အစိုးရနဲ့ အဖွဲ့အစည်းအများအပြား ငြိမ်းချမ်းရေးဆွေးနွေးနေကြပါတယ်။ ဒီလိုညှိနှိုင်းဆွေးနွေးတာတွေ အဆင်ပြေအောင်လုပ်ပေးသူများ မရှိမဖြစ် လိုပါတယ်။
သူတို့က ငြိမ်းချမ်းရေးအကျိုးဆောင်တွေပါ။
အကျိုးဆောင်တွေကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပိုမို မြန်ဆန်နိုင်ပါတယ်။ သို့မဟုတ် ပိုမိုနှေးကွေးပြီး ပျက်သွားနိုင်ပါတယ်။
ဒါကြောင့် အကျိုးဆောင်တွေဟာ အင်မတန်အရေးပါတဲ့နေရာမှာ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။
နှစ်ဘက်ဆွေးနွေးသူများမှာ ပေးထားတဲ့ ကတိတည်ဖို့၊ သဘောတူထားတာတွေကို မချိုးဖောက်ဖို့ ဆိုတာမျိုးလို ကျင့်ဝတ်တွေ စောင့်ထိန်းရပါတယ်။
အကျိုးဆောင် တွေမှာရော ကျင့်ဝတ် မရှိဘူးလား။ ကြားလူတွေ ဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ပြင်ပမှာ အပြောအဆို ဆင်ခြင်ရပါမယ်၊
ကိုယ်တွေ့မြင်ကြားသိရတာတွေက အတင်းတုပ်လို့ကောင်းတဲ့အရာ၊ အပြင်လူတွေ မသိနိုင်တဲ့အရာတွေ ဖြစ်တတ်တဲ့အတွက် နှုတ်လုံရပါတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှု မအောင်မြင်သေးချိန် သုံးသပ်ချက်တွေ အမြင်တွေ ပြောတဲ့အခါ သတိထားရပါတယ်။
အကျိုးဆောင်တဦးက ပြင်ပစကားဝိုင်းတခုမှာ ဒီလို သုံးသပ်ပြပါတယ် -
"xxx ဟိုအဖွဲ့ရဲ့ ခေါင်းဆောင်က အထင်ကြီးစရာကို မရှိဘူး"
"xxx ဒီအဖွဲ့ခေါင်းဆောင်က တကယ့် လူတော်ပဲ။ သူ့စားပွဲပေါ်မှာ ကျော်ဝင်းစာအုပ် တွေ့တယ်" တဲ့။
စသဖြင့် ကိုယ်ပြောလိုက်တဲ့ သုံးသပ်ချက်တွေက ကိုယ့်အပေါ် တပါးသူရဲ့ ယုံကြည်မှု ထိခိုက်စေပါတယ်။
လက်ရှိကာလဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုအဆင့်မှာပဲ ရှိသေးပါ။ ပြည်နယ်အဆင့် ဗဟိုအစိုးရအဆင့် စသဖြင့် သဘောတူညီမှုတချို့ ရပြီးပြီ ဆိုပေမယ့် တချို့အတွက်တော့ ယုံကြည်မှုတည်ဆောက်တဲ့အဆင့် ဖြစ်နေပါလိမ့်မယ်။
နှောင့်နှေး ကြန့်ကြာမှုတွေဟာ ကြားလူတွေကြောင့် ဆိုတာမျိုး မဖြစ်ရလေအောင် ငြိမ်းချမ်းရေးအကျိုးဆောင်တွေဟာ ကျင့်ဝတ် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။
~
0 comments :
Post a Comment