ပြဇာတ်တပုဒ်ကိုများ သရုပ်ဆောင်ခဲ့ကြလေရော့သလား

Wednesday, July 4, 2012


.



ရေးသားသူ- မောင်သာချို


၁၉၉၀ မှာ တွေ့ရတဲ့ ဒီကလပ် နဲ့ မင်ဒဲလား (ဓာတ်ပုံ - AP)

(တစ်)

ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက သူ့လက်အောက်မှာ ဒုတိယတဲ့။ ဟုတ်မှဟုတ်ရဲ့လားဟု မေးယူရလောက်အောင် ထူးခြားဆန်းပြားသော သမိုင်းဇာတ်ခုံပေါ်က အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါ၏။

ပြဇာတ်တစ်ပုဒ်ထဲမှာများ ၀င်ရောက်သရုပ်ဆောင် နေကြလေရော့သလားဟု မေးရမည့်အနေအထားမျိုး။

ဟုတ်ပါသည်။

ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက ဒုတိယ။

(နှစ်)

ရိုလီဟာဟာ (Rolihlahla) ဆိုသည့် အာဖရိကစကားလုံးကို အင်္ဂလိပ်ဘာသာဖြင့် Trouble Maker ဟု ဘာသာပြန်ဆိုနိုင်ပေရာ မြန်မာလိုကျတော့ ပြဿနာကောင်။

ဟုတ်ပါသည်။ ထိုရိုလီဟာဟာ (Rolihlahla) ဆိုသော စကားလုံးသည် နယ်လ်ဆင်မင်ဒဲလား၏ နာမည်တစ်ခုပင် ဖြစ်ပါသည်။ အလွယ်ဆုံးခေါ်တော့ မင်ဒဲလား (Mandela)၊ သူ့ထက်နည်းနည်းပိုပြီး ပြည့်စုံအောင်ခေါ်တော့ နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ပို၍ပို၍ ပြည့်စုံအောင်ခေါ်တော့ နယ်လ်ဆင်ရိုလီဟာဟာ မင်ဒဲလား (Nelson Rolihlahla Mandela)။ သို့ဖြစ်ရာ အပြည့်အစုံခေါ်သော နာမည်ထဲက ရိုလီဟာဟာ (Rolihlahla)ကို ရည်ညွှန်းကာ ပြဿနာကောင်ဟု တင်စားလိုက်ရခြင်းပင် ဖြစ်ပါသည်။

ထိုပြဿနာကောင် နယ်လ်ဆင်မင်ဒဲလားကို သမ္မတအဖြစ် လက်ခံက မိမိကိုယ်တိုင်က သမ္မတအဖြစ်ကနေဆင်းပြီး ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ လက်ခံခဲ့သူက ဒီကလပ်။ နာမည်အပြည့်အစုံက ဖရက်ဒရစ်ဝီလျံဒီကလပ် (Frederik Willem de Klerk)။ တောင်အာဖရိကဆိုတဲ့ မြေပေါ်မှာ။

(သုံး)

နိုင်ငံတကာရေးရာကို စိတ်ဝင်စားသူမှန်သမျှ သိနှင့်ပြီးသားဖြစ်နေနိုင်သော အကြောင်းအချက်တချို့ကိုပဲ ထပ်၍တစ်ဖန် တင်ပြပါရစေ

နယ်လ်ဆင်မင်ဒဲလားက တောင်အာဖရိကနိုင်ငံ Transkei ပြည်နယ် Umtata ဒေသ Eastern Cape အနီး ရွာကလေးတစ်ရွာ၌ မွေးဖွားခဲ့သူ။ ဖခင်က Gadla Henry Mpha Kanyiswa။ မိခင်က Nose Keni Fanny။ ၁၈ ဇူလိုင် ၁၉၁၈ မွေး။

သူတစ်နှစ်သားအရွယ် ၁၉၁၉ ၌ လူဖြူတရားသူကြီးတစ်ဦး၏ အမိန့်ဖြင့် မြေများ၊ ငွေများ အသိမ်းခံရတာကို သူအမှတ်ရနေသည်။

သူကိုးနှစ်သားအရွယ် ၁၉၂၇ ကျတော့ အဖေဆုံးသည်။ ၁၉၃၇ မှာ ၀ိဇ္ဇာဘွဲ့အတွက် Fort Hare တက္ကသိုလ်တက်နေတုန်း လူမည်းအခွင့်အရေးအတွက် လှုပ်ရှားသဖြင့် ကျောင်းကထွက်ရ။

တောင်အာဖရိက တက္ကသိုလ်ကနေ စာပေးစာယူနှင့် ဘွဲ့ရ။ ၁၉၄၃ မှာ အာဖရိကအမျိုးသားကွန်ဂရက် (ANC) နှင့် ဆက်သွယ်။ ၁၉၄၄ မှာ ANC လူငယ်အဖွဲ့ တည်ထောင်။ ၁၉၆၂ မှာ ပထမဦးဆုံးအကြိမ် အဖမ်းခံရ။ ၁၉၆၄ မှာ Cape Town ကမ်းခြေအလွန် ၇ ကီလိုမီတာအကွာက Robbn Island Prison သို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြင့် ရောက်လာကာ ထိုကျွန်းအကျဉ်းထောင်ထဲမှာ ၁၈ နှစ် နေလိုက်ရသည်။ ထို့နောက် Cape Town အကျဉ်းထောင်သို့ ၁၉၈၄ ဧပြီ၌ ရွှေ့ခဲ့ရပြန်သည်။ အကျဉ်းထောင်နာမည်က Poll-smoor။ ၁၉၈၈ တွင် Victor Verster အကျဉ်းထောင်သို့ ရွှေ့ခဲ့ရပြန်ပြီး ၁၉၉၀ ဖေဖော်ဝါရီတွင်မှ ထောင်ကလွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။ အကျဉ်းစံနှစ် စုစုပေါင်း ၂၇ နှစ်။ သူ့ကိုလွှတ်ပေးလိုက်သူက တောင်အာဖရိကသမ္မတ ဒီကလပ်။

ဒီကလပ်၏ ဘ၀ပုံရိပ်ကလေးကိုလည်း အကျဉ်းမျှ ဖော်ပြပါရစေ။ အမည်အပြည့်အစုံက ဖရက်ဒရစ်ဝီလျံဒီကလပ် (Frederik Willem de Klerk)။ Johanesburg မြို့သား။ ၁၈ မတ် ၁၉၃၆ မွေး။ Monument High School ကနေ ဆယ်တန်းအောင်ကာ Potchef Stroom တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့များ ရသည်။ ၁၉၇၈ မှာ အစိုးရအဖွဲ့ဝင်ဝန်ကြီး။ ၁၉၈၂ မှာ National Party ခေါင်းဆောင်။ ၁၉၈၉ မှာတော့ တောင်အာဖရိကနိုင်ငံ၏ သမ္မတ။

လူဖြူနှင့် လူမည်းကို ပြတ်ပြတ်သားသား ခွဲခြားကာ လူမည်းမှန်သမျှ လူ့အခွင့်အရေး ဆုံးရှုံးနေရသည့် တောင်အာဖရိကမြေ ပေါ်၌ သမ္မတဒီကလပ်က ၁၉၉၀ ဖေဖော်ဝါရီထဲမှာ နယ်လ်ဆင်မင် ဒဲလားကို လွှတ်ပေးလိုက်ပါသည်။ အာဖရိကအမျိုးသားကွန်ဂရက် ANC ကို တားဆီးပိတ်ဆို့ထား တာ မှန်သမျှ ပယ်ဖျက်ပစ်လိုက် သည်။ ယင်းမှာ ၁၅ သြဂုတ် ၁၉၈၉ ၌ သမ္မတဖြစ်လာသူ ဒီကလပ်က သမ္မတဖြစ်ပြီးပြီးချင်း လေးငါးခြောက်လ အကြာ၌ ခပ်သွက်သွက်လုပ်ပစ်လိုက်ခြင်းဖြစ်ကြောင်းသတိပြုကြည့်နိုင်ပါ၏။

သို့ဖြင့် ၁၀ မေ ၁၉၉၄ ၌ ဒီကလပ်သမ္မတသက်တမ်းဆုံး သည်။ ၁၉၉၄ မှာပင် ရွေးကောက် ပွဲလုပ်ပေးလိုက်သည်။ မျှော်လင့် ထားသည့်အတိုင်း နယ်လ်ဆင်မင် ဒဲလား အနိုင်ရသည်။

အံ့သြစရာဟု ဆိုနိုင်ပါသည်။ သို့သော် ပို၍အံ့သြစရာက ...။

(လေး)

၁၉၉၄ ရွေးကောက်ပွဲအပြီး တောင်အာဖရိကအစိုးရဖွဲ့တော့ နယ်လ်ဆင်မင်ဒဲလားက သမ္မတ၊ အရင်သမ္မတဟောင်း ဒီကလပ် က ဒုသမ္မတတဲ့။

ပို၍ အံ့သြစရာဆိုတာက ယင်းကို ရည်ညွှန်းခြင်းဖြစ်ပါ သည်။ ယခင် လူဖြူသမ္မတ အ ဆက်ဆက်တို့က ဖိနှိပ်ချိုးနှိမ်ထား သော လူမည်းတို့ကို လူ့အခွင့်အ ရေးပြန်ပေး၊ လူမည်းခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားကို ထောင် က လွှတ်၊ ရွေးကောက်ပွဲလုပ်ပေး စသည်စသည်များကြောင့် လူစိတ် ရှိသော ဒီကလပ်ကို မင်ဒဲလားနှင့် တွဲ၍ပင် ၁၉၉၃ ငြိမ်းချမ်းရေး နိုဗယ်ဆုပေးခဲ့ခြင်းကို သာမန် အံ့သြမှုတစ်ခုလို လူတိုင်းအံ့သြ နိုင်ကြပါသည်။

သို့သော် အစိုးရအဖွဲ့ပြန်ဖွဲ့စဉ် မိမိထောင်က လွှတ်ပေးလိုက်သူက သမ္မတ၊ မိမိက သူ့လက်အောက် ဒုသမ္မတအဖြစ် တာဝန် ထမ်းဆောင်ရမည်ဆိုသော အခါ မငြင်းဆန်ဘဲ ကျေကျေနပ်နပ်နှင့်
လက်ခံသော ဒီကလပ်က မူ သာမန်အံ့သြရုံမျှနှင့် မလုံလောက်တော့ပါ။

မင်းသားကြီး မလုပ်ရ၍ ပတ်မကို ထိုးဖောက်သူတို့များသော လောကဇာတ်ခုံပေါ်၌ ဒုတိယမင်းသားကလေး နေရာက ပဲဖြစ်စေ ပွဲလှအောင်ဝင်ရောက် ကပြအသုံးတော်ခံလိုသော စိတ်က နိုဗယ်ဆုမက မြင့်မြတ်လှပါ သည်။

(ငါး)

ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ဇာတ်တော်အမှတ်စဉ် ၄၂၁၊ အဋ္ဌ နိပါတ်တော်လာ ဂင်္ဂါမာလဇာတ် ကို ကုန်းဘောင်ခေတ်၏ ပြဇာတ် ဆရာကြီး ဦးပုညလက်စွမ်းပြ ပြန် လည်ရေးသားထားသည့် ရေသည် ပြဇာတ်ကို လူသိများပါသည်။ ကျောင်းသင်ခန်းစာထဲမှာလည်း ပါ၊ဇာတ်စင်ပေါ်ကိုလည်း ရောက်။

ပြဇာတ်ထဲတွင် ညီတော် အာနန္ဒာအလောင်းအလျာ ရေသည်ယောက်ျားက ရေသည်မနှင့် လက်ထပ်ဖို့ ငွေလေးရွေးကို သွားအယူ ဘုရားလောင်းဥဒယမင်းကြီးက တွေ့မြင်သွားကာ သနား ကရုဏာသက်ပြီး ငွေရှစ်ရွေးမှ တစ်ဆင့် အဆင့်ဆင့်တိုး၍ ပေး သွားခဲ့ရာ နောက်ဆုံးအိမ်ရှေ့မင်း ရာထူးအထိ တိုးပေးပါလျက် မိမိ ကို သတ်ပြီး တိုင်းပြည်ကိုသိမ်းဖို့ ရေသည်အိမ်ရှေ့မင်းကြံစည် ကြောင်း သိရှိသွားလေသောအခါ မိန့်ပုံမှာ ဤသိ့ဖြစ်ပါ၏။

“လုံးလုံးပိုင်လို၊ အမောင်ဆိုလျှင်
ပဟိုရ်ထီးစည်၊ တိုင်းပါပြည်ကို
မရှည်ရက်ချိန်း၊ ယနေ့သိမ်း၍
အုပ်ထိန်းအမောင်စံလေတော့။

စိတ်လျှော့မာန်ပျောက်၊
မောင်မင်းအောက်က
လက်ထောက်ငယ်သား၊
ငါ့ကိုပင် ထားပါတော့”

ဟူ၍ ဖြစ်ပါ၏။ ခေါင်းလိုချင်က ခေါင်းဖြတ်ယူပါ။ ရင်ကို ခွဲပြီး အသည်းနှလုံးယူလိုက ယူပါဟု ပြောပြီးနောက် ဆက်ပြောသည့်စကားများဖြစ်ပါ၏။ မောင်မင်းက တိုင်းပြည်ကို အုပ်ချုပ်ပြီး မိမိကို လက်ထောက်အဖြစ် ထားမည်ဆိုလျှင်လည်း နေပါ့မည်တဲ့။ ကိုယ်မင်းသားကြီး မလုပ်ရလည်းနေ။

တောင်အာဖရိက ဇာတ်ဝင် ခန်းက သည်ရေသည်ပြဇာတ် ဇာတ်ကွက်နှင့် ဆင်ဆင်တူမနေဘူးလား။

ကိုယ်က လွတ်မြောက်ခွင့် ပေးလိုက်သူ နယ်လ်ဆင်မင်ဒဲ လားက သမ္မတတဲ့။ သမ္မတတာဝန်ယူခဲ့ဖူးသူ မိမိဒီကလပ်က ဒု သမ္မတတဲ့။ စိတ်သဘောထားကြီး မြတ်ပုံက ပြဇာတ်ဆန်လွန်းလှပါရဲ့။ Moral Courage စိတ်သတ္တိ ဆိုတာ ဒါမျိုးပဲ မဟုတ်ဘူးလား

အော်.. တောင်အာဖရိက ဇာတ်ဝင်ခန်းက လွမ်းစရာကြီး။


ညွှန်း - 7day ဂျာနယ်
http://www.facebook.com/7daynews


.
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved