ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၃)

Friday, July 27, 2012




၁၉၉၉ ခုမှာ(I.C.R.C) နိုင်ငံတကာကြက်ခြေနီအဖွဲ့ဟာ မန္တလေးထောင်တွင်းကို ၀င်ရောက်ပြီး အကျဉ်းသားတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ I.C.R.C အဖွဲ့ ၀င်ရောက်လာပြီး နောက်မှာတော့ ကျွန်တော် တို့ တိုက်ခန်းမှာ နေကြရသူတွေရဲ့ အခြေအနေဟာ အနည်းငယ် တိုးတက်လာပါတယ်။အထူးသဖြင့် အရင်လို နာရီပေါင်း၂၀ ကျော်လောက် အခန်းကျဉ်းလေးထဲမှာ ပိတ်ထားတဲ့အခြေအနေကနေ အခန်းအပြင်မှာ လေ့ကျင့်ခန်းလုပ်ချိန်ပိုရလာသလို၊တခန်းနဲ့တခန်းလည်း ကူးလူးသွားလာခွင့်ရလာပါတယ်။နေ့စဉ် အခန်းကူးပြောင်းရတဲ့ ၀ဋ်ကနေလည်း လွတ်မြောက်သွားပါတယ်။အဲလို တခန်းနဲ့တခန်းကူးလူး လို့ရပြီ ဆိုတဲ့ အခါမှာ မနက်မိုးလင်းလို့ ထောင်တံခါးဖွင့်ပြီး ဆန်ပြုတ်ဝေပြီးတာနဲ့ တိုက်ခန်းမှာရှိတဲ့ လူငယ်လူကြီး တော်တော်များများက ဆန်ပြုတ်ခွက်လေးတွေကိုယ်စီ ကိုင်ပြီး ကျွန်တော်တို့ အခန်းမှာလာပြီး စကားဝိုင်း ဖွဲ့ကြပါတယ်။ လေ့လာဖတ်ရှုမှု ကောင်းတဲ့လူ ဘ၀အတွေ့အကြုံများတဲ့ သူမို့ ဆရာထူး စကားဝိုင်းက အမြဲလူစည်ပါတယ်။ဆရာထူးရဲ့ ဖခင် တပ်မင်းကြီး ဘဖြူဟာ တပ်မတော် စစ်အင်ဂျင်နီယာတပ်မှုးတဦး ဖြစ်ပြီး ဗိုလ်နေ၀င်းတက်လာပြီးနောက် အခု အယ်န် အယ်လ် ဒီ ပါတီဥက္ကဌဟောင်း ဗိုလ်ချူပ်နဲ့ အတူ ထုတ်ပယ်ခံရတဲ့ တပ်မှူး ၉ ဦးထဲက တဦးမို့ တပ်မတော် အစောပိုင်းကာလ သမိုင်းအဖြစ်အပျက်တွေ တော်တော်များများကို ဆရာထူးက ဖခင်ဆီက သိခွင့်ရခဲ့ပါတယ်။

သူ့ဘ၀မှာ အပျော်ရွင်ဆုံးကာလ ကတော့ ကျောင်းဆရာလုပ်ခဲ့တဲ့ ကာလဖြစ်မယ်ထင်ပါတယ်။ မကြာခဏ ကျောင်းဆရာ ဘ၀က အတွေ့အကြုံတွေကို လွမ်းလွမ်းဆွေးဆွေးပြောပြတတ်ပါတယ်။ ဆယ်တန်းစာမေးပွဲတွေ စစ်တဲ့ကာလမှာ ရန်ကုန်တက္ကသိုလ်ထဲက ကျောင်းဆောင်တေါပေါ်မှာ တည်းခိုကြရင်း ညနေညနေဆို မြန်မာ့ အသံကဂီတမိတ်ဆွေ၊ မင်းသားကြီး ဦးမြတ်လေးတို့ တွေနဲ့ ဂီတ၀ိုင်းဖွဲ့ပြီး ဆိုကြတိးကြပုံတွေ ဆိုကြတီးကြပြီးရင် အနုပညာ စကားဝိုင်းဖွဲ့ကြပုံတွေ ပြောပြပါတယ်။ တခါတခါတော့ ဆရာထူး ရဲ့ ဇနီး ဘက်က အမျိုးတွေအကြောင်း လည်းပြောပြတတ်ပါတယ်။ဆရာထူး ယောက္ခမ လုပ်သူက မန်းလေးမြို့ ရဲ့ နာမည်ကြီးသူဌေးတွေထဲက ဆီဦးသိန်း ဖြစ်ပါတယ်။

တခါတော့ ဆီဦးသိန်း အိမ်ကိုဓါးပြတိုက်ပါသတဲ့၊ဓါးပြက အိပ်ခန်းထဲမှာ ဦးသိန်းကို သေနတ်နဲ့ ချိန်ပြီး မီးခံသေတ္တာကို ဖွင့်ဘို့ အမိန့်ပေးနေတဲ့ အချိန် ဦးသိန်းမွေးထားတဲ့ အချစ်တော်ခွေးက ပြေးလာပြီး ဓါးပြရဲ့ လက်ကို မလွတ်တမ်းခဲပြီး သေနတ်ကိုခါချလိုက်တယ် ဆိုပါတယ်။ ဓါးပြလဲနာလွန်းတာရော ဒေါသကြောင့်ပါ ခွေးပါးစပ်ထဲက လက်ကို ခါချ ပေမယ့် ဘယ်လိုမှ မရတော့ အနီးနားကပါ ၀ိုင်းရောက်လာလို့ ကိုယ်လွတ်မနည်းရုန်းပြေးကြ ရပါသတဲ့။စိတ်မကောင်းစရာကတော့ဦးသိန်းရဲ့ခွေးရဲ့ သွားတွေဟာ ဓါးပြရဲ့ လက်ချက်နဲ့ ကျိုးကုန်ပါသတဲ့။ဒါကြောင့်ဦးသိန်းက ကျေးဇူးသိလှတဲ့ ခွေးကို ရွှေသွားအစစ်တွေ အကုန်ပြန်စိုက်ပေးလိုက်ပါသတဲ့။အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် ညနေတိုင်း ကျူံးဘေးမှာ ဦးသိန်း လမ်းလျောက်တဲ့ အခါ ဦးသိန်းနောက်က ပါးစပ်မှာ ရွှေသွားတွေတ၀င်းဝင်းနဲ့ အချစ်တော်ခွေးကို မန်းသူမန်းသားတိုင်း တွေ့နေရတာမို့ အဲဒီကာလက ရွှေသွားစိုက်ထားတဲ့ သူတွေကို ရင်းနှီးသူချင်းစတဲ့ အခါ တယ်လှပါလား ဦးသိန်းခွေးကျနေတာပဲလို့ အချင်းချင်းစကြပါသတဲ့။ ဆရာထူး ပြောပြတဲ့ သူ့ ယောက္ခမလုပ်သူ အကြောင်းပါ။

ဖခင်ဖြစ်သူ တပ်မင်းကြီးဘဖြူ နဲ့ပတ်သက်တဲ့ အကြောင်းလေးတွေကလည်း ကျွန်တော်အတွက် တော့ စိတ်ဝင်စားစရာကောင်းပါတယ်။မြန်မာ့တပ်မတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံမှာ စစ်ပညာ သင်ကြားခဲ့တဲ့ ရဲဘော်သုံးကျိပ်က နေ ဆက်ခံလာတာဖြစ်ပြီး စစ်ပြီးကာလ တပ်မတော်ရဲ့ ထိပ်ပိုင်းနေရာကိုရောက်လာတဲ့ ခေါင်းဆောင်တိုင်းဟာ ဂျပန်နိုင်ငံမှာ စစ်ပညာတွေသင်ယူခဲ့သာတွေ သာများပါတယ်။တပ်မင်းဘဖြူကထူးထုးခြားခြား အနောက်နိုင်ငံ west point စစ်အကယ်ဒမီ က သင်တန်းယူခဲ့ပြီး စစ်အင်ဂျင်နီယာတပ်မှုးအနေနဲ့ ထိပ်ပိုင်းကို ရောက်လာသူ ဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေး ရပြီးနောက် ကေအန်ယူ လက်ကိုကျရောက်သွားတဲ့ မန်းလေးမြို့ကို ပြန်တိုက်ယူခဲ့တဲ့ တိုက်ပွဲမှာလူသိထင်ရှားခဲ့သူဖြစ်ပါတယ်။

အထူးသဖြင့် ကေအန်ယူနဲ့ တပ်မတော်တိုက်ပွဲအပေါ် မန်းလေးလူထုသတင်းစာရဲ့ သတင်း တင်ပြပုံနဲ့ပတ်သက်ပြီး လူထုဦးလှနဲ့ ဆရာကြီးရွှေဥဒေါင်းတို့ကို ဖမ်းဆီးတဲ့ ကိစ္စ လူထုသတင်းစာတိုက် ကို မိုင်းနဲ့ဖြိုခွဲတဲ့ ကိစ္စတွေမှာ တာဝန်ရှိသူဖြစ်တဲ့ အကြောင်းတွေကိုလည်း ဆရာထူးဆီကနေပဲ သိခွင့်ရခဲ့ ပါတယ်။ ဆရာထူးက ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း စာအုပ်မှာ လူထုဦးလှနဲ့ သူတို့ နန်းတွင်းမှာ အဖမ်းခံနေရတဲ့အချိန် ထပ်မှူးဘဖြူရောက်လာပုံကို ဆရာကြီးပင်ကိုယ်ဟန် စကားပြေနဲ့ ဘယ်လိုဖေါ်ပြခဲ့တယ်ဆိုတာမျိုး ပြန်ပြောပြပြီး အဲဒါငါ့အဖေပေါ့ကွာလို့ ရီမောပြီးထပ်ဖြည့်ပြောပါတယ်။ အဲလိုရာဇ၀င်ရှိခဲ့ပေမယ့် ဆရာထူးဟာ လူထုဦးလှနဲ့ဆရာမကြီးလူထုဒေါ်အမာတို့ စာပေ အားလုံးလိုလို မလွတ်တမ်းဖတ်သလို မှတ်လည်းထားသလို ကျောက်မဲမှာ ကျောင်းဆရာဘ၀ စာပေဟောပြောပွဲ ကော်မီတီ မှာ ဦးဆောင်ပြီး လူထုမောင်နှံကို ဖိတ်ပြီး စာပေဟောပြောပွဲ ကျင်းပခဲ့တာလည်း ပြောပြပါတယ်။ ငါ့က စာပေဟောပြောပွဲ မစခင် ဧည့်ခံပွဲလုပ်တော့ ဒေါ်ဒေါ်(လူထုဒေါ်အမာ)ကို ဒေါ်ဒေါ်ကို ကျွန်တော်ကို တော့သိမယ်ထင်ပါတယ်လို့ ပြောတော့ ဒေါ်ဒေါ်က သိပါတယ်မောင်ရယ်လို့ ပြောသကွ မျက်နှာတော့ ပူစရာအကောင်းသားလို့ ပြောပါတယ်။

အဖေလုပ်သူက တပ်မေတ်ာက အစဉ်အလာရှိတဲ့ တပ်မှူးဟောင်းတယောက်၊ယောက္ခမလုပ်သူက မန်းလေးမြို့ ရဲ့ မျက်နှာကြီး သူဌေးတယောက်။ဒီလိုမိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ ကျောင်းဆရာ အလုပ်ကို ပြတ်ပြတ်သားသားရွေးချယ်ပြီး နေထိုင်သွားဘို့ ကိစ္စမှာ တော်ယုံဝါသနာနဲ့မရတာတော့သေချာ ပါတယ်။သူဝါသနာပါလို့ လုပ်တဲ့ ကိစ္စတွေမှာ မိသားစုက နားလည်ပေးတာတခုတာ့ ဆရာထူးကံကောင်း ခဲ့ပါတယ်။ထောင်ကျတော့လည်း ဇနီး နဲ့သား ညီမ လုပ်သူတွေက အမြဲလိုလေသေးမရှိ မှန်မှန်လာတွေ့ ပြီး ထောက်ပံ့ပါတယ်။ကျွန်တော်နဲ့ဖိုးကျော် တို့မိသားစုတွေက ရန်ကုန်မှာမို့ သုံးလေးလနေမှ တခါလောက် ပဲလာတွေ့ နိုင်ပါတယ်။ဒါပမယ့် ဆရာထူးက သူ့မိသားစုက ပို့တဲ့ စားသောက်ဖွယ်တွေအားလုံး ကိုထောင်ဝင်စာက ပြန်လာတာနဲ့ အားလုံးကျွန်တော့်လက်ထဲ ထည့်လိုက်ပြီး ကျွန်တော်ကို ထောင်ဝင်စာ မလာတဲ့ အခန်းတွေကို ဝေမျှပေးဘို့က အစ ပုံမှန် နှစ်ပတ်စာကို တွက်ချက်စားဘို့ အဆုံးစီမံခန့်ခွဲစေပြီး သူက လူကြီးရယ်လို့လဲ ပိုမစားဘဲ ကျွန်တော်ပြင်ဆင်ပေးတဲ့အတိုင်းပဲ စားပါတယ်။ဆရာထူး ထောင်ထဲမှာ မပါရင်မပြီးတာတော့ မြေပဲဆန်နိုင်းချင်းနဲ့ ပဲပုတ် ဂျူးမြစ်ထောင်းကြော်ပါ။ကျောက်မဲမြို့က စွဲပါလာတာဖြစ်နိုင်ပါတယ်။

ထောင်ထဲရောက်လို့ ထောင်ကျပြီဆိုတဲ့ အခါမှာ ထောင်တွင်းအခြေအနေ တွေအပေါ်ရင်ဆိုင် ဖြတ်သန်းကြတဲ့ အခါ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ လည်းပုံစံ အမျိုးမျိုးကွဲသွားပါတယ်။တချို့ကတော့ ထောင်ကျပြီဆိုမှ တော့ တတ်နိုင်သမျှ ထောင်အာဏာပိုင်တွေနဲ့ သင့်တင့်အောင်ပေါင်းသင်းပေးကမ်းပြီး နေသွားလိုက်မယ်ဆိုတဲ့သဘောထားရှိသူတွေလည်းရှိပါတယ်။ ဆရာထူးကတော့ ထောင်အာဏာပိုင် တွေနဲ့ တွေ့တဲ့အခါ တည်တည်ကြည်ကြည်နဲ့ လေးလေးစားစား ပြောပေမယ့် အကျဉ်းသား အခွင့်အရေး နဲ့ ပတ်သက်လို့ ထောင်ကို အရေးဆိုပေးဘို့ အများက တာဝန်ပေးတဲ့ အခါမှာ သူကဦးဆောင် တောင်းဆိုတာမျိုးလုပ်ပေးပါတယ်။ထောင်တွင်း အခွင့်အရေး တိုက်ပွဲတိုင်းမှာ အလေးအနက်ထားပြီး သူ့ရဲ့သဘောထားကိုလည်း ရှင်းရှင်းလင်းလင်းပေးလေ့ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတိုင်းဟာ အားလုံးသဘောတူညီနိုင်တဲ့ အခြေခံမူတရပ်ထားရှိပြီး အဲဒီမူအတိုင်းနေထိုင်သင့် တယ်လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ အဲဒီအပြင် အကျဉ်းသားတွေ ထောင်တွင်းနေတိုင်သင့်တဲ့ မူအကြမ်းကို စက္ကူ အပိုင်းအစတွေ ပေါ်မှာ ချရေးထားပြီး နောက်ပိုင်းမှာ လူငယ်တွေနဲ့ဆွေးနွေးခဲ့ပါတယ်။

လူအမျိုးမျိုးမှာ သဘောထားအမျိုးမျိုးရှိကြတာ မို့ ထောင်ထဲမှာ ဘယ်ပုံနဲ့နေမယ် ထောင်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးမှာ ဘယ်လိုမူထားမယ်ဆိုတာမှာလည်း သဘောထားအမျိုးမျိုး ရှိတာမို့ အားလုံး ဒီတိုင်းနေသွားကြမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်မှန်းတော့ ဆရာထူးကလည်းအစောကြီး ထဲကသိပုံရပါတယ်။ မည်သို့ပင်ဖြစ်စေ ဆရာထူးကတော့ သူပြောတဲ့မူအတိုင်းနေသွားတာတွေ့ရပြီး အခုထိလည်း တောင်ကြီးထောင်မှာ နိုင်ငံရေးအကျဉ်းသားတယောက် သူ့မူပိုင် ထောင်တွင်းနေထိုင်မှု ပုံစံနဲ့ နေနေတယ်ဆိုတာကို တလောက အွန်လိုင်းပေါ်တက်လာတဲ့ ဆရာထူးရဲ့ ထောင်ထဲဓါတ်ပုံကို ကြည့်ပြီးတော့လည်း ယုံကြည်မိပါတယ်။

ကျွန်တော် ၁၉၉၉ ခုအကုန်လောက်မှာ ထောင်တွင်းကျွေးတဲ့ ပဲမှန်အစာကြမ်းတွေကြောင့် တညနေမှာ အစာအိမ် ထဲသွေးကြောပေါက်ပြီး မန်းလေးဆေးရုံကြီးကို အရေးပေါ်တက်ရပါတယ်။ဆေးရုံ ကဆင်ပြီး ထောင်တွင်းသီးသန့်ဆေးရုံမှာ နောက်ထပ် တလကျော်ကျော်လောက် ကုသတာမို့ ထောင်က ကျွန်တော်ထွက်သွားတဲ့ တိုက်ခန်းမှာ ကဗျာဆရာမောင်နန်းဝေ(ဗန်းမော်) ကို အစားသွင်းလိုက်တာမို့ ဆရာထူးနဲ့ နောက်ပိုင်း အခန်းကွဲသွားပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ထောင်က နည်းနည်းပြန်ချောင် သွားတာမို့ ထောင်ဖွင့်ထားချိန်ဆို ဆရာထူးရှိရာ အခန်းမှာ သွားပြီးဆုံကြ စကားပြောဖြစ်ကြပါတယ်။

၂၀၀၀ ခုနှစ်ထဲမှာ နှစ်ရှည် အကျဉ်းသား ဦးတင်အေးကြူ၊ ဦးတင်မြင့်၊ဒေါက်တာဇော်မင်း၊ ဗကသ ကျောင်းသားခေါင်းဆောင် ကိုတင်အေး(ခ) ကိုခင်မောင်ရီတို့ကို လွတ်ရက်စေ့လို့ ထောင်တံခါးဝမှာ ခေါ်ပြီးမှ မလွတ်ပဲ ပုဒ်မ ၁၀(က) နဲ့ပြန်ချူပ်ထားတဲ့ အပြင် ပုံမှန်ရတဲ့ အကျဉ်းသား အခွင့်အရေးတောင် မရတော့ ပဲ လွတ်ရက်စေ့မှ နဂိုထက်ပိုဆိုးတဲ့ ဘ၀နဲ့ ထောင်ထဲဆက်နေရတဲ့ အခြေအနေဟာ ကျွန်တော်တို့ ကျန်တဲ့ အကျဉ်းသားတွေအားလုံးကြားမှာ တော်တော်ဂယက်ရိုက် တုန်လှုပ်သွားပါတယ်။ အဲဒီနောက်ပိုင်း မေ၂၇ မှာ ၁၉၉၀ ရွေးကောက်ပွဲ အောင်မြင်တဲ့ အထိမ်း အမှတ်လုပ်ဘို့ကြိုးစားတဲ့ပွဲမှာလည်းထောင်နဲ့ ထိပ်တိုက်တွေ့ကြပြန်ပါတယ်။ ထောင်တွင်းမှာ ပုံမှန်စာရေး စာဖတ်ခွင့်ရ ဘို့ ပိုက်ကျော်ခြင်းခတ်ခွင့် စတဲ့ အခွင့်အရေး တောင်းဆိုမှုတွေမှာလည်း ထိပ်တိုက်တွေ့ကြပြန်ပါတယ်။ နောက်ဆုံး ကျန်းမာရေး အခြေအနေ ဆိုးဝါးလာတဲ့ ဒေါက်တာဇော်မင်းကို ဆေးကုသပေးဘို့ သို့မဟုတ် ထောင်ကလွတ်ပေး ဘို့ နိုင်ငံရေး အကျဉ်းသား အချို့ လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ ထောင်နဲ့ ဆက်ဆံရေး ဟာ အဆိုးဆိုး အခြေအနေကိုရောက်လာပြီး မေလ ၃၁ ရက်နေ့မှာ ကျွန်တော် အပါအ၀င် ထောင်က ကြိုပြီး စာရင်းတို့ အမှုဖွင့်ထားတဲ့ အကျဉ်းသားတွေကို လက်နောက်ပြန်လက်ထိပ်ခတ် ခေါင်းစွပ်စွပ်ပြီး အပြင်က ထောင် ၀ါဒါ သင်တန်းသားတွေကိုပါ ခေါ်ပြီး နံပတ်တုတ်နဲ့ရိုက် လဲကျ သူတွေကို ကန်ကြောက်နဲ့ စိတ်ကြိုက် နှိပ်ကွက်ပြီး အခန်းတခန်းထဲပစ်တည့်ထားပါတယ်။ ကျွန်တော်က ယခု မန်းလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် တိုင်းလူငယ်ခေါင်းဆောင် ကိုမျိုးနိုင်နဲ့ တခန်းထည်းကျပါတယ်။ မနက် အရုဏ်တက်လောက်မှာ ကျွန်တော်ကို ခေါင်းစွပ်နဲ့ ထောင်တံခါးမကြီး ကိုခေါ်ထုတ်သွားပြီး ထောင်ပြောင်းဘို့လုပ်ပါတယ်။ ကျွန်တော် နဲ့ ကဗျာဆရာ မောင်တင်သစ် တို့ကို ခေါင်းငုံ့ပြီးထိုင်ခိုင်းပြီး စာရင်းသွင်းနေတုန်းမှာ ကျွန်တော်တို့ နှစ်ယောက်ရှေ့မှာ တော့ တောင်ကြီးထောင်ကိုပြောင်းခံရမယ့် ဆရာထူးနဲ့ပန်းချီ အောင်လတ်တို့ ၂ဦးကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ထောင်ဗူးဝကြီးမှာ ထောင်က ကောာင်းကောင်း နှိပ်ကွပ်နေတဲ့ အချိန် ဖြစ်လို့ အချင်းချင်း နုတ်ဆက်ခွင့်တောင်မရလိုက်ပဲ ကွဲကွာသွားလိုက်ကြတာဟာ ခုဆို ကျွန်တော်တို့ အတူထောင်ကျခဲ့ကြတဲ့ သူတွေထဲမှာ အားလုံးလည်းအပြင်လွတ်လာကြပါပြီ ။ဆရာထူးနဲ့ အတူထောင်ပြောင်းခဲ့တဲ့ ပန်းချီအောင်လတ်လည်းထောင်က လွတ်ပြီးတဲ့ အပြင် ၂၀၀၇ အရေးတော်ပုံ မှာ နဲ့ တိမ်းရှောင်နေရာကနေ ပြည်ပ ရောက်ခဲ့ပါပြီ။ ဆရာထူးတယောက် ကတော့ထောင်ထဲမှာပဲ ဖြစ်နေပါတယ်။ ကျွန်တော် အနေနဲ့ ဆက်ရေးမယ်ဆိုရင်တော့ အမှတ်ရစရာတွေ များလှပါတယ် နောက်ကြုံမှ ဆရာထူးပြောခဲ့သောပုံပြင်များ ဆိုပြီး ရေးချင်စိတ်ပေါက်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာထူးပြောတဲ့ အကြောင်းလေးတွေက ထူးထူးခြားခြားနဲ့ ဘယ်မှာမှ မဖတ်ဘူး မကြားဖူးတာလေးတွေ မကြာခဏပါတတ်လို့ပါ။ ရန်ကုန်ဘဆွေနဲ့ ဂီတနတ်သန်ကိုစောညိန်းတို့ ဆုံတွေ့ကြတဲ့ အကြောင်း၊မန်းညွန့်ဦးမောင်လေးနဲ့ နန်းတော်ရှေ့တို့ စဆုံကြပုံ၊ ပေကြပုံ။ မခင်နှင်းဆီသီချင်း ရေးဆရာ မင်းသားကြီး ဦးမြတ်လေး၊အဆို ကိုမြကြီး နဲ့ တကယ့် မခင်နှင်းဆီတို့ အကြောင်း၊ ၁၉၆၂ ကနေ ၈၈ မတိုင်ခင်အထိ မန်းလေးရောက်တိုင်း သူကန်ထုတ်လိုက်တဲ့ တပ်မှူး ဘဖြူ ကို တပ်သံယောဇဉ်နဲ့ အမြဲ နန်းတွင်းခေါ်တွေ့တဲ့ ဗိုလ်ချူပ်ကြီးနေ၀င်း ရဲ့ အကျင့်စရိုက်နဲ့ သူ့ဇနီး သားသမီးတွေအကြောင်း၊ ရေးချင်ပါသေးတယ်။ ဒါပေမယ့် တနေ့ဆရာအပြင်ရောက်လာရင် ဆရာထူး ကိုယ်တိုင် ရေးတာဖတ်ရရင်ပိုကောင်းမှာမို့ အညွန်းလေးပဲပေးခဲ့ပါတယ်။

အခုအရေးအသားကတော့ ဆရာထူးရဲ့ တောင်ကြီးထောင်တွင်းက ဓါတ်ပုံလေးအကြောင်းပြု ပြီး စဉ်းစားမိခဲ့တဲ့ အတူနေတုန်းက အကြောင်းအရာလေးမျှသာဖြစ်ပါတယ်။ ဆရာထူးနဲ့ နေခဲ့စဉ်မှာ စားရေးသောက်ရေးမှာလည်း ထောက်ပံ့ကူညီတဲ့အပြင် အသိပညာ ဗဟုသုတ နုတ်၏စောင်မခြင်း ကိုယ်၏စောင့်မခြင်း ပါပေးခဲ့တဲ့ အကြီးအကဲ ကျင့်ဝတ်နဲ့အညီ နေထိုင်ခဲ့တဲ့ ဆရာထူးကျေးဇူး ကို ပြန်လည်သတိရ စောင်းငဲ့ကြည့်မိခြင်းမျှသာပါ။ ဆောင်းပါး ဒုတိယပိုင်း အပြီးမှာ ချင်းမိုင်မြို့ကို ရောက်နေတဲ့ ဆရာထူးနဲ့ တောင်ကြီးထောင်ကို ပြောင်းခဲ့တဲ့ ပန်းချီအောင်လတ်ကို ဆောင်းပါးသရုပ်ဖေါ် ပုံလေးတောင်းမိတော့ အောင်လတ် က သူ့အာရုံထဲ ပြန်ခေါ်ပြီးဆွဲ ပို့ လိုက်တဲ့ပုံလေးကိုကြည့်ပြီး တော်တော် လေး အံသြမှင်သက်မိသွားရပါတယ်။ဒါဟာ သက်သေတခုပါ ကျွန်တော်တို့ ဆုံဘူးကြသူတိုင်းဟာ ဆရာထူး ကို ဘယ်လောက်ဝေးဝေးဘယ်လောက်ကြာကြာ ဆရာထူး ကို အမြဲ အမှတ်ရနေကြတယ်ဆိုတာ ကိုပြလိုက်တဲ့ သက်သေကောင်းတခုရယ်ပါ။

ဒီနောက်ဆုံး အပတ်ကတော့ ဆရာထူးကိုတိုက်ရိုက် ရည်ရွယ်ရေးလိုက်ပါတယ်။ဆရာထူးရေ ဆရာထောင်တွင်းမူနဲ့ညီမညီတော့ မသိဘူး ကျွန်တော်ကတော့ ဆရာထူးကိုလွတ်ပေးပါဆိုတဲ့ ဆောင်းပါး တခုရေးခဲ့ပါတယ်။ ဒီဆောင်းပါးကြောင့် နိုင်ငံတကာမျက်နှာစာကြားမှာ လူသားချင်းစာနာတတ်တဲ့ သမတကြီး အသိမှတ်ပြုခံနေရတဲ့ သမတကြီးကတော့ သူ့သမတသက်တန်းထဲမှာ ပြန်လွတ်ပေး မပေးတော့ မသိပါဘူး။ဒါပေမယ့် ဒီဆောင်းပါးက ကျွန်တော်တို့အမှုတွဲမှာပါခဲ့တဲ့ ရဲဘော် အားလုံး အပါအ၀င် ဆရာနဲ့တထောင်ထဲကျွန်တော်တို့ အတူဖြတ်သန်းခဲ့ကြတဲ့ ပန်းချီအောင်လတ်တို့လို ရဲဘော်တွေက အစ အားလုံးရဲ့ ဆရာ့ကို သတိရချက်ပါ။ဆရာ့ကိုလွမ်းဆွတ်မှုပါ။ အခုရေးခဲ့တဲ့ စကားလုံးတိုင်း ဟာ ကျွန်တော်တို့ဖြတ်သန်းခဲ့ကြတဲ့ နေ့ရက်တွေ နာရီတွေ မိနစ်တွေရဲ့ ပဲ့တင်သံတခု ရယ်ပါ။ကျွန်တော်တို့ကတော့ လူငယ်တွရဲ့သမိုင်းကိုစိတ်ဝင်စားတဲ့ ကျောင်းဆရာတယောက်ကို အနုပညာအားကောင်းတဲ့ ကဗျာရေးကောင်းပြဇာတ်အရေးကောင်း သီချင်းအဆိုကောင်းတဲ့ ဆရာထူးကို အမြန်ဆုံး အပြင်လောက်မှာ အတူတူဆုံချင်နေကြတယ်ဆိုတဲ့ဆိုတဲ့ သတင်းတခုပါးကြည့်ပါဆရာ။

မြသီတာအကြိုထောက် သီချင်းဆိုပြီဆိုရင် အဆုံးပုဒ်က စာသားကို ဆရာက သူ့ဖာသာဒီလိုမျိုး အမြဲပြောင်းဆိုလေ့ရှိပါတယ်။

ဒီမိုကရေစီခေတ် x x ထွန်းသစ်ရမယ်လေ x x မောင်တို့ မျှဝေတာဝန်ကြေ x x မေတ္တာမြေ ခရီးလမ်း မှာလေx xသာယာဖြောင့်တန်းမှ x x လျောက်စမ်းပါလား x x အချစ်ရေ တဲ့။

ဆရာတာဝန်ထမ်းနေဆဲပါ။ နှစ်ဦးနှစ်ဖက် မေတ္တာတရားကိုတတ်နိင်သမျှ ကြိုးစားထားကြပြီး ဒီမိုခေတ်ဆီ လျောက်လှမ်းနေကြတဲ့ အသံတွေတော့ ဆရာလည်းကြားမယ်ထင်ပါရဲ့။ ဆရာကိုယ်တိုင် အပြင်ရောက်လာပြီး ရောက်နေတဲ့ နေရာ က ဆက်လျှောက်တာကိုလဲ ကျွန်တော်တို့ မြင်ချင်လှပါပြီ။

ပန်းချီထိန်လင်း

သရုပ်ဖေါ်ပန်းချီ အောင်လတ်


ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၁)


ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၂)


ညွှန်း -
ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) www.kaungkin.com


-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved