အနုပညာရှင်နှင့် အိမ်ထောင်ရေး

Sunday, July 29, 2012


ခင်လေးမြင့်



ချစ်သူ ရည်းစားဘ၀မှာ ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော ဘ၀အတွက် လက်တွဲဖော် ဆိုတာ ဖြစ်ချင်မှ ဖြစ်တာပါ။ အိမ်ထောင်တစ်ခု ထူထောင်ပြီး ဘ၀ခရီး အတူတူ လျှောက်ပြီဆိုတဲ့ အချိန်မှာလည်း အိမ်ထောင် တည်မြဲ ခိုင်မာဖို့ လိုအပ်ပါသေးတယ်။

အိမ်ထောင်တစ်ခုမှာ ချစ်တာ တစ်ခုတည်းနဲ့တော့ မပြီးပါဘူး။ သူ့ရဲ့နောက်မှာ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရား ဆိုတာတွေ ပါလာပါပြီ။ ဒီအချက်တွေ အားလုံး ပြည့်စုံမှ ခိုင်မြဲမယ်လို့ မဆိုသာပေမယ့် ဒီအချက်တွေ ထဲက တစ်ချက်လောက်ကိုတော့ ထိန်းထား သင့်ပါတယ်။

သာမန် လူသားတွေ အတွက် အိမ်ထောင်တစ်ခု တည်မြဲဖို့ အရေးကြီးတယ်ဆိုရင် ပြည်သူတွေအားလုံးချစ်ကြတဲ့ အနုပညာရှင်တွေလည်း အိမ်ထောင်ရေး ခိုင်မြဲဖို့ ပိုပြီး လိုအပ်လှပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်မှုနဲ့ အာရုံစူးစိုက်မှု ခံရတဲ့ အနုပညာရှင်တွေက အိမ်ထောင်တစ်ခု တည်မြဲဖို့ ကြိုးစားကြပေမယ့် နားလည်မှု လွဲချော်တာ၊ သဘောထား မတိုက်ဆိုင်တာ မျိုးတွေ ရှိတာကြောင့် လမ်းခွဲ ကြရသူများလည်း ရှိပါတယ်။

အိမ်ထောင်တစ်ခု တည်မြဲအောင် ကြိုးစားပြီး ဘ၀ခရီး လမ်းဆက် လျှောက်နေကြတဲ့ အနုပညာရှင်များထဲက အချို့ကို အနုပညာရှင် ဖြစ်တဲ့ အတွက် အိမ်ထောင်တစ်ခု ခိုင်မြဲဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာ မေးမြန်းဖြစ်ပါတယ်။

မေးတဲ့ မေးခွန်းပေါ်မှာ အဖြေ အမျိုးမျိုး ပေးကြပေမယ့် သူတို့ရဲ့ဦးတည်မှုက အိမ်ထောင်တစ်ခု ရေရှည် တည်မြဲပြီး ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်း ကြဖို့ပဲ ဖြစ်ပါတယ်။

ဟဲလေး

အိမ်ထောင်တစ်ခု တည်မြဲဖို့က အရာရာ အားလုံးကို နားလည်ဖို့ပါပဲ။ အရာရာ အားလုံးကို နားလည်မှ ခိုင်မြဲမယ်လို့ ထင်တယ်။ ကျွန်တော်တို့လို အနုပညာရှင်တွေ အတွက် လူမှု ဆက်ဆံရေးကို ပိုသတိ ထားရတယ်။ အဲဒီအပေါ် နားလည်မှုတွေလည်း ရှိရမယ်။

ဖိုးကာ

အိမ်ထောင်တစ်ခု ခိုင်မြဲဖို့ တော်တော်လေး အရေးကြီးပါတယ်။ ခိုင်မြဲဖို့လည်း တော်ရုံနဲ့ မလွယ်ပါဘူး။ တစ်ယောက်အပေါ် တစ်ယောက် သစ္စာတရား ရှိရမယ်။ အချစ်တွေလည်း ရှိရမယ်။ ရန်ဖြစ်တယ်ဆိုတာ တစ်ခါတလေမျိုး ဆိုတာထက် အမြဲလိုလို ဖြစ်တတ်တယ်။ သူငယ်ချင်း၊ မိတ်ဆွေတွေတောင် အခန့်မသင့်ရင် ရန်ဖြစ်တယ်လေ။ အိမ်ထောင် တစ်ခုမှာ ခိုင်မြဲဖို့က သစ္စာတရားနဲ့ အချစ်က အရေးကြီးပါတယ်။


ဘရိတ်ကီ
အိမ်ထောင်တစ်ခု တည်မြဲဖို့ အဓိကက ဘုရားသခင်ပါပဲ။ ဘုရားသခင်ရဲ့ စကားကို ရိုရိုသေသေနား ထောင်ရမယ်။ ဘုရားသခင်က ဘာကို ဆုံးမ ချင်တာလဲဆိုတာ နားလည်ရမယ်။ ဘုရားသခင်ရဲ့ ဆုံးမ စကားကို စိတ်နှလုံး သွင်းပြီး ရန်မဖြစ် ရအောင် နေရမယ်။ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက် အိမ်ထောင်ရေး တည် မြဲဖို့ ပိုအရေးကြီးတယ်။ ရိုက်ကူးရေး အတွက်၊Show တွေအတွက် ခရီး ထွက်ရတာမျိုး ရှိတယ်။ သူငယ်ချင်းတွေနဲ့ သွားမယ်။ ကိုယ့်မိန်းမလို အကူအညီ ပေးနိုင်မယ် မထင်ဘူး။ လိုအပ်တာကို ကိုယ့်ဇနီးကပဲ သိတယ်။ မိန်းမက Life တစ်ခုမှာ အရေးကြီးတယ်။ အထောက်အမ ဖြစ်တယ်။

နန္ဒ

အိမ်ထောင်တစ်ခု တည်မြဲဖို့က အနုပညာရှင်မှ မဟုတ်ဘူး။ သာမန်လူတွေ ထက်တော့ အနုပညာရှင်တွေက အိမ်ထောင် တည်မြဲဖို့ လိုတယ်လို့ ထင်တယ်။ ကျွန်တော်တို့ကို ပရိသတ်တွေ၊ ပြည်သူတွေက နမူနာထားပြီး အတုယူကြမှာပဲ။ အဲဒီတော့ စံပြဖြစ်အောင် လုပ်ပြဖို့တော့ လိုတယ်။ သာမန်လူတွေထက် အရေးကြီးတယ်လို့ ထင်တယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ အဓိကက သစ္စာရှိဖို့ နားလည်မှု ရအောင် ယူပြီးရင် သစ္စာရှိဖို့ လိုအပ်ပါတယ်။


ဇင်ဇင်ဇော်မြင့်
အိမ်ထောင်တစ်ခု တည်မြဲဖို့ အမျိုးသမီး တစ်ယောက် အတွက် အရေးကြီးပါတယ်။ အနုပညာရှင်ရယ်မှ မဟုတ်ဘဲ အပြင်က မိန်းကလေးတွေရော မိန်းကလေးတွေ အကုန်လုံးအတွက် အရေးကြီးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကံတရား နားလည်မှုလွဲတာ၊ အကြောင်း တရား အမျိုးမျိုးကြောင့် ကွဲရတဲ့ အိမ်ထောင်ရေးတွေ ရှိတတ်တယ်။ ဘယ်သူမှတော့ အဲဒီလို မဖြစ်ချင်ကြဘူး။ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ကြမှာပဲ။

သမီးကလည်း အိမ်ထောင်ရှင်ဖြစ်တဲ့ အတွက် ကိုယ့်အိမ်ထောင်အတွက် ဘယ်လို အကောင်းဆုံးဖြစ်အောင် လုပ်မလဲ၊ ကိုယ်ကရော ဘယ်လောက်ထိ နားလည်ပေးနိုင်မလဲ၊ သူကလည်း ဘယ်လောက် နားလည်ပေးနိုင်မလဲဆိုတဲ့ အပြန်အလှန် နားလည်မှုတွေ ထားရတယ်။

ခုနလို အကြောင်းတွေ မတိုက်ဆိုင်လို့သာ အိမ်ထောင်မှုတွေ မမြဲတာဖြစ်တာပါ။ ဘယ်သူကမှတော့ အဲဒီလို ဖြစ်ချင်မှာမဟုတ်ဘူး။

အနုပညာရှင် တစ်ယောက်မှာဆို သူများတွေထက် အိမ်ထောင်တည်မြဲဖို့ လုပ်ရတယ်။ ကိုယ့်ရဲ့ခင်ပွန်းကလည်း နားလည်မှုပေးရမယ်။ ကိုယ်တိုင်ကလည်း အနုပညာရှင်ဖြစ်တဲ့ အတွက် ထိန်းသိမ်းရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ အဲဒါက နှစ်ဖက်ညှိပြီး နားလည်မှုယူ ရတယ်။

သမီးအတွက် အိမ်ထောင်တစ်ခု တည်မြဲဖို့ အချစ်ဆိုတာ အိမ်ထောင်ပြုပြီး ချိန်မှာ လိုအပ်တယ်ဆိုတာထက် နားလည်မှုနဲ့ သစ္စာရှိဖို့က ပိုအရေးကြီးတယ်။

ထူးကျော်

အိမ်ထောင်တစ်ခု တည်မြဲဖို့က နားလည်မှုရှိဖို့ လိုအပ်တယ်လို့ ခံယူထားတယ်။ အခုအချိန်မှာ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် အတွဲညီပြီး နားလည်မှု ရှိနေတယ်။ အနုပညာရှင် ဖြစ်တဲ့ အတွက် တခြားသူတွေထက် အိမ်ထောင် တည်မြဲဖို့ ပိုအရေးကြီးပါတယ်။

ညွှန်း - ရွှေအမြုတေ မဂ္ဂဇင်း - shweamyutay.com


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved