ရခိုင်ဒေသ တိုက်ပွဲသတင်း

Tuesday, July 24, 2012

~


ငြိမ်းချမ်း


ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ၏ တပ်ခွဲတခွဲနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့တို့ အကြား ဇူလိုင်လ ၁၅ ရက်နေ့က ဘင်္ဂလား-မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် အမှတ် ၉ တပ်ရင်းက ဗိုလ်ကြီး ခိုင်လင်းဦးဆောင်တဲ့ စစ်ကြောင်း ၁ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ အဖွဲ့တဖွဲ့ကနေ အင်အား ၅၀ လောက်ရှိပါတယ်။ လက်နက် အပြည့်အစုံနဲ့လာတာပါ။ ကင်းသမားက စပြီးပစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ အဲ့ဒီနေ့က တနာရီနီးပါး လောက်ဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်က ထိခိုက်ကျဆုံးမှုမရှိပါ။သူတို့ဘက်က ထိခိုက်မှုရှိတယ်မရှိဘူး ဆိုတာကတော့ ဒေသခံတွေ ပြောတာကတော့ ထိခိုက်ဒဏ်ရာရတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့တော့ အတိအကျ မမြင်ခဲ့ရပါ” ဟု ရခိုင်ပြည် လွတ်မြောက်ရေး ပါတီရဲ့ စည်းရုံးရေးနှင့် ပြန်ကြားရေး အဖွဲ့ဝင် ကိုအောင်စိုးသန်းက ဧရာဝတီကိုပြောသည်။

မောင်တော အခြေစိုက် နယ်စပ်ဒေသ စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်နဲ့ နီးစပ်သူတိဦးကလည်း “တိုက်ပွဲဖြစ်တယ်လို့တော့ ကြားတယ်။ အဲ့ဒီလမ်းက စိုင်းတင်းချောင်းဘက်ကို ကျော်တဲ့လမ်း၊ အဲ့ဒီ နေရာမှာကတော့ ALP နဲ့ ဖြစ်ဖို့ သေချာပါတယ်။ အဲ့ဒီနေရာမှာ ဒီဘက်ကိုဆိုရင် မရိတ်ချောင်းကို ဆင်းလို့ ရတယ်။ ဒီဘက်က အစိုးရတပ်ကလည်း သတင်းရထားတယ်။ ဒီမှာတော့ စတင်းဘိုင် လုပ်ထား တယ်။ နယ်စပ်တွေ တလျှောက်လုံးကို စတင်းဘိုင် လုပ်ထားပြီသားပါ” ဟု ဆိုသည်။

ALP သည် မကြာသေးမီက ရခိုင်ပြည်တွင်း မငြိမ်မသက်မှု ဖြစ်ပွားကတည်းက ဘူးသီးတောင် ခမောင်းချောင်းဘက်တွင် တပ်ခွဲတခွဲ၊ ပလက်မြို့နယ် ပီချောင်းဒေသဘက်တွင် တခွဲနှင့် အိန္ဒိယ-မြန်မာနယ်စပ် တွေမှာလည်း ဖြန့်ကျက်နေရာချထားသည်ဟု ကိုအောင်စိုးသန်းက ဆက်ပြောသည်။

“ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့ အနေနဲ့တော့ ကျွန်တော်တို့အားလုံး ညွန်ကြားထားပါတယ်” ဟု သူက ရှင်းပြသည်။

အစိုးရ နှင့် ALP တို့ မကြာသေးမီက သဘောတူ လက်မှတ်ရေးနိုင်ခဲ့ကြသည့် အချက် ၅ ချက်

~ ဧပြီလ ၆ ရက်နေ့က စပြီး ALP နဲ့ မြန်မာတပ်မတော် အကြား အပြန် အလှန် တိုက်ခိုက်နေမူကို ရပ်တန့်ရန်၊
~ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေး အတွက် ဆက်ဆံရေးရုံးတွေကိုကျောက်တော်နဲ့ ပလက်ဝမှာ ဖွင့်လှစ်ရန်၊
~ ပစ်ခတ်မူ ရပ်ဆိုင်းတဲ့ ကာလအတွင်း နှစ်ဘက် သဘော တူညီထားသော နယ်မြေ များ အပ နယ်မြေ ကျော်လွန်ပြီး လက်နက်ကိုင်ဆောင် သွားလာမူကို နှစ်ဦး နှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊
~ အပစ်အခတ် ရပ်စဲထားစဉ် အတွင်း ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ အဖွဲ့ဝင်များကို မြန်မာ တနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့်ပြုရန်
~ နှစ်ဦး နှစ်ဘက် သဘောတူညီတဲ့ အချိန်၊ သဘောတူညီတဲ့နေရာမှာ ရခိုင်ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး စတဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးကြရန်

ALP သည် ၁၉၈၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။


~

2 comments :

  1. Anonymous said... :

    ပလက်ဝမြို့ က ၇ခိုင်ပြည်နယ် မဟုတ်ဘူး...

  1. Anonymous said... :

    ဆက်ဆံရေးရုံး ဘာကြောင့် ပလက်ဝ မှာ ထား၇ မလဲ.ချင်းပည်နယ် ပလက်ဝ မြို့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved