ဘ၀ပန်းချီ

Sunday, July 15, 2012

သံလွင်ဏီ (ညောင်ရွှေ)


http://shweamyutay.com/images/news/s_july12/thanlwinni.jpg
၂၀၀၁ ခုနှစ်
အရပ် လေးမျက်နှာသည် မှုန်တိမှုန်မွှားလေး ဖြစ်သည်။ အနောက်ဘက် ရိုးမ တောင်တန်းကြီးကို အပြာရောင် ရေးရေး ကလေးသာ မြင်ရတော့သည်။

တောင်ထိပ်ဖျားတွင် တစ်စွန်း တစ်စ နစ်မြုပ်နေသော အနီရောင် ဖျော့ဖျော့ ကလေးသည် နေလုံး ကလေးဖြစ်၏။ သူသည် လှော်တက်ကို ခြေဖြင့် ဂရုစိုက် ထိန်းရင်း မျက်နှာပေါ်သို့ တရစပ် ကျနေသော နှင်းမှုန်များကို လက်ဖမိုးနှင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

အသက်လေး နည်းနည်း ရလာသဖြင့် မျက်စိကလည်း မွဲချင်သည့် အပြင် ၀န်းကျင် တစ်ခုလုံး အုံ့မှိုင်းနေ၍ ကောင်းကောင်း မမြင်ရသည်မို့ လှေကို သတိနှင့် မှန်းဆလှော်ခတ် နေရသည်။ လေအေးတစ် ချက် တိုးဝှေ့လိုက်သည့်အခါ သူ့ကုပ်ကလေး ပုလိုက်ရအောင် ချမ်းစိမ့်သွား၏။ လေကပိုပြင်းလာပြီး မိုးပါ ပါလာတော့သည်။ သူ့တစ်ကိုယ်လုံး ရွှဲရွှဲ နစ်သွားကာ အပေါ်သွား အောက်သွားများ တဆတ်ဆတ် ရိုက်ခတ်လောက်အောင် ချမ်းတုန်နေပါ၏။ ရာသီဥတုကို ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ဆောင်းတွင်းကြီး မိုးရွာခြင်းကို သူ မနှစ်သက်ချေ။

သည်နေ့ တစ်နေ့လုံး သူ အဆင် မပြေပါ။ မနေ့က ဖမ်းမိသည့် ငါးရံ့နှစ်ကောင် တောင် ရောင်းမထွက်သေး သည့်အထဲ သည်နေ့လည်း ငါးအရ နည်းနေပြန်သည်။ အင်းတစ်အင်းလုံးရှိ ငါးတွေ ဘယ်ပုန်း နေကြသည် မသိ။ တစ်နေ့လုံးဖမ်းမှ ငါးအရွယ် အလတ်ကောင် တစ်ကောင် သာမိသည်။ ကျန်တာက ငါးသေး ငါးဖွဲလေးတွေချည်း။

သူ့တွင် သားသမီး လေးယောက်၏ တာဝန်က ပိနေသည်။ ထိုမျှမက သူ့ မိန်းမ၏ ညီမ အပျိုလေးကို လည်း အိမ်ထောင်မကျမ ချင်း အိမ်ပေါ်တင်ထားရ သဖြင့် သူတို့အဖို့ ကျပ်တည်းစွာ ရုန်းကန်ခဲ့ရ၏။ အရေးထဲ သူ့မိန်းမက နေ မကောင်းသဖြင့် အလုပ် မဆင်းနိုင်သည်မှာ သုံးရက် ရှိပြီ။ သူတို့မှာ တစ်နေ့လုပ် တစ်နေ့စား ဆင်းရဲသားများ သာဖြစ်၍ တစ်ရက်အလုပ် မဆင်းလျှင် တစ်ရက် သိသာသည်။

သူ့ စိတ်ထဲ အလိုမကျ ဖြစ်ကာ ဒေါသထွက်လာ သည်။ ဒေါသကြောင့် အချမ်းအနည်းငယ် ပြေသွား သလိုရှိ၏။ သို့သော် သူ့ ဘ၀က မည်သို့ပင် ခက်ခဲ ပါစေ သူကြိုးစား၍ ဖြေသိမ့် ပါသည်။ သူသည် တံငါ အလုပ်မှလွဲ၍ တခြား ဘာမှ မလုပ်တတ်ချေ။ လုပ်လည်း လုပ်ခဲ့ဖူးသည်။ တံငါအလုပ် လောက် သူမနှစ်သက်လှ။ သူတစ်ပါး လက်အောက် တွင် စည်းနှင့်စနစ်နှင့် စိတ် အပင်ပန်းခံလုပ်ရတာမျိုး သူကမကြိုက်။ ကိုယ်ပင်ပန်း ပါစေ၊ စိတ်လွတ်လက်လွတ် တံငါသည် လုပ်ရတာမျိုးပဲ သဘောကျ၏။ သူ့ ဘိုးဘေး ဘီဘင် အဆက်ဆက်က အသက်မွေးခဲ့သော တံငါ သည် ဘ၀မျိုးကိုပဲ သူ စွဲ လမ်းသည်။ သူငယ်ငယ် ကတည်းက သူ့အဖေ ငါးဖမ်းထွက်တိုင်း သူလိုက် လေ့ရှိသည်။ ကျောင်းတက် ရခြင်းကို သူ အမုန်းဆုံးဖြစ် ၏။ စာမေး ပွဲတိုင်းလည်း ဘုန်းဘုန်းမြည်အောင် ကျသဖြင့် သုံးတန်းနှင့် ကျောင်း ထွက်ကာ အဖေနှင့်အတူ တံငါသည် ပေါက်စလေး ဖြစ်ခဲ့သည်။

အဖေက ပိုက်ကွန်ကို လွှားခနဲ ပစ်ချလိုက်လျှင် အဖေ့ကို ယုံကြည် စိတ်ချမှုဖြင့် သူ့မျက်လုံးများ လက် ကာ ပိုက်ကွန်ကို ငေးစိုက် ကြည့်နေဖူး၏။ အဖေက တော့ သူ့ကို ငါးရှိမည့် နေရာ မှန်းဆခြင်း၊ ပိုက်ကွန်ကို လက်အယူအဆနှင့် ပစ်ခြင်း၊ ငါးမိလောက်ပြီဆို ပိုက်ကို ပညာသားပါပါ ဆွဲတင်ခြင်း တို့ကို စနစ်တကျ သင်ကြား ပေးခဲ့သည်။

သူ ရေကူးတတ်အောင် သင်ပေးခဲ့သည်မှာလည်း အဖေပဲဖြစ်သည်။ အဖေနှင့် အတူ အင်းရေကြည်ကြည် တွင် သူ ရေကူးသင်ခဲ့၏။ အဖေ့ ပခုံးထွားထွားကြီးကို ဆုပ်ကိုင်၍ ရေကူးသည့်အခါ အဖေသည် သူ့ သူရဲကောင်း ဖြစ်သည်။ အခုတော့ အဖေလည်း မရှိတော့ပါ။ အဖေနှင့် အမေ ယှဉ်လျှင် အဖေ့ကို ပိုချစ်ပြီး ပိုလွမ်း ရသည်ဟု သူဆိုလျှင် လူတွေ ယုံကြမလား။ အခုတော့ သူက အဖေနေရာ ရောက်ခဲ့သော်လည်း သူ့ သားသမီးများ၏ ရှေ့ဆောင် သူရဲကောင်းတော့ မဖြစ်သေးချေ။ သူ ငယ်စဉ် ကနှင့် အခု ခေတ်ကာလက အလှမ်း ကွာဝေးခဲ့ပြီ။ သူ့ သမီးကြီးသည် သူတစ်ခါမှ မကိုင်မထိ ခဲ့ဖူးသော ကွန်ပျူ တာတက္ကသိုလ် တက်ချင်သည်ဟု ဆိုကာ စာကြိုးစား သည်။ သမီး၏ ရည်မှန်းချက်ကို သူ သဘောကျသော် လည်း သူ့ ရင်ဘတ်ထဲ လေးနေသည်။ သည်ဝန်ကို သူ ထမ်းနိုင်ပါ့မလား။ သူ့ သား လတ်ကတော့ အခု ခုနစ် တန်း။ သူ့လို တံငါ အလုပ်ကို စိတ်မ၀င်စား။ အဖေနှင့်အတူ အင်းလယ်သို့ လိုက်ပါဖို့ ပျင်း ရိတတ်သည်။ သူ စိတ်ဝင်စားသည်က ပန်းချီတဲ့။ အားလပ် ချိန်ကလေးများတွင် အရုပ် ကလေးများ ရေးခြစ်ရင်း အချိန် ကုန်တတ်သည်။

အငယ်ဆုံး သမီးနှင့် သားက အခုမှ ခြောက်နှစ်နှင့် လေးနှစ်။ ဘယ်လိုလာမည် မသိသေး။ သူ ရွာတွင်းသို့ ၀င်လာသည့် အခါ လေအဝှေ့ မွှေးပျံ လာတတ်သော ဟင်းနံ့များကြောင့် ဗိုက်ဆာနေမှန်း သတိ ပြုမိသည်။ အိမ်ဝသို့ လှေဆိုက်ဆိုက်ချင်း ငိုသံပြဲပြဲက ခရီး ဦးကြိုသည်။ သူ စိတ်ညစ်ညစ်နှင့် လှမ်းကြည့် လိုက်တော့ သူ့ သားငယ် လေး ငိုနေသည်ကို တွေ့သည်။

“ကိုကျော်ရင် သားက လှေကားအတက် သုံးထစ်က ကျိုးကျတာ။ ငါပြောနေတာပဲ နင့်လှေကားက ဆွေးနေဆို နင်မှ မပြင်ဘဲ”

သူ့မိန်းမက လှမ်းအပြစ် တင်ရင်း သားငယ်၏ ခေါင်းမှ ဒဏ်ရာကို နနွင်းမှုန့်တွေ သိပ်ထည့်နေ၏။ ကလေးက ပို၍ အော်ငိုသည်။ သမီးကြီးက ကြံသကာလေး ကိုင်၍ ချော့သော်လည်း မတိတ်ချေ။ သူ့ သားလေး၏ ဒဏ်ရာကို ကြည့်ရင်း နောင်တရ လာမိသည်။ ထို ၀ါးလှေ ကားထစ်ဆွေးနေမှန်း သူသိ သည်။ သို့သော် မနက်မှ ည တိုင်အောင် ငါးအရှာထွက် နေရ၍ မပြင်မိခဲ့ချေ။ သူ့ ကလေးတွေက ထိုဝါးလှေ ကားထစ်များကို ဖိခုန်နင်း တက်လျက် ဆော့ကစား တတ်သည်ကိုလည်း သူသိသည်။ နဂိုက ဆွေးနေသည့် လှေကားထစ်တွေ ဆောင့်ခုန် ဖန်များတော့ ကျိုးသည်မှာ မဆန်းပါ။

“ဟယ် နင့်ကလေး ဘာဖြစ်ရောလော့။ ခေါင်းမှာလည်း သွေးနဲ့လုံ”

ဘေးအိမ်မှ မသန်းမြင့် ရောက်လာသည်။ သူတို့ရွာသည် ကုန်းတစ်ဝက် ရေတစ်ဝက်ဟု ပြောရမည်။ သူတို့ ရွာရှိ အိမ်များက စည်းရိုး မလိုအပ်။ မရှိတာချင်း အတူတူ တစ်ဦးကို တစ်ဦး ယုံကြည်ကြသည်။ နနွင်းတွေ သိပ်ထားသဖြင့် ဆေးမရှိဘူး လား မေးသည်။ ကုန်တာ ကြာပေါ့ဟု ဆိုတော့ သူ့ အိမ် ပြေးကာ ဆရာခိုလိမ်းဆေး ယူပေးသည်။ နနွင်းမှုန့်တွေ ရေဆေးပြီး လိမ်းဆေးထည့် သည်။

“ကျေးဇူး မသန်းမြင့်”

“ဘာ ကျေးဇူးတုံး။ အကုန်လုံး ကိုယ့်လူတွေပဲ ဟာ။ တစ်ယောက်မရှိ တစ် ယောက်ကူရဆော်”

“ညစာ ဘာချက်ရော လော့”

“ငါလား ငါးဖိန်းဥနဲ့ ကြက်သွန်ပင်ကြော်၊ ပြီး စပ် ဆီးလုံးကြော် (ငရုတ်သီး ကြော်) နင်တို့လုံ”

“မျှစ်နီသုပ်နဲ့ ပဲပုပ်ထောင်း”

“အား ကောင်းပါ့ဆော်”

“နင် စားချင်လား မသန်းမြင့်။ စားချင် နည်း နည်းယူသွား”

“သြော် တော်ပေါ့”

မသန်းမြင့် ပြန်သွားမှ သူ လှေကားပြင်သည်။ ၀ါးလုံး ရှာမရသဖြင့် သူ့ဘဲခြံမှ ၀ါးလုံးတစ်လုံး ဖြုတ်ယူကာ တပ်ရသည်။ သူ့တွင် အရင်က ဘဲကိုးကောင် ရှိသော်လည်း အခု ခြောက်ကောင်သာ ကျန်သည်။ ကျပ်တည်းသည့် အခြေအနေ အောက်တွင် သုံးကောင်မှာ ငွေစက္ကူ ဖြစ်သွားတော့သည်။ ကျန် သည့် ခြောက်ကောင်ကိုတော့ မရောင်းဖြစ်အောင် အဓိဋ္ဌာန် ပြုထား၏။

သူ လှေကားပြင်ပြီး ထမင်းစားသည်။ ညစာစား ပြီးသည့်အခါ အိမ်ရှေ့ကပြင် မှာ ထရံကိုမှီထိုင်၍ သူကြိုက်သည့် နန်းစိန်လှ ဆေးလိပ် ကို တစ်ဖွာနှစ်ဖွာရှိုက်သည်။ ရေနွေးကြမ်းအတွက် လက် ဖက်ခြောက် မရှိတော့သည်မို့ သူ့မိန်းမက မသန်းမြင့်ဆီ ပြေးတောင်းခတ်ပေးသည်။

စိုနေသော သူ့ လုံချည် ခြောက်သွားပြီ။ ဒီလိုပဲ အကျင့်သားရခဲ့တာဖြစ်၏။ သူ့ကိုယ်ပေါ်က ချွေးနံ့နှင့် ရေ စိုအ၀တ်တို့၏ အောက်သိုးသိုး ရနံ့၊ ထို့အပြင် ငါးညှီနံ့ပါ ရော ပြွမ်းနေသည့် သူ့ကိုယ်နံ့ကို သူ့မိန်းမသည် လည်းကောင်း၊ သားသမီးများသည် လည်းကောင်း အရေး လုပ်စရာဟု မမှတ်တော့ပြီ။ ထိုရနံ့တို့ သည်ပင် သူ့ဘ၀၏ အစိတ် အပိုင်းတစ်ခုအဖြစ် စွဲကပ်ပါ လာခဲ့ကြတာ မဟုတ်လား။

ကောင်းကင်မှာ ကြယ် ပွင့်လေးတွေ တိမ်ညစ်ညိုတို့ အလွင့်၌ တိုးပြူလင်းလက် လာသည်။ ကြယ်ပွင့်တွေကို ဘာရယ်မဟုတ် ငေးရင်း အဖေနှင့် အမေကို သတိရသည်။ အမေသည် အဖေ၏ ပါရမီ ဖြည့်ဖက်စစ်စစ်ဖြစ်ခဲ့၏။ အဖေရှာသမျှ ငါးတို့ကို အမေက တစ်ရွာဝင် တစ်ရွာ ထွက်လှည့် ရောင်းခဲ့သည်။ တစ်ခါ တလေ ညောင်ရွှေမြို့ပေါ် အထိ သွားရောင်းတတ်၏။

အမေသည် ကျောင်း ကောင်းကောင်း မနေဖူးခဲ့ သော်လည်း ပိုက်ဆံကို ကျင် လည်စွာ ရေတွက် တတ်ရုံမက ၀င်ငွေ ထွက်ငွေ ညီမျှ အောင် ချွေတာတတ်သည်။ သားသမီးကလည်း သူနှင့် သူ့ညီမ နှစ်ဦးတည်းမို့လား မသိ။ မစုမိသော်လည်း အခု လို မကျပ်တည်းခဲ့။ အမေ သည် တံငါသည် တစ် ယောက်၏ ဇနီးမယား အဖြစ် တာဝန် ကျေခဲ့သော်လည်း အမေ့ ဘ၀ကို အမေ ပျော်ခဲ့သလား။ သူမသေချာပါ။ မနက်ဘုရား ရှိခိုးချိန်တိုင်း အမေ၏ ဆုတောင်းသံသည် သူ့ရင်ထဲ ခုထိ ပဲ့တင်ထပ်နေ သေးသည်။

“ဘုရား တပည့်တော်မနှင့် တကွ တပည့်တော်တို့ တစ်မိသားစုလုံး ဘ၀ဆက်တိုင်း သမ္မာအာဇီဝနှင့် အသက် မွေးရပါလို၏ ဘုရား” တဲ့။

သတ္တ၀ါများ ကျန်းမာ ချမ်းသာပါစေဟု အမြဲ မေတ္တာ ပို့တတ်သော အမေ သည် ငါးများကို သတ်ရ သည့်အခါ အမေ့ရင်ထဲ ဘယ်လိုများ နေမှာပါလိမ့်။ ပါဏာတိပါတာကံ၏ အကျိုးဆက်က တကယ်များ ရှိလေသလား။ အဖေရော အမေပါ အသက်တိုသည်။ သူတို့၏ မြေးဦးလေးတောင် သူတို့မမီခဲ့ရှာပေ။ ဤခြေတံ ရှည်တဲပုတ်ကလေးမှာ အဖေ နှင့်အမေ ပျောက်ကွယ်ခဲ့တာ ကြာမြင့်ခဲ့သော်လည်း သူတို့ ၏ အရိပ်တွေကို သူ မြင် ယောင်ဆဲရှိသေး၏။ အချိန် နှင့်အမျှ တဲအိုကလေးက ယို ယွင်းခဲ့ပြီ။ လှေကားသာမက အမိုးသက်ကယ်လည်း ဆွေး ခဲ့ပြီ။ ထရံကလည်း အဖာ တစ်ရာနှင့် အိမ်တိုင်များက လည်း ယိုင်နဲ့ စောင်းပဲ့ကာ လေပြင်းတိုက်တာနှင့် ပြိုလဲ လုနီးနီး ဖြစ်နေ၏။

ဘာသာရေးနှင့် ကြည့် လျှင် တံငါအလုပ်က မကောင်းမှန်း သူသိနေ၏။ သို့သော် ငါ့ဝမ်းပူဆာ မနေသာ မဟုတ်လား။ သူတောင် ဘုရားမရှိခိုးတာ ဘယ် လာက် ကြာပြီလဲ မသိတော့ ချေ။ အမှန်အတိုင်း ဆိုရလျှင် အပြစ်အကင်းစင်ဆုံးသော မြတ်စွာ ဘုရားရှေ့ သူမျက်နှာ မပြ၀ံ့ခြင်း ဖြစ်၏။ ဒီလိုနှင့် သူ့မှာ အမည်ခံ ဗုဒ္ဓဘာသာ ၀င်သာ ဖြစ်ရလေသည်။

တမလွန်ဘ၀ဆိုသည် က သူ့အတွက် အရေးမကြီး။ စဉ်းစားဖို့လည်း အချိန်မရှိ။ ယခုလက်ရှိတွင် သူ့ မိသား စု ထမင်းနပ်မှန်ဖို့ပင် မော ပန်းစွာ ဂျင်ခြေလည် ရုန်းကန် နေရ၍ လှူဖို့တန်းဖို့ဆိုသည် မှာ အဝေးကြီး။

သူ အတွေးနယ်လွန်နေ စဉ် သူ့ဇနီးနှင့် သမီးကြီးက သူ့အနား လာထိုင်သည်။
“ကိုကျော်ရင် ဒီနေ့ လယ်သူကြီး လာသွားတယ်။ ရွာမှာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီး လုပ်မတဲ့။ တောင်ကျရေအားနဲ့ လုပ်မယ် ပြောတယ်။ အဲဒါ ယူမလားတဲ့”

သူ့ မိန်းမ မျက်နှာက တောက်ပကာ မျက်လုံးက တလက်လက်။ ပုံစံ ကြည့်သည်နှင့် မီးရချင်မှန်းသူသိ သည်။
“ယူရင် ဘယ်လောက် ဆိုတုံး”

“ဒိုင်နမိုဖိုး၊ မီးကြိုးဖိုးနဲ့ တစ်အိမ်ကို စုစုပေါင်း ရှစ်သောင်း ပေးရမယ်တဲ့။ နှစ်ခါ ခွဲပေးလို့ ရတယ် ပြောပဲ”

သူ မျက်မှောင်ကြုတ် လိုက်သည်။ မျက်နှာထားက ည၏ အရောင်ထက် မည်းမှောင်သွား၏။ သမီးကြီး သည် သူ့လက်ကို ဆွဲလျက် မျှော်လင့်တကြီး ပြောရှာသည်။
“အဘ သမီးတို့ ယူရ အောင်လေနော်။ မီးခွက်နဲ့ စာကျက်ရတာ အဆင် မပြေဘူး။ သမီးနဲ့ တစ်ခုံတည်း ထိုင်တဲ့ ဟိုဘက်ရွာက စုစုတို့ဆို မီးရနေပြီ”

“အေး ငါလည်း ယူချင်ပ။ ဒါပေမဲ့ ငွေရှစ်သောင်း ဘယ်မှာရှာမယ်။ ရှစ်သောင်းလို့သာ ပြောတာ။ အိမ်မှာ မီးဆင်မှာနဲ့ ဘာနဲ့ တစ်သိန်းလောက် ကုန်မှာ”

“ဘဲတွေ ရောင်းလိုက်မလား။ နောက်ပြီး နင့်မှာ ပိုက်ကွန်နှစ်စုံ ရှိတာပဲ။ တစ်စုံ ပေါင်လိုက် ရနေလုံ”

သူ့ မိန်းမကို တအံ့ တသြ လှမ်းကြည့်ရင်း မျက်စောင်း ထိုးလိုက်သည်။ ကိုယ့် အခြေအနေ ကိုယ်မသိတာလည်း မဟုတ်။
“ဘဲက ခြောက်ကောင်ပဲ ကျန်တာ၊ ရောင်းရင် ဘယ်လောက် ရမှာတုံး။ နောက်နှစ်ကျရင် သမီးကြီးက တက္ကသိုလ် ၀င်တန်း။ အဲဒီ အတွက် ထား ရဦးမယ်။ ပိုက်ကွန်တစ်စုံ ကလည်း တအားစုတ်နေပြီ။ ဘယ်သူ အပေါင်လက်ခံမယ်”

“အဘကလည်း သမီး မှာ တစ်မတ်သား ဆွဲကြိုးရှိ နေဟာ။ အဲဒါ ရောင်းလိုက် ရနေလုံ”

သူ ကျွတ်သပ်လိုက်သည်။
“အဲဒါ နင့်အဘွား အမွေ။ ထိမယ် မစဉ်းစားနဲ့။ ရောင်းရင်လည်း နင် တက်္ကသိုလ် ရောက်မှ ကျောင်းစရိတ် အတွက်ရောင်း။ တော်တော် တစ်သက်လုံး လျှပ်စစ်မီး မရှိဘဲနေလာတာ။ ဘာမှထပ် မပြောနဲ့။

သူ မျက်မှောင်ကြုတ်လျက် မျက်နှာ တစ်ဖက်သို့ လွှဲကာ ခပ်မဆိတ်နေလိုက် သည်။ သူ့မိန်းမနှင့် သမီးကြီး က သက်ပြင်းချလျက် အိမ်ထဲ ၀င်သွားသည်။ သူ စိတ်ထဲ မကောင်းလှ။ အိမ်ထဲ တော်တော်နှင့် မ၀င်ဘဲ စိတ် ညစ်ညစ်နှင့် ဆက်ထိုင်နေမိသည်။ အဝေးက ကြယ်က လေးများသည် ကြည့်ရင်းပင်ေ၀၀ါးလာသည်။ လေအေး တစ်ချက် အဝှေ့တွင် သူ ဟတ် ချိုး ချေလိုက်မိသည်။ သူ ခေါင်းတစ်ခုလုံး အုံခဲလာကာ တစစ်စစ် ကိုက်လာသည်။ နားထင်ဆီတွင် သွေးတွေ တ ဒုတ်ဒုတ် တိုးလာသံကို သူ ကြားနေရသည်။

သူ ငိုက်လာသည်။ ရုတ်တရက်ထလိုက်ရာ သူ့ ကိုယ်လေး ယိုင်သွားသည်။ တံခါးဘောင်ကို လှမ်းဆုပ် ထားလိုက်ရသော လက်များ တဆတ်ဆတ်တုန်နေသည်။ သူ့ မိန်းမက စိုးရိမ်တကြီး လှမ်းအော်သည်။
“ကိုကျော်ရင် ဘာဖြစ် ရောလော့”

သူ စကားမပြန်နိုင်ပေ။ သူ့ မိန်းမ ဆုပ်ကိုင်လိုက် သော လက်မောင်းအသား များ နာကျင်နေသည်။ သူ့ အိပ်ရာဆီ ဒယီးဒယိုင် လျှောက်လာရင်း လဲချလိုက် ရသည်။ သူ့မိန်းမက ပူခြစ် တောက်နေသော သူ့ နဖူးကို စမ်းလျက် အလန့်တကြား ဆိုလိုက်သည်။
“ဟဲ့ သမီးကြီး နင့် အဘ ဖျားနေပေါ့”

“အင်း” ဟု တစ်ချက် ညည်းလိုက်သည်။ တစ်ညလုံး ကောင်းကောင်း အိပ်မရခဲ့ဘဲ မိုးလင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားသည်။ ယခု နိုးလာသည့် အခါ သူ့ မျက်ခွံ တွေ လေးလံနေသည်။ ခန္ဓာ တစ်ခုလုံးလည်း ရိုက်နှက်ခံ ထားရသလို နာကျင်ကိုက်ဆဲ နေဆဲ။

သူ ဖျားပြီဆိုသည်ကို လက်မခံချင်ပေ။ ထို့ကြောင့် သူ ကြိုးစားထသည်။ ခေါင်း ထဲ မိုက်ခနဲ မူးသွား၍ စိတ် မသက်သာစွာ ပြန်လှဲနေ လိုက်ရသည်။ သည်နေ့ အဖို့ ငါးဖမ်း မထွက်နိုင်ပြီ။ တစ်နေ့ က ငါးတွေလည်း မရောင်းရ သေး။ သူတို့ လက်ထဲမှာလည်း ပိုက်ဆံ အနည်းငယ်ပဲ ကျန်တော့သည်။ ဆန်လည်း ကုန်တော့မည်။ ဆီပုလင်းကလည်း နည်းနည်းပဲ ကျန်သည်။ ကိုယ်ပူသော ဝေဒ နာထက် ရင်တွင်းပူသော ဝေဒနာက ပိုဆိုးနေလေသည်။

“သြော် ကိုကျော်ရင် နိုးပြီလား။ ဆန်ပြုတ် ပြုတ်ထားတယ်။ သောက်မလား”
“နေဦး ခဏနေမှ”

သူ စားချင်စိတ် မရှိ သေးပါ။ သူ့မိန်းမက နံဘေးမှာ လာထိုင်ရင်း နှင်းရည် တတောက်တောက် ကျနေ သည့် နေရာလေးကို သူ ထွေးခံရွှေ့ထားလိုက်သည်။ သူ့ အိမ်သက်ကယ်မိုးတွင် ယိုပေါက်တွေက များလှ၍ ထွေးခံ တစ်ရာနှင့်တောင် လောက် နိုင်ပါ့မလား မသိ။

“မနေ့က ငါးတွေ”

သူ့ စကားမဆုံးသေးမီ သူ့ မိန်းမက..
“ငါးအကြီးက တစ်ကောင်မှ မပါဘူး။ ငါး အလတ်လေး တစ်ကောင်နဲ့ ငါးသေးသေးလေးတွေ ချည်းပဲ။ ရောင်းလည်း ဘယ်လောက် ရမှာတုံး။ အဲဒါ နင့်အတွက် ငါးကြော်ပေးမလို့”

“ဒါပေမဲ့ ငါးသေးလေးတွေ ရောင်းရပါတယ်”

“အေးပါ မပူနဲ့။ မအိုတို့ ဈေးရောင်းထွက်ရင် ထည့် ရောင်းခိုင်းလိုက်မယ်။ ငါက ဒီနေ့ လယ်ထဲ ဆင်းမယ် လေ။ ကောက်သွားရိတ်မလို့”

သူ့ မိန်းမက ရွာနှင့် နည်းနည်းအလှမ်းဝေးသည့် တောင်ခြေရွာ တစ်ရွာအထိ သွားအလုပ်ဆင်း လေ့ရှိသည်။
“နင် အခုမှ နေကောင်း စ ရှိသေးတာပဲ။ ပင်ပန်းနေမယ်”

“ပင်ပန်းလည်း မသွားလို့မှ မရတော့ဘဲ။ ခမောက်လည်း ဆောင်းသွားမယ့်ဟာ”

“ဂရုစိုက်နော်။ သမီး ကြီးရော ကျောင်းသွားပေါ့ လား”

“သူ ဒီတစ်ပတ် ကျောင်းမတက်ဘူးတဲ့။ ပေါက်ပေါက်ဆုပ် လုံးပြီး ခေါင်တိုင်မှာ စင်ရော်စာ သွားရောင်းမယ် ဆိုပြီး သွားပေါ့”

သမီးကြီး ကျောင်းပျက်ရသည့် အတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ချေ။ သမီး ကြီးက စာကြိုးစားပါလျက်နှင့် ဘ၀ အခက်အခဲကြောင့် ပညာ သင်ရာတွင် မဖြောင့် ဖြူးရပေ။ သူ ဆန်ပြုတ် သောက်ပြီး ငန်းဆေးတစ် ခွက်သောက်လျက် လှဲနေရသည်။ သူ့အဖျားသည် ထင်သလို နောက်ဆုတ် မသွားပါ။ သုံးရက်လောက်ထိ မသက်သာသဖြင့် တစ်ဖက် ရွာမှ သူနာပြုဆရာမကို ပင့်ရတော့သည်။ ဆရာမက သူ့ကို ဆေးထိုးပေးသည်။ စားဆေးလည်း ပေးသွား သည်။ အလုပ်ပင်ပန်းသည့် ဒဏ်ကြောင့် ချုံးချုံးကျနေ ကြောင်း၊ ကောင်းကောင်း အနားယူဖို့ လိုအပ်ကြောင်း မှာသွားသည်။ နောက်တစ် ရက်နှစ်ရက်နေပြီး သူ နာလန် ထသည်။ သူ့တစ်ကိုယ်လုံး နုံးချည့်နေသေးသည်။ ပါးစပ် တစ်ခုလုံးလည်း ခါးသက် နေသည်။

အဖျားပျောက်စ တစ် နေ့တွင် အခြားရွာမှ ကိုသာစံ ရောက်လာသည်။ ကိုသာစံ က-
“ကျော်ရင် ဧည့်သည်တွေ ရောက်နေတယ်။ သူတို့က အုပ်ဆောင်းနဲ့ ငါးဖမ်းတာ ကြည့်ချင်လို့တဲ့။ နောက်ပြီး ခြေထောက်နဲ့ လှေလှော်တာ ဓာတ်ပုံ ရိုက်ချင်တယ်။ အဲဒါကြောင့် လာခေါ်တာ”

သူ့ မျက်နှာ ၀င်းသွား သည်။ ထောင်တန် ငွေစက္ကူများ သူ့အာရုံထဲ ရစ်ဝဲသွား သည်။ ဒီရက်ပိုင်းသူ ပိုက်ဆံ မရှာနိုင်သမျှ အခု ရှာနိုင် တော့မည်။ သူ့ကိုတားမည့် မိန်းမနှင့် သမီးရော မရှိကြ ပါ။
သူ ချောင်းတဟွတ်ဟွတ် ဆိုးနေလျက်နှင့်ပင် ၀မ်း သာအားရ ထလိုက်သွား သည်။

လာခေါ်သော ကိုသာစံ သည် သူ့ သူငယ်ချင်း ဖြစ် သည်။ မိရိုးဖလာ ပန်းပဲလုပ် ငန်းနှင့် အသက်မွေးသည်။ ကိုသာစံတို့ ပန်းပဲဖိုသို့ နိုင်ငံ ခြားသားများ အလာများ၏။ အချို့သော ဧည့်လမ်းညွှန်တို့ မှာ ကိုသာစံနှင့် ကြိုတင်ချိတ် ဆက်ပြီးမှ ဧည့်သည်များကို ခေါ်လာတတ်သည်။ ဧည့် သည်များက ကိုသာစံ၏ ပန်းပဲဖိုမှ ပစ်္စည်းများဝယ် လျှင် များလျှင်များသ လောက် ဧည့်လမ်းညွှန်ကို ကော်မရှင်ခပေးရ၏။ နိုင်ငံ ခြားသား ဧည့်သည်များက ဒေသခံ အင်းသားများ၏ ငါးဖမ်းသည့်ဟန်နှင့် ခြေ ထောက်ဖြင့် လှေလှော်ခြင်း များကို ပို၍ စိတ်ဝင်စား သည်။ အနီးကပ်လေ့လာ လိုကြသည်။ ဓာတ်ပုံရိုက် မှတ်တမ်းတင်ချင်သည်။ ထို ဧည့်သည်မျိုး ရောက်လာ သည့်အခါ ကိုသာစံက သူ့ကို လာခေါ်တတ်သည်။ သူက သရုပ်ပြပေးရုံ။ မုန့်ဖိုးက ဧည့် သည်၏ သဒ်္ဓါတရားပေါ်မူ တည်၍ များချင်များတတ် သည်။

“ကျော်ရင် ဖြစ်ကော ဖြစ်ရဲ့လားကွ။ မင်း မျက်နှာ က ဖြူဖျော့ပြီး ချောင်းကလည်း တဟွတ် ဟွတ်နဲ့နော်”

“ဖြစ်ပါတယ်ကွ ငါ နေကောင်းနေပါပြီ”

သူ လိုအပ်သည်ထက် ပိုပြုံးပြလိုက်သည်။
“အေးကွာ ဧည့်သည် တွေက ကိုးယောက်တောင်။ ပြီးတော့ ဂျာမန်တွေ။ မင်းကို များများရစေချင်လို့ပါ ကွာ”

“ကျေးဇူးပဲ သာစံရာ။ ဒီရက်ပိုင်း ၀င်ငွေမရှိဖြစ်နေ တာ။ ငါ့သမီးကြီးတောင် ကျောင်းမတက်နိုင်ဘဲ စင် ရော်စာ လိုက်ရောင်းနေရ တယ်။ ဒီလို အခွင့်အရေးကြီး ပေါ်လာတာ နတ်မတာပဲ”

ဒီနေ့မှ နေက ပိုပူပြင်း နေသလားဟု သူ ထင် သည်။ စွပ်ကျယ် လက်ပြတ် ပေါ်တွင် ရှပ်အင်္ကျီတစ်ပတ် နွမ်းကို ၀တ်ထားသည်။ ပုဆိုးကတော့ ခါတိုင်းဝတ် နေကျ အဖာတစ်ရာ ပုဆိုး လေးပါပဲ။ နေက သိပ်ပူ သဖြင့် သူ ချွေးပြန်လာကာ ရှပ်အင်္ကျီကို ချွတ်လိုက် သည်။ ကန်ရေထက်မှာ လေက တဟူးဟူးတိုက်နေ၏။ သူ ဧည့်သည်များရှေ့မှာ ခြေ ဖြင့် လှော်ခတ်ပြရင်း အုပ် ဆောင်းကို ချကာ ငါးဖမ်းပြ လိုက်သည်။ ဧည့်လမ်းညွှန် က တစ်ဆင့်ချင်း ရှင်းပြလေ၏။ ဧည့်သည်များက နား ထောင်ရင်း ခေါင်းတညိတ် ညိတ်ပြုကာ ဓာတ်ပုံတဖျတ် ဖျတ် ရိုက်ယူကြလေသည်။

ပထမဆုံး အုပ်ဆောင်း ကို ရေထဲသို့ချကာ ခြေဖြင့် ဖိထားသည်။ ပြီးနောက် ခြင်း ရိုး(မိန်း)နှင့် အုပ်ဆောင်းထဲ သို့ နေရာအနှံ့ တစွတ်စွတ် ထိုး၏။ ငါးများကို ကွန်သို့ တိုးအောင် ခြောက်လိုက်ခြင်း ပါပဲ။ ခဏနေပြီး အုပ် ဆောင်းနှင့် တွဲချိတ်ထား သော ပိုက်ကွန်ကို ဖြေလိုက် သည်။ ဆွဲတင်လိုက်သည့် အခါမှာတော့ ငါးများစွာ ပါ လာတော့သည်။ ဧည့်သည် များက ၀ိုးခနဲ အသံပြုကာ သဘောကျနေကြလေသည်။ သူကိုယ်တိုင်လည်း အားရ ၀မ်းသာဖြစ်မိသည်။ ခါတိုင်း သုံးကြိမ်လောက် ဖမ်းမှရသော ငါးအရေအတွက်သည် အခုတစ်ကြိမ်တည်းနှင့် ဖမ်းမိသောကြောင့် ဖြစ်သည်။

ထို့နောက် စွန့်စားလို သော အမျိုးသား ဧည့်သည် သုံးဦး သူ့လှေပေါ်သို့ ရောက်လာသည်။ သူတို့သည် အင်းသားများကဲ့သို့ ကိုယ် တိုင်လှော်ခတ်လိုကြသည်။ အင်းသားများ၏ ဓလေ့ရိုးရာ ကို စိတ်ဝင်စားသည်။ အင်း သားများ၏ ဘ၀နေထိုင်မှု နှင့် နေ့စဉ်ဝင်ငွေကိုပါ စပ်စု မေးမြန်းကြသည်။ ဧည့်လမ်း ညွှန်သည် သူ့ကို မေးလိုက်၊ ဘာသာပြန်ပေးလိုက်နှင့် သွက်လက်နေသည်။

ဧည့်သည်များ ပြန် သောအခါ သူ့ကို ငွေ ခုနစ်ထောင်ပေးသည်။ ကိုသာစံ က နှစ်ထောင်တောင်း၍ ပေး လိုက်ရသည်။
“ကျော်ရင် နင် နေ ကောင်းရဲ့လား။ နင့် မျက်လုံး တွေ နီနေတယ်”

ဒီနေ့ နေပူထဲမှာ တော် တော်ကြာသွားသည်။ လေက လည်း တဟူးဟူးတိုက်နေ ပြန်၏။ သူ ခေါင်းတွေထိုး ကိုက်လာပြီး ရင်ထဲ တလှပ် လှပ်ဖြစ်လာတာကို အံကြိတ် တင်းခံကာ အိမ်သို့ တစ်ဦး တည်း လှော်ခတ်ပြန်ခဲ့တော့ သည်။ ငွေငါးထောင်ကို ဘယ်လက်ထဲမှာ ကျစ်ကျစ် ပါအောင် ဆုပ်ထား၏။ လှော် ခတ်ရင်း သူ့နားထင်သို့ သွေး များ ဆောင့်တိုးလာသည်။ တစ်ကိုယ်လုံးလည်း မီးထ တောက်မတတ် ပူလောင်လာ သည်။ သူ့နှလုံးက ခပ်ကြမ်း ကြမ်းခုန်နေပြီး သူ အသက် ရှူမမှန်ဘဲ မောဟိုက်လာ သည်။ သူ့ မြင်ကွင်းထဲ အလင်းရောင်တန်းကြီးများ ဖျတ်ခနဲ လက်ခနဲ ဖြတ်ပြေး လာနေသည်။ သူ့ ဒူးတွေ တဆတ်ဆတ်တုန်လာကာ ပျော့ခွေလာသလို ထင်ရပြီး ချွေးစေးတွေ ပြန်လာ၏။

သူ အမြန်ပြန်မှ ဖြစ် မည်။ ထို့ကြောင့် သူ့ဆီ အလုံးအရင်း ပြေးဝင်လာနေ သော ဝေဒနာတို့ကို လျစ်လျူ ရှုဖို့ အံခဲကာ ကြိုးစားလိုက် သည်။ သူ့ အတွေးထဲမှာ သူ့ မိန်းမနှင့် သူ့ကလေးများ၏ မျက်နှာများပေါ်လာသည်။ ထို့နောက် ငွေငါးထောင်။ နောက်ပြီး ဒီနေ့ ဖမ်းမိလိုက် သည့် ငါးတွေ။ သူ့မိန်းမ၏ ပျော်ရွှင်နေမည့် မျက်နှာထား ကိုပါ မြင်လာသည်။ သို့သော် ဒါဟာ တဒင်္ဂမျှသာဖြစ် သည်။ ထိုအတွေးက ဖျတ် ခနဲ ပျောက်သွားပြီး သူ့အဖေ နှင့် အမေကို မြင်လာပြန် သည်။ အဖေနှင့် အမေက သူ့ကို လက်ယပ်ခေါ်နေ သည်။ နောက်ပြီး အစွယ် တဖွေးဖွေးနှင့် ဧရာမငါးကြီး များ သူ့ကို စားဖို့လာနေသည် ကို သူမြင်ရပြန်သည်။

သူ အသက်ရှူ၍ မရ လောက်အောင် ကျပ်လာပြီး ဟိုက်နေလျက်နှင့်ပင် သူ့ အိမ်ဆီသို့ ကြိုးစား လှော်ခတ်နေသည်။ သူ့ရွာကလေးကို လှမ်းမြင်နေရပြီ။ သို့သော်...
ဖြူဖွေး စူးလက်သော လျှပ်စီး တစ်တန်းသည် သူ့ မြင်ကွင်းထဲ လင်းဖြာသွား ချိန်၌ သူဘာဆိုဘာမှ မမြင်ရ တော့။ ကြီးမားသော အင်အား တစ်ခု၏ တွန်းကန်ခြင်း ကို ခံလိုက်ရပြီး သူ့ ကမ္ဘာ တစ်ခုလုံး မှောင်အတိကျ သွားလေသည်။

နေ၀င်ဖျိုးဖျ အချိန် ရောက်မှ ကိုကျော်ရင်၏ လှေ ကလေးက လှော်ခတ်သူ မရှိ ဘဲ ရွာထဲတရွေ့ရွေ့ မျောလာ သည်။ လှေကလေးပေါ်တွင် ကိုကျော်ရင်က ငြိမ်သက်စွာ လဲလျောင်းလျက် ရွာသား များတဖြည်းဖြည်း ၀ိုင်းအုံလာကြသည်။ သူ့မိန်းမနှင့် သူ့ ကလေးများ၏ အော်ငိုသံ ကြောင့် ကဗျာဆန်ဆန် လှနေ သော ညနေဆည်းဆာက ရုတ်ခြည်း အကျည်း တန်သွားတော့သည်။ ကျူရိုးချုံထဲ ပုန်းနေကြသည့် အောင်မဲညို ငှက်မည်းမည်းများက လန့် ဖျပ်ကာ အနောက်ဘက် တောင်တန်းဆီသို့ ပျံသွားကြ သည်။

ရွာသား အချို့က ကိုကျော်ရင်၏ သက်မဲ့ခန္ဓာကို ကြည့်ပြီး ဘုရား ဘုရားဟု ရေရွတ်ကြသည်။ အချို့ က ပါးစပ်အဟောင်းသားဖြင့် မျက်ရည်ဝဲကြ၏။ တကယ်တော့ သူတို့ အားလုံး၏ ရင်ထဲမှာ ဆို့နစ် ကြေကွဲလျက် ကိုကျော်ရင်၏ အဖြစ်ကို ရင်ထုမနာ ဖြစ်မိခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ကိုကျော်ရင်၏ ဘယ်လက်သီး ဆုပ်ထွဲတွင် ငွေစက္ကူများ ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို မြင်တွေ့ လိုက်ရသောကြောင့် ဖြစ်ပါသည်။

ဆယ်နှစ်ကြာပြီးနောက် (၂၀၁၁ ခုနှစ်)
ရွာကလေးသည် အရာ ရာပြောင်းလဲခဲ့ပြီ။ ရေနံဆီ မီးခွက်များအစား လျှပ်စစ် မီးရောင်များ လင်းထိန်နေ သည်။ ကိုကျော်ရင်၏ မခိုင့် တခိုင်တဲကလေးသည် ပြန်ပြု ပြင်ထား၍ ခိုင်ခံ့နေပြီ။ ကိုကျော်ရင် သံယောဇဉ်ရှိ ခဲ့သော ဘဲကလေးများ မရှိ ကြတော့ပါ။

ကိုကျော်ရင်၏ သမီး ကြီးသည် ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်ဖြစ်မလာဘဲ ရွာက ကျောင်းဆရာမ လေးသာ ဖြစ်လာသည်။ ကိုကျော်ရင်၏ ဒုတိယ သားကလေးသည် သူ့ ရည် မှန်းချက်အတိုင်း ပန်းချီဆရာလေး ဖြစ်လာသည်။ သူ၏ ပန်းချီကားတို့ကို နိုင်ငံခြား သားများ အကြိုက်တွေ့ သဖြင့် ဖောင်တော်ဦး ဘုရား၊ နန်းပန်ဘုရားပေါက်တို့၌ လှည့်လည် ရောင်းချအသက် မွေးလျက်ရှိသည်။

သူ၏ တတိယ သမီးမှာ အပျိုဖြစ်ပြီး သိပ်မကြာခင် သူမထက် ငါးနှစ်ကြီးသော ကောင်လေး တစ်ယောက်နှင့် လိုက်ပြေးလေ၏။ အသက် မစေ့သေးသော်လည်း နားလည်မှုဖြင့် သဘောတူလိုက် ကာ အခုတော့ ကောက်စိုက် သမလေး ဖြစ်နေသည်။

အင်းလေး ရေပြင်ပြာ ပြာပေါ်တွင် လှေကလေးကို ခြေဖြင့်လှော်ခတ်၍ ငါးဖမ်း သည့်နေရာတွင် အရွယ်နှင့် မလိုက်အောင် ကျွမ်းကျင်သည့် လူငယ်လေးတစ်ဦးကို မကြာခဏ တွေ့ရတတ် သည်။ ထိုလူငယ်ကလေးကို ကိုကျော်ရင် အငယ်စားဟု ချစ်စနိုးခေါ်ကြသည်။ ထို ကောင်လေးမှာ ကိုကျော်ရင်၏ အငယ်ဆုံးသားပဲ ဖြစ်ပါသည်။

သံလွင်ဏီ၊ညောင်ရွှေ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၂) shweamyutay.com

'

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved