မစ္စတာ ကင်တာနာ အင်းစိန် အကျဉ်းထောင်ကို သွားရောက်လေ့လာ

Tuesday, July 31, 2012


လင်းသန့်။ ဇူလိုင် ၃၁၊ ၂၀၁၂။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေ ကင်တာနာ ဟာ ရခိုင်ပြည်နယ်က ပဋိပက္ခတွေဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ ယမန်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ရောက် ရှိလာခဲ့ပါတယ်။

လွန်ခဲ့တဲ့ သောကြာနေ့က ကုလ သမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲဖြစ်တဲ့ Navi Pillay က မြန်မာလုံခြုံရေး တပ်ဖွဲ့ တွေက လူနည်းစု မွတ်ဆလင် ဘာသာဝင် ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထား လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ လုပ် ဆောင်နေတယ် ဆိုတဲ့ သတိပေး ချက်အပြီး အခုလို မြန်မာနိုင်ငံကို လာရောက် ခဲ့တာဖြစ်ပြီး ကင်တာနာက သူ့ခရီးစဉ် အတွင်းမှာ ရခိုင်ဒေသကို သွားရောက် လေ့လာမှာလည်းဖြစ်ပါတယ်။


“မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက အခုဖြစ်တဲ့ ပဋိပက္ခမှာ သူတို့က သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ပါဝင် ပတ်သက် နေတယ် ဆို တာရယ်၊ ခွဲခြားဆက်ဆံမှုတွေနဲ့ ရက်စက်ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းပို့ချက်တွေကို လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီက ကျမတို့ အဆက်မပြတ်ရနေပါတယ်” လို့ လူ့အခွင့်အရေး အကြီးအကဲဖြစ်သူ မစ္စ Navi Pillay ရဲ့ သောကြာနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်က အာဏာရလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်မှာ ပြုပြင်ပြောင်း လဲရေးတွေ လုပ်နေတာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိန်ခေါ် မှုတွေ ကိုလည်း ရင်ဆိုင်နေ ရတယ်လို့ မစ္စတာ ကင်တာနာက ဆိုထားပါတယ်။

မစ္စတာ သောမတ်အိုဟေ ကင်တာနာဟာ ယမန်နေ့က အင်းစိန် ဗဟို အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။

အကျဉ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နဲ့လည်း သူက တွေ့ခဲ့ပြီး အကျဉ်းဦးစီးရဲ့ လုပ်ငန်းလည်ပတ်ပုံနဲ့ အကျဉ်းသား တွေကို ဘယ်လို ဆက်ဆံနေတယ်ဆိုတာတွေကိုလည်း မေးမြန်းခဲ့ပါသေးတယ်။

ဒီအပြင် အင်းစိန်ထောင်မှာ အချုပ်ကြနေတဲ့ ကုလ ၀န်ထမ်းတဦးရဲ့ သမီးဖြစ်သူ မမြနန္ဒအောင်ကိုလည်းတွေ့ ဆုံခဲ့ပါ သေးတယ်။ သူကတော့ အခုလတ်တလော ရခိုင်ပဋိပက္ခမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရသူလည်းဖြစ်ပါတယ်။ နောက်ထပ်တွေ့တဲ့သူကတော့ ဦးခေမာစာရ ခေါ် ချမ်းသာ နဲ့ အောင်နိုင်ဆိုသူတို့ကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်။ သူတို့ကို တွေ့ဆုံခဲ့တာတွေနဲ့ ပတ်သက်လို့ မြန်မာ့ သတင်းစဉ်မှာလည်း လွတ်လပ်စွာတွေ့ဆုံခွင့်ပေးတယ်ဆိုတာကို MRTV 4 ရုပ်သံကလည်း လွှင့်ထုတ်ခဲ့ပါတယ်။

ကင်တာနာဟာ အင်းစိန်ထောင်ကို ထောင်ဝင်စာလာတွေ့ကြတဲ့ အကျဉ်းသား၊ အချုပ်သားတွေရဲ့ မိသားစုတွေကို လည်း လေ့လာ ခဲ့ပါတယ်။ ပြီးတော့ အင်းစိန်ဆေးရုံကိုသွားပြီး ၂၀၁၀ သင်္ကြန် X2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ သေဒဏ် အပြစ်ခံခဲ့ရတဲ့ ကင်ဆာရောဂါဝေဒနာ သည် ကိုဖြိုးဝေအောင်ကိုလည်း သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောခဲ့ ပါသေးတယ်။

ကိုဖြိုးဝေအောင်ကိုတော့ လွတ်မြောက်ရေးအတွက် ကြိုစားကူညီပေးနေတာကိုလည်း ကင်တာနာက ပြောခဲ့ပါတယ်။

ဒီကနေ့တော့ ကင်တာနာဟာ ရခိုင်ပြည်နယ်ကို ခရီးဆက်သွားခဲ့ပြီး ရခိုင်ပဋိပက္ခအရေး စုံစမ်းလေ့လာမှုတွေ လုပ်မှာဖြစ်ပါတယ်။




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved