မှိတ်တုတ်မှိတ်တုတ် အိန္ဒိယ မြောက်ပိုင်း

Tuesday, July 31, 2012

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီအပါအ၀င် နိုင်ငံမြောက်ပိုင်းက ပြည်နယ် ၈ ခုဟာ ဂျူလိုင် ၂၉ ရက်နေ့ ညသန်းခေါင်အချိန်ကစလို့ လျှပ်စစ်ပြတ်တောက်မှုကြောင့် မည်းမှောင်သွားခဲ့ရပါတယ်။



~ မီးပြတ်နေတုန်း ဘူတာရုံမှာ ရထားလာဖို့စောင့်နေတဲ့ ခရီးသည်တွေ ~

၃၀ ရက်နေ့မှာတော့ တချို့နေရာတွေမှာ လျှပ်စစ်မီး ပြန်ရခဲ့ပေမယ့် ဒီနေ့နေ့လည်မှာတော့ နိုင်ငံမြောက်ပိုင်းတခွင့်လုံး လျှပ်စစ်မီး ပြတ်တောက်သွားပြန်ပါတယ်။

ဒေလီဒေသခံတွေကတော့ လျှပ်စစ်မီးက ပြတ်လိုက် ပြန်ရလိုက်နဲ့ဖြစ်နေလို့ ကလေးသီချင်းထဲက ကြယ်ကလေးလို မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ်လို့ ပြောစမှတ်ပြုနေကြပါတယ်။

ဒေလီမှာတော့ မီးပြတ်တာနဲ့တပြိုင်နက် လျှပ်စစ်နဲ့ မောင်းနှင်တဲ့ မက်ထရိုရထားသွားလာမှုတွေ ရပ်တန့်နေပြီး လမ်းခုလတ်မှာ ရပ်နေတဲ့ ရထားတွေထဲမှာ လူတွေ ရာထောင်ချီ ပိတ်မိပါတယ်။ လမ်းသွားလာရေး အချက်ပြ မီးပွိုင့်တွေလည်း မီးတွေပျက်ကုန်လို့ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ အစိုးရဆေးရုံဆေးပေးခန်းတွေမှာ လျှပ်စစ်ပြတ်တောက်မှုကြောင့် လူနာတွေလည်း အခက်အခဲ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

မီးပြတ်တာကြောင့် ရေလည်းမရလို့ နယူးဒေလီနေ ပြည်သူတွေမှာ ရေပြတ်လပ်မှုကိုလည်း ကြုံတွေ့ရပါတယ်။

ပုဂ္ဂလိက ဆေးရုံ၊ ဆက်သွယ်ရေးရုံးနဲ့ တယ်လီဖုန်း တာဝါတိုင် စတာတွေမှာတော့ မီးစက်သံတွေ ညံနေပါတယ်။

အခုကြုံရတဲ့ လျှပ်စစ်ပြတ်တောက်မှုဟာ ၁၀ နှစ်အတွင်း အဆိုးဝါးဆုံး ပြတ်တောက်မှုဖြစ်တယ်လို့ ဆိုကြပါတယ်။ လျှပ်စစ်မီး ပြတ်တောက်တဲ့အချိန်ဟာ အကြာဆုံး ၉ နာရီကျော်ရှိခဲ့ပြီး ကျန်တဲ့အချိန်တွေမှာတော့ သူတို့တွေပြောကြသလို မှိတ်တုတ်မှိတ်တုတ်နဲ့ လင်းလိုက် မှောင်လိုက်ပေါ့။ ၂၀၀၁ ခုနှစ်တုန်းက လျှပ်စစ်ပြတ်တောက်မှုမှာတော့ ပုံမှန်အခြေအနေပြန်ရောက်ဖို့ ၆ နာရီ ကြာခဲ့ပါသတဲ့။

~ မီးပြတ်မှုတွေဖြစ်နေတဲ့ အိန္ဒိယ မြောက်ပိုင်း ပြည်နယ်တွေ ~

ဒေလီ၊ ရာဂျစ်စတန်ပြည်နယ်၊ ပန်ဂျပ်ပြည်နယ်၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဟာရီယားနားပြည်နယ်၊ ဂျမူး ကက်ရှ်မီးယားပြည်နယ်နဲ့ ဟီမာရှယ်လ်ပရာဒေ့ရှ် ပြည်နယ်တွေကို အဓိက လျှပ်စစ်ဖြန့်ဖြူးပေးနေတဲ့ တာဝါတိုင် တွေမှာ ပြဿနာရှိနေတာကြောင့် အခုလို မီးတွေပြတ်ရတာဖြစ်တယ်၊ ဘာကြောင့်လဲဆိုတာတော့ သေချာမသိရသေးဘူး၊ ပုံမှန်အခြေအနေပြန်ဖြစ်ဖို့ အထူးအဖွဲ့ ၃ ဖွဲ့နဲ့အမြန်ဆုံး ကြိုးစားပြင်ဆင်နေတယ်လို့ အိန္ဒိယ စွမ်းအင်ဝန်ကြီးက ဆိုပါတယ်။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved