ အများလက်ခံနိုင် လောက်တဲ့ အမည်းစက် ဟုတ်၊ မဟုတ် စိစစ် ကြည့်မယ်ဆိုရင် အာဇာနည်ပီသတဲ့ အာဇာနည် တွေကို တွေ့ရမယ်။

ဒီငြိမ်းလင်း။ ။ နယ်ပယ်တိုင်းမှာ အာဇာနည်ပုဂ္ဂိုလ် တွေ အများကြီးရှိတယ်။ ကျွန်တော် စာအုပ် တစ်အုပ် ဖတ်ဖူးတယ်။ အဲဒီ စာအုပ်ထဲမှာ ဂျူးစစ် သုံ့ပန်းစခန်းမှာ ဂျူးတစ်ယောက်က သူ့လူ တွေကို စိတ်ဓာတ်မြှင့်တင်တဲ့ အနေနဲ့ မဟာ မိတ်တပ်တွေ လာပြီ၊ ဂျာမန်တွေ စစ်ရှုံးတော့ မယ်ဆိုပြီးသတင်းပေးတယ်။ ဒါပေမဲ့ အဲဒီ သတင်းက အမှားကြီး။ သူ့လူတွေက ဒီသတင်း ကိုကြားပြီး အားတက်လာတယ်။ သူ့ရဲ့သတင်း က သူ့လူမျိုး သုံးသောင်းလောက်ကို ကယ်တင် ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သတင်းအမှားကို လွှင့် တဲ့အတွက် သူ့ကို အုပ်ချုပ်သူတွေက ခေါ်ပြီး နှိပ်စက်တယ်။

အဲဒီအတွက် သူ့အသက်ကို စတေး လိုက်ရတယ်။ ဒီသတင်းကြောင့် အားတက်ခဲ့တဲ့ သူတွေထဲက လက်တံရှည်တဲ့ အရာ ရောက်တဲ့သူ တွေရှိရင်သာ သူ့အကြောင်းကို ကျယ်ပြန့်အောင် လုပ်ပေးနိုင်မယ်။ အဲဒီလိုမျိုးတွေ အတွက် ဘယ်လို ပေတံမျိုး၊ ဘယ်လိုပုံစံမျိုးနဲ့တိုင်းမှာလဲ။ ကျွန်တော် သတ်မှတ်ထားတဲ့ အာဇာနည်ပုဂ္ဂိုလ် တွေက ချေဂွေဗားရား။ သူဆိုရင် ဆရာဝန်တစ် ယောက်ပဲ။ ဒါပေမဲ့ မတရားမှုတွေကို တော် လှန်ရမယ်လို့ ခံယူပြီး လုပ်သွားတယ်။ နောက်ဆုံး မှာ အစိုးရတဲ့ဖမ်းဆီးနှိပ်စက်ခံ ပြီးတော့ အသတ် ခံလိုက်ရတယ်။ မဟတ္တမဂန္ဓီဆိုရင်လည်း လုံးဝ အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင် သွားတယ်။

နောက်ပြီး နယ်ဆင်မင်တဲလားတို့၊ မာတင်လူသားကင်းတို့။ လူမဲတွေ အနှိပ်ခံရတဲ့ ဘ၀ အောက်တန်း ကျနေတဲ့ ဘ၀၊ လူဖြူလူမည်း ခွဲခြား ခံရမှုတွေကို တိုက်ဖျက်ခဲ့တဲ့ လူတွေ။ ပြည် တွင်းမှာလည်း ကျွန်တော့် ရင်ထဲကအာဇာနည်တွေ ရှိတယ်။ ဆရာကြီး သခင်ကိုယ် တော်မှိုင်းတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ပေါ့ ဒေါ်အောင်ဆန်းစု ကြည်ဆိုရင်လည်း အဖေ့ခြေရာကို လိုက်နိုင်တယ်။ သူ့ကိုလည်း ကျွန်တော့်ရင်ထဲမှာ အာဇာနည်လို့ အသိအမှတ်ပြုထားတယ်။ ကျွန်တော်နဲ့ အနီးစပ်ဆုံး အာဇာနည်ကတော့ ကျွန်တော့်အမေပဲ။ အမေက ကျွန်တော်ရော အဖေပါ ထောင်ကျသွားတဲ့အခါ မိသားစု တစ်ခုလုံး အတွက် အရမ်းကို ရုန်းကန် ခဲ့ရတယ်။ ကျွန်တော် ခန္ဓီး ထောင်မှာ ရောက်နေတဲ့ အချိန် အမေက အားပေးတယ်။ မင်းဘာကြောက်နေ တာလဲ။ မင်းလုပ်နေတာ ဘယ်သူတွေ အတွက်လဲ ဆိုပြီး အားပေးတယ်။ဒီလို ကြံ့ကြံ့ခံပြီး ကျော်လွှားနိုင်ဖို့ အားပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အတွက် ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့ အာဇာနည်ဟာ အမေပဲ။

ထက်အောင်လှိုင်။ ။ ကျွန်တော် ကျောင်းတက်ရတဲ့ အချိန်မှာ ဗိုလ်ချုပ် အကြောင်း သင်ရတယ်။ သူက သူသေမှာကို သိရဲ့နဲ့ သူ့အသက်ကို စတေး ရဲတယ်။ နိုင်ငံ တစ်နိုင်ငံလုံးက သူ့ကျွန်ဘ၀ရောက်နေတဲ့အချိန်မှာ သူက သူ့ရဲ့အချိန်တွေ၊ အားအင်တွေကို ကျဆုံးခံပြီး ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ လုပ်ပေး သွားတယ်။ ဒါကြောင့် အဲဒီ စိတ်ဓာတ်ကို လေးစားလို့ ကျွန်တော့်ရင်ထဲမှာ ပထမဦးဆုံး ရှိခဲ့တဲ့ အာဇာနည်က ဗိုလ်ချုပ်အောင်ဆန်းပဲ။ ပြီးတော့ ကျွန်တော့်ရဲ့ အမေ။ ကျွန်တော့်အတွက် အာဇာနည်က ဒီ ၂ ယောက်ပဲရှိတယ်။

ရဲရင့်ဇော်ဝင်း။ ။ ကျွန်တော့်အတွက် ကျွန်တော့် အမေက သူရဲကောင်းလည်း ဟုတ်တယ်။ အာဇာနည်လည်း ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့၊ နာရေးကူညီမှုအသင်းက ဦးကျော်သူ၊HIV/AIDS ရောဂါသည်တွေကို ကယ်ဆယ်ထားတဲ့ ဒေါ်ဖြူဖြူသင်း အဲဒီလူ တွေကိုလည်း ကျွန်တော်က အာဇာနည်လို့ သတ်မှတ်ထားတယ်။

ထက်အိနြေ္ဒလှိုင်။ ။ ညီမ သတ်မှတ်ထားတဲ့ အာဇာနည်တွေက ထိုင်းနယ်စပ် မှာ မယ်တော်ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ စင်သီယာမောင်၊ နောက်ပြီး တော့ ညီမတို့ကို စာသင်ပေးတဲ့ ဆရာဦးမင်းသူ။ ဆရာက ပရဟိတလုပ် ငန်းတွေလုပ်တယ်။ မိဘမဲ့ကလေး သောင်းကျော်လောက်ကို ဆရာက စောင့် ရှောက်ထားတယ်။ အခမဲ့ပညာသင်ပေးတယ်။ အင်္ဂလိပ် စာကိုလည်း ပရော် ဖက်ရှင်နယ်အထိရောက်အောင် သင်ပေးတယ်။ ဂျပန်စာကိုလည်း ဂျပန် တက္ကသိုလ်တွေကိုသွားပြီး တက်လို့ရအောင် သင်ပေးတယ်။ အဲဒီနှစ်ယောက် ကို ညီမက အာဇာနည်အဖြစ် သတ်မှတ်ထားတယ်။

ပြည်စိုးပိုင်။ ။ ကျွန်တော် လေးစားတဲ့သူတွေကတော့ အများကြီးပဲဗျ။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း ခံစားလို့ရနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ မခံစားခဲ့ဘူး။ တိုင်းပြည်အတွက် ပဲ လုပ်သွားတယ်။ သူ့အနေနဲ့ ဆုံးရှုံးရတာတွေ အများကြီးပဲ။ သူ့မိသားစု၊ သူ့အသက်ရော ဆုံးရှုံး သွားတယ်။ ကိုယ်ကျိုး မပါဘဲနဲ့ အများအတွက် ရွေးချယ်ခဲ့တဲ့သူပေါ့နော်။ ကျွန်တော်ပြောချင်တာ က ကိုယ်ကျိုး စွန့်တဲ့အတွက်ပဲ မဟုတ်ဘူး။ ကိုယ်ကျိုးအတွက်ရနိုင်တဲ့ အခွင့်အရေးတွေရှိပြီး မယူခဲ့ဘူး။ အဲဒါကို လေးစားပြီး အာဇာနည်လို့ သတ်မှတ်ထားတာပေါ့။

ဆုစန္ဒီဦး။ ။ ညီမ သတ်မှတ်ထားတဲ့ အာဇာနည် တွေကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဒေါ်အောင် ဆန်းစုကြည်တို့ပါပဲ။ အားလုံးနဲ့လည်း တူနေမှာ ပါ။

ကဲ- ဖူးငုံတို့ရင်ထဲက အာဇာနည်တွေနဲ့ တိုက်ဆိုင်မှုရော ရှိကြရဲ့လား။ ကျွန်မကတော့ သူတို့ပြောတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေကို ကျွန်မ ရင်ထဲက သတ်မှတ်ထားတဲ့ အာဇာနည်တွေနဲ့ တိုက်ကြည့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ လူတိုင်းရဲ့ရင်ထဲမှာ အာဇာနည်တွေ ရှိနေတာကတော့ ကောင်းတဲ့ကိစ္စပါပဲ။ အဲဒီတော့ အာဇာနည် ပုဂ္ဂိုလ် တွေကို ဂုဏ်ပြုတဲ့ အာဇာနည်နေ့ဆိုတာကိုလည်း မမေ့မလျော့ရှိကြရင် ပိုပြီးတော့ ကောင်းမှာပါ။ ဖူးငုံတို့ရဲ့ သူငယ်ချင်းတွေက အာဇာနည်နေ့ ရောက်ရင် ဖြစ်စေချင်တဲ့ အရာလေးတွေကိုလည်း ၀ိုင်းဝန်းဆွေးနွေးထားပါတယ်။ ဖတ်ကြည့်ပေး ကြပါဦး။

ပြည်စိုးပိုင်။ ။ အာဇာနည်နေ့ကို အမြဲတမ်းအမှတ် ရသင့်တယ်။ အာဇာနည်တွေကိုလည်း အမြဲတမ်း လေးစားသင့်တယ်။ သူတို့တွေကို အတုယူပြီး တော့လည်း ကြိုးစား သင့်တယ်လို့ ထင်တယ်။ အာဇာနည်နေ့မှာ လုပ်တဲ့ အလုပ်က အာဇာနည် တွေကို ဂုဏ်ပြုတဲ့၊ လေးစားတဲ့ အပြုအမူမျိုးတွေ ပါရင် ကောင်းတာပေါ့။ အဲဒီနေ့မှာ ကိုယ့်လုပ် ရပ်က အများအကျိုးအတွက် ဖြစ်နေရင်တော့ ပို ကောင်းတာပေါ့။

ထက်အောင်လှိုင်။ ။ ဒီဘက်ခေတ်ကို ရောက်လာတဲ့ အခါမှာ အာဇာနည်နေ့ကို စာပေဟောပြောပွဲထက် ပျော်ပွဲရွှင်ပွဲတွေပဲ များလာ တယ်။ ဒီလိုမျိုး များလာတဲ့ အခါမှာ လူငယ်တွေအနေနဲ့ ကိုယ်ချင်း စာစိတ်လေးနဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းသင့်တယ်။ ရန်တွေ ဘာတွေမဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ပေးသွားခဲ့တဲ့ အာဇာနည်တွေရဲ့ အထိမ်းအမှတ်နေ့ကို အဓိကမမေ့ သင့် ဘူးလို့ပြော ချင်ပါတယ်။

ဆုစန္ဒီဦး။ ။ ဒီလိုမျိုးစကားဝိုင်းလေးတွေ လုပ်စေချင်တယ်။ စာပေဟော ပြောပွဲတွေ လုပ်စေချင်တယ်။ အဲဒီကနေ အာဇာနည် ပုဂ္ဂိုလ်တွေက ဘယ်လိုစံ နှုန်းတွေ ရှိလဲ၊ ငါရော အာဇာနည်ဖြစ် အောင် ဘယ်လိုလုပ်ရမလဲလို့ တွေးနိုင် လာမယ်။ အသံလွှင့် အစီအစဉ်တို့၊ တီဗွီတို့ကနေလည်း အထိမ်းအမှတ် အစီ အစဉ်တွေ လွှင့်စေချင်တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိအောင်ပေါ့နော်။

လင်းထွန်းနိုင်။ ။ အရင်က ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ အာဇာနည်နေ့ဆိုရင် ဥသြဆွဲသံကြားရတယ်။ တစ်မိနစ်ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ငြိမ်သက်ရ တယ်။ အခု ဒီဥသြသံက ပျောက်နေတယ်။ အဲဒီဥသြသံကြားရရင် သြော် ဒီအချိန် ငါတို့ရဲ့ ဗိုလ်ချုပ်တွေ ကျဆုံးသွားတာပါ လားလို့ ပြန်တွေးနိုင်တယ်။ ငါတို့အတွက် အသက်ပေးသွားတယ်။သူတို့ကို အများကြီး မလုပ် ပေးနိုင်ရင်တောင် ကိုယ်တတ်နိုင်တဲ့ဟာ လေးတစ်ခုခု လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။ ကျောင်းတွေမှာလည်း အာဇာနည်နေ့မတိုင်ခင်က တည်းက အာဇာနည်ဆိုတာ ဘယ်လိုလူမျိုးတွေ လဲ၊ အာဇာနည်ဖြစ်အောင် ဘယ်လိုအရည် အချင်း တွေရှိရမလဲဆိုတာမျိုး ကလေးတွေတွေးတတ် အောင် ပြောပေးရမယ်။ သူတို့ရဲ့အတွေးထဲမှာ ငါလည်း အာဇာနည်ဖြစ်နိုင်တာပဲဆိုတဲ့ အတွေး မျိုးဝင်သွားအောင် လုပ်ပေးရမယ်။ ကုန်တိုက်ကြီး တွေမှာလည်း အထိမ်းအမှတ်ပွဲလေးတွေ လုပ်ပေး သင့်တယ်။ ဒါဆိုလူတွေ အများကြီးသိသွားနိုင် တယ်။

ထက်အိနြေ္ဒလှိုင်။ ။ အာဇာနည်နေ့မှာ နိုင်ငံ သားအားလုံးက ၁ မိနစ်လေးပဲ ဖြစ်ဖြစ် လေးစား တဲ့အနေနဲ့ ငြိမ်သက်ပေးသင့်တယ်။ နောက်ပြီး မူလတန်းကျောင်းတွေမှာ ဆရာမတွေက ၁ ပတ်လောက်ကြိုပြီးတော့ အာဇာနည်နေ့ အကြောင်း ကလေးတွေကို ပြောပြသင့်တယ်။ ပြီးရင် အိမ်ကနေ ကလေးတွေကို တွေးလာ ခိုင်းရမယ်။ စာစီ စာကုံးလေးတွေ ရေးလာခိုင်းရမယ်။ သူတို့ ရေး လာတဲ့ စာစီစာကုံးလေးတွေကို စာသင်ခန်း နံရံ တွေမှာ ချိတ်ပေးထားသင့်တယ်။ ပြီးတော့ ရုပ်သံလိုင်းတွေက နေပြီး သီချင်းတို့၊ ဇာတ်လမ်း တိုတို့ ပြသင့်တယ်။ အခု ဒီစာအုပ်ကို ဖတ်နေတဲ့ သူငယ်ချင်းတွေကလည်း ကိုယ်နဲ့ နီးစပ်တဲ့ ကလေး တွေကို အာဇာနည်နေ့အကြောင်း ပြန် ပြောပြသင့်တယ်။ အဲဒါမှ အာဇာနည်နေ့ဆိုတာကို တစ်နိုင်ငံလုံးက လူတွေ သိသွားအောင် လက်ဆင့် ကမ်းသွားလို့ရမယ်။

ရဲရင့်ဇော်ဝင်း။ ။ ကျဆုံးသွားတဲ့ အာဇာနည်ကြီး တွေအတွက် မိမိဘာသာ အလျောက် ကုသိုလ် ကောင်းမှုလုပ်ပေးသင့်တယ်။ ပြီးတော့ဟောပြော ပွဲတွေ လုပ်တာ၊ FM တွေမှာ အာဇာနည် ခေါင်း ဆောင်ကြီးတွေ အကြောင်း ဟောပြောတာတွေ အသံလွှင့်ရင်ကောင်းတာပေါ့။ ပြီးတော့ လမ်း ဘေးမှာ ကြော်ငြာဘုတ်တွေနဲ့ အာဇာနည်နေ့ဆိုတာကို စာလုံးကြီးကြီးနဲ့ ရေးပေး စေချင်တယ်။

ဒီငြိမ်းလင်း။ ။ လူငယ်တွေ အနေနဲ့ အာဇာနည် ပုဂိ္ဂုလ်တွေကို မမေ့သင့်ဘူး။ အာဇာနည်ပုဂ္ဂိုလ် တွေကို မမေ့မှ အာဇာနည်နေ့ကို မမေ့မှာပါ။ ကျွန်တော်တို့ အခုပြောသွားကြတဲ့ စကားလေး တွေကို ဖတ်ခြင်းအားဖြင့် အသိလေးတစ်ခု ရရင် ကျွန်တော်တို့ အားလုံးက ကျေနပ်ပါပြီ။ အာဇာနည် ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုလဲ၊ အာဇာနည်ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲဆိုတဲ့ အမြင်လေး ပွင့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံးက ဒီနေ့စကားဝိုင်းလေးမှာ လာရောက်ပြောရကျိုး နပ်ပါပြီ။

ဖူးငုံတို့ရဲ သူငယ်ချင်းတွေကတော့ စကားဝိုင်းကို အဆုံးသတ်လိုက်ကြ ပါပြီ။ ဒါပေမဲ့ ကျွန်မက အာဇာနည်နေ့မှာ သူတို့တွေ ဘာများလုပ်ကြ မလဲဆိုတာကို သိချင်တဲ့အတွက် စပ်စုလိုက်ပါ သေးတယ်။ ဖူးငုံတို့ရဲ့သူငယ် ချင်းတွေက ဇူလိုင်လ ၁၉ရက် အာဇာနည်နေ့မှာလူအများစည်ကားတဲ့ နေရာ တွေက အမှိုက်တွေကိုလှည့်လည် သန့်ရှင်းရေး လုပ်ကြမယ်လို့ ပြောပါတယ်။ တခြားအစီအစဉ်လေးတွေလည်း စဉ်းစားထား ကြတာရှိသေးတယ်လို့ ပြောပါ တယ်။ ကဲ- ဖူးငုံတို့ရော အာဇာနည်နေ့မှာ ဘာတွေများ လုပ်ဆောင်ကြမလဲ ရှင်။ ကျွန်မလည်း ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားလိုက်ပါဦးမယ်။ ဖူးငုံတို့ အတွေးနဲ့ ကျွန်မအတွေး တူခဲ့ရင်တော့ အဲဒီနေ့မှာတွေ့ကြတာပေါ့နော်။ ဒီတစ်လ အတွက် ဖူးငုံတို့ကို နှုတ်ဆက် လိုက်ပါတယ်။

တင်တင်အေး
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)


ညွှန်း - ဖူးငုံ မဂ္ဂဇင်း http://shweamyutay.com/

2 comments :

  1. Peace said... :

    Please make sure the date for future kids.

  1. Anonymous said... :

    ဒီလို အစီအစဉ်မျိုးကို ခဏခဏ လူငယ်တွေ အတွက် လုပ်ပေးသင့်ပါတယ် ... မီဒီယာတွေက လည်း တင်ပေးကြပါ .. အားပေးကြပါ ... အနာဂတ် ဗမာပြည် အတွက် သူရဲကောင်းတွေ အာဇာနည်တွေ လိုပါတယ် ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved