ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၁)

Tuesday, July 10, 2012

့ပန်းချီထိန်လင်း

့ပန်းချီထိန်လင်း
ဆရာဦးရွှေထူး တယောက် နောက်ဆုံးလွှတ်ပေးတဲ့အကျဉ်းသားစာရင်းထဲမှာ မပါလာလို့ အားလုံးစိတ်မကောင်းဖြစ်ကြတယ်။ အရင်တခေါက်လွှတ်ပေးတုန်းကလည်း ဆရာထူးရဲ့သား မန်းလေးက ကိုရွှေသွေးကိုဖုန်းဆက်ပြီး မေးရတယ်။ပါလာပြီလား။ဒါပေမယ့်နောက်ဆုံး တောင်ကြီးက လွတ်လာတဲ့ ကိုဂျင်မီတို့ ကိုဇော်သက်ထွေးတို့ ဆီကနေ တိတိကျကျသိလိုက်တာက ဆရာထူးတယောက်တည်းပဲ ကျန်ခဲ့တယ်တဲ့။ ခုတခါကျန်ခဲ့ပြန်ပြီ။ လောကဌာန်နဲ့အသားကျနေတဲ့ ဆရာထူးတယောက်ကတော့ မူပိုင် ထီမထင်အပြုံးနဲ့တုန့်ပြန်နေဦးမယ်ဆိုတာယုံပါတယ်။ဒါပေမယ့် သူ့ကိုလေးစားချစ်ခင်တဲ့ ကျွန်တော်တို့ ကတော့ သူ့ကို အပြင်လောကမှာမြင်ချင်လှပါပြီ။ သူ့စာတွေကိုဖတ်ချင်လှပါပြီ။သူ့မယ်ဒလင်လက်သံကို ပြန်ကြားချင်လှပါပြီ။သူဆိုနေကျ ဘာတဲ့ မြသီတာအကြိုတောက်တို့ ပြည်တော်ဝင်တို့ စတဲ့တေးသံတွေ ပြန်ကြားချင်လှပါပြီ။ ဖြတ်သန်းခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် ခေတ်ကြမ်းကြီးထဲမှာ ပင်ပင်ပန်းပန်း ဖြတ်ခဲ့ ကြရတဲ့ အထဲမှာ ဆရာထူး နှင့်ဆုံတွေ့ခဲ့မိကြတာမျိုးကြတော့ မကြာခဏ လွမ်းတချင်စရာ အဖြစ်အပျက် များဖြစ်ပါသည်။ ကျွန်တော်တို့ ဒုက္ခ အတူရောက်ခဲ့ကြရဘူးပါသည်။ သို့သော် လွမ်းစရာကောင်းတဲ့ ဒုက္ခ တွေပါလို့ ကျွန်တော်ကဆိုလျင် ဆရာထူးတယောက် ငွေသားကွပ်ထားသောသွားများပေါ်အောင်ပြုံး လေဦးမည်။ထောင်တွင်းညချမ်းတွေမှာ သီချင်းလေးတွေဆိုရင်းဖြတ်သန်းခဲ့တဲ့ညများကို လွမ်းမိသည်။ နားထဲကြားယောင်မိတဲ့ ဆရာထူးဆိုနေကျသီချင်းစာသား ဘာတဲ့ ဒီလမ်းဒီခရီးx x မျှားတပြေး x x သာသာရှိလိမ့်မည် x x။ ဆရာထူးနဲ့ဆုံခဲ့တဲ့ကာလကိုတွက်စစ် ရင်း ဆရားထူး မျှားတပြေး ဆိုတာ နှစ်နှစ်ဆယ်ကျော် ကာလကိုရည်ညွန်းတာလားဗျာဟု အရွှန်းဖေါက်ချင်မိသည်။ဘာလိုလိုနဲ့ ဆယ်စုနှစ် နှစ်ခုကို ကျွန်တော်တို့ကျော်လွန်ခဲ့ပြီကော။

စတွေ့ကြတဲ့နေရာက အိန္ဒိယ နိုင်ငံ မဏိပူရ တောင်ကုန်းတွေပေါ်က လေခွန်းတောင် တော်လှန်ရေး စခန်းလေးပေါ်မှာ။ ကျွန်တော်တို့ အရင် ဆရာထူးတို့ အဖွဲ့တွေကရောက်နေနှင့်သည်။ ကျွန်တော်တို့ရောက်တော့ ၁၉၈၉ဇန်န၀ါရီလကြီး။တော်လှန်ရေးကြီးကိုဦးဆောင်လိုက် မဟဲ့ဟု ရှူးကြောင် မူးကြောင်နှင့် ရောက်လာသောကျွန်တော် ကသည်းဆောင်းနဲ့ညား လိုက်ယုံနှင့်ပင် လူကတော်တော်လေး အပိုးကျိုးသွားသည်။ကောက်ရိုးမွေ့ယာအရှည်ကြီးပေါ်တန်းစီအိပ်အိပ်နေတဲ့ လူတန်းကြီးကြားတိုးခွေ့ ၀င်အိပ်ရတော့ သိပ်မိုက်သွေး မပြနိုင်တော့ပြီ။အာလူးနဲ့ပဲကြဲကြဲ ကိုပဲနေ့စဉ်လွှေးလာရတော့ စစ်အစိုးထက် ကျွန်တော်တို့ အတွက် ရိတ္ခာဂိုဒေါင်ကို ကိုင်သော ရိုကူးမားဟု ခေါ်သော ကသည်းကို ပိုမုန်းလာသည်။ တောင်ကုန်းလေးပေါ်မှာ တင် တငုတ်ငုတ်တုတ်တုတ်နဲ့ သင်္ဘောပျက်၍ ကျွန်းပေါ်တင် နေသောဒုက္ခသည်တွေလို နေနေရတော့ စခန်းပတ်လည်မှာ တဲတွေထိုးပြီး တင်းတင်းကြပ်ကြပ်တားမြစ် ထားသော ကသည်းစစ်သားတွေကို ဗမာလိုအော်ဆဲမိလာသည်။ မူလ စခန်းမ၀င်မီ နယ်စပ်က မိုးရေးမြို့ လေးပေါ်မှာ ကြုံးဝါးခဲ့ကြသော ဟိုရောက်ရင်တော့ သဘောထားကွဲနေတဲ့ လူတွေကို အားလုံးတစုတစည်း တည်းပေါင်းဖြစ်အောင် စည်းရုံးပြီး တော်လှန်ရေးအင်အားစုကြီး တခု မဖြစ်ဖြစ်အောင် တည်ဆောက်မယ်ဟု ဆုံးဖြတ်လာကြသော ကျွန်တော်တို့နောက်ဆုံးရောက်လာတဲ့အုပ်စုထဲမှာ ပင် ဒီလို မသေယုံကျွေးထားတဲ့ ရိတ္ခာနဲ့ ဘယ်လိုလုပ်တော်လှန်ရေးလုပ်မလဲကွဟု အသံနက်ကြီးနဲ့ထအော်တဲ့သူကအော်လာသည်။ ပြည်တွင်းထဲပြန်ပြေးသည့်အဖွဲ့က ပြေးကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆရာထူးကို တွေ့ဘူးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စခန်းမှာ ရဲဘော်တစ်ရာကျော်ခန့်ရှိသည်။ထိုတစ်ရာကျော်ထဲမှာဆရာထူးကို မြင်မြင်ချင်း မှတ်မှတ်ထင်ထင် ဖြစ်မိတာကတော့ သူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကြောင့်ဖြစ်ပါသည်။ အရပ်က ခြောက်ပေနီနီး ပခုံးကျယ်ကျယ် ကိုယ်နေကိုင်းကိုင်း မျက်နှာလေးထောင့် ကျကျ မျက်မှန်ထူထူ၊ဆံပင်ပျော့ပျော့ က နဖူးကျယ်ကျယ်ပေါ်တွင် လိပ်ခွေလျက်။အထူးသဖြင့် ဆရာထူးပုံမှာ ကျွန်တော်တို့ ကလေးဘ၀က ကျော်ကြားခဲ့ဘူးသော ရုပ်ရှင်မင်းသားကြီးကျော်ဆွေ ဒီဇိုင်းလို့ပြောလို့ရသလို ရုပ်လည်း အတော်ဆင်နေ သဖြင့်ထူးထူးခြားခြားမှတ်မိနေခြင်းဖြစ်သည်။နောက်ထပ် ထူးထူးခြားခြားမှတ်မိနေခြင်းမှာ ထိုစဉ်က ဆရာထူးတို့လူသိုက်က သီးခြားရွက်ဖျင်တဲတလုံးထိုး၍ ဘားတိုက် အပြင်ဘက်တွင် နေနေကြသောကာလ ဖြစ်သငည့်အပြင် သူနှင့် အတူနေနေကြသူများထဲမှ ပန်းချီစစ်ငြိမ်းအေးမှာ ပန်းချီကားများလှပသလောက် လူပုံတွင်မူ ကွမ်းတဗျစ်ဗျစ် ဆံပင်ထူထဗျစ် မျက်ချေးလက်လေးသစ်နှင့် လူနေညစ်စုတ်စုတ်နေရာတွင် နာမည်ကြီးသူဖြစ်၏။နောက် အတူနေသူ ၂ဦးမှာ ကျောက်မဲတွင် ကျောင်းဆရာလုပ်ခဲ့စဉ် ကတည်းက နောက်တော်ပါးပါလာခဲ့သော ရဲဘော်မောင်ညို(ကျောက်မဲ) နှင့် ကျောက်မဲကျော်ကြီးဟု ယခု နာမည်တွင်နေသူ ၂ဦးဖြစ်၏။ မောင်ညိုဆိုသူမှာ မျက်မှန်က ပုလင်းဖင်။ ဆံပင်က လိမ်ကောက်ကောက်။ လူကပိန်ပိန်။ ပီပိတကယ့်ကုလားဒိန်ဖြစ်လေသည်။ကမ္မ၀ါဖတ်မည့် ဘင်္ဂလီစပ်(ရိုဟင်ဂျာမဟုတ်ပါ)ဖြစ်ပြီး ယခု အခါတွင် အာအက်ဖ်အေ ဟု အမည်တွင်သော သတင်းဌာနတွင် ရေဒီယိုသတင်းထောက်ဖြစ်လာပြီး တသွေးတမွေးဖြစ်လာသော်လည်း ထိုစဉ်ကမူ ပီပိကုလားခြောက်ဖြစ်လေသည်။ နောက်တဦးမှာမူ အန္ဒိယ ဒေသ မှ သင်္ကြန်ချိန်ရောက်တိုင်း တိုက်ပွဲဝင်သံချပ်များတင်ဆက်မှုဖြင့်နာမည် ကြီးနေသည့် ကျောက်မဲ ကျော်ကြီးဖြစ်လေသည်။ကိုကျော်ကြီးမှာ ယခုအခါ နာမည်ကလည်းရလာ အိမ်ထောင်ရက်သားလည်းကျ သဖြင့် မျက်နှာကိုပေါင်းတင်ပြီးပြုပြင်လိုက်သဖြင့် မီဒီယာများတွင် အတော်ကြည့်ပျော်ရှူပျော် ဖြစ်လာ သော်လည်း ထိုအချိန်ကမူ အသားကမည်းရသည့်ထဲ ကျောက်ပေါက်မာထူလပြစ် နှင့်ပါးစပ်ထဲတွင် ကသည်းတွေငုံသော ခိုင်းနီးဆိုသည့် အတော်နံစော်လှသည့် အာမွေးတမျိုးကိုအမြဲတစေငုံထား လေရာ ထိုသူများနှင့်အတူနေနေသည့် အသားဖြူဖြူ လူပုံကိုင်း တည်ကြည်ခန့်ညားသော ဆရာထူးမှာ သမတ လူကြမ်းအဖွဲ့ထဲသို့ အပေါင်းအသင်းမှား၍ရောက်သွားရှာသော ရုပ်ရှင်ဇာတ်ကားထဲက မင်းသားကဲ့သို့ လူတကာသတိထားချင်စရာဖြစ်နေပေတော့ သည်ဟု ကျွန်ုပ် ရေးသားခဲ့သော် အဆိုပါ အတူနေခဲ့သူ ကာယကံရှင်များဖြစ်သည့် ဆရာစစ်၊အာအက်ဖ်အေကိုညို နှင့် ကျောက်မဲကျော်ကြီးတို့ ပင်လျှင် အဆဲ တ၀က်နှင့် ၀န်ခံကြပေလိမ့်မည်ဟု ရဲရဲကြီးဆိုဝံ့ပေသည်။

ကောင်းစွာမှတ်မိနေသော အချက်တချက်မှာ ကျွန်တော်သူတို့ တဲကိုသွား၍ ဆရာထူးယူလာသော စာအုပ်များကိုငှါးဖတ်ခွင့်ရခြင်းဖြစ်ပါသည်။သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်၊ ရန်ကုန်ဘဆွေ၏ ချီလေသော်လည်း နှင့် တိုက်ယူရသောမျက်ရည်တစ်ပေါက် ၊ မင်းလိုလူစားအများကြီးဟေ့ အစရှိသော စာအုပ်များဖြစ်သည်။ နောက်ပိုင်းတွင် အတူနေသူ ဆရာပန်းချီစစ်ငြိမ်းအေး ပန်းချီသင်တန်းငယ်လေး တခုဖွင့်သောအခါ ကျွန်တော်က ဆရာစစ်၏ ပန်းချီသင်တန်း အကြောင်းပြုပြီး ဆရာထူးတို့တဲတွင် အချိန်များများပိုနေဖြစ်ခဲ့သည်။ဆရာထူးကား စကားပြောလျင် တိုးတိုးညှင်သာပြောလေ့ရှိသည်။ကျွန်တော် နှင့်မူ မေးထူးခေါ်ပြော အဆင့်သာရှိပြီး သိပ်ထူးထူးထွေထွေ စကားမဆိုဖြစ်ခဲ့ကြ။သို့ရာတွင် ထိုစဉ်က နံရံကပ်စာစောင် များပေါ်တွင် ရေးသားသော ဆရာထူးကဗျာများ ဆောင်းပါးများကတဆင့် ဆရာထူးသည် သမိုင်း၊ စာပေ၊ဂီတ နှင့်ပြဇာတ်အနုပညာနယ်ပယ်တွင် တော်တော်ထဲထဲဝင်နှံ့စပ်သည့်ပုဂ္ဂိုလ်တဦးဟု အသိအမှတ်ပြုမိခဲ့ပါသည်။အထူးသဖြင့် ဆရာထူး၏ တပေါင်းနီ ဆိုသော ကဗျာကိုတော်တော်စွဲလန်း ပြီးအလွတ်နီးပါးရသည်အထိ အထပ်ထပ်ရွတ်ခဲ့ဘူးပါသည်။နောင် ကိုးနှစ် အကြာတွင် သူနှင့် ကျွန်တော်တို့ အမှုတွဲ တခုတည်း မန်းလေးထောင်တိုက်၂ တွင် တခန်းတည်းအတူနေရသောနေ့ရက်များတွင် ကျွန်တော် က ထို တပေါင်းနီကဗျာကို ညတညတွင် ကဗျာရွတ်သည့်အစီအစဉ်တွင် ရွတ်သောအခါ ဆရာထူးမှာ သူပင်အတော်တန်မေ့လျော့နေခဲ့ပြီဖြစ်သော သူ့ကဗျာကို နှစ်ပေါင်းများစွာကြာသည်အထိ ကျွန်တော် အလွတ်ရနေသည့်အတွက် အတော်ပင် အံသြ၀မ်းသာဖြစ်ခဲ့ပါသည်။ထိုကဗျာမှာ ဆရာထူးကျောက်မဲမြို့ ကျောင်းဆရာဘ၀က ကျောင်းကပွဲအတွက်ရေးသားပေးခဲ့သော တပေါင်းနီပြဇာတ် အဖွင့်တွင် ရွတ်ဆိုရန် ရေးခဲ့သည်ဟုပြောပါသည်။ထိုကဗျာကိုကျွန်တော်တို့ လျို့ဝှက်ထုတ်သော ထောင်တွင်းလက်ရေး မဂ္ဂဇင်းတွင် ဖေါ်ပြလိုကြောင်းကျွန်တော်ခွင့်တောင်းသော အခါတွင်လည်း ဆရာက ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုသဖြင့် ဖေါ်ပြခဲ့ဖူးပါသည်။ မှတ်မိနေသောစာသားများကား

တပေါင်းရောက်ပြီ၊

နီစွပေါက်လဲ၊ရိုးတံမွဲတို့၊မြိုင်ထဲရဲရဲ

မြပုရစ်ဖူးသစ်၊သန္တာနှစ်သို့၊

နေပူလေပူ၊နွေဆူဆူမှာ

ဖိစီးလောင်မြိုက်၊အပူတိုက်လည်း

ရဲရဲဝေလျက်၊ရဲရဲမြေထက်၊ရဲရဲကြွေသက်

မငိုက်ဦးခေါင်း၊နွေသစ်လောင်းလို့

ခေတ်ပြောင်းတော်လှန်၊ရုန်းထပြန်သည်

နီစွမောင်းမောင်း၊တပေါင်းရောက်ခဲ့လေပြီ။

မိကိုပစ်လို့ ဖကိုရှောင်ခွာ

ချစ်သူပစ်လို့ စစ်မြေတာမှာ

ရှည်ကြာရက်ညောင်း၊ အသက်ပေါင်းများစွာ

ပေးလှူခဲ့ရ တော်လှန်ရေးရဲ့ယဇ်ပလ္လင်မှာ

လွတ်လပ်တဲ့အခါမှ အမျှဝေပါ။

ထိုကဗျာကို ယခု နှစ်ပေါင်း ၂၀ကျော်ကြာသောကာလတွင် ကျွန်တော်က ဆရာထူးနှင့် မိုင်ပေါင်းထောင်ချီကွာဝေးသောအရပ်ဆီမှ သတိတရ အင်တာနက်မဂ္ဂဇင်းတခု တွင် သတိတရ ထပ်မံဖေါ်ပြခဲ့သည် ကို မတော်တဆ အကျဉ်းထောင်တွင်းမှ ဆရာထူးတယောက် သိခွင့်ရခဲ့လျင် မည်သို့သူ ဆိုလေဦးမည်မသိ။

သည်လိုနှင့် ဆောင်းရက်များ မကုန်မှီရက်များအတွင်း နံနက်လင်းအားကြီး အချိန် လေခွန်းတောင် စခန်းကိုစွန့်ခွါသွားခဲ့သည်။ဆရာထူးလို အသက်အရွယ် အတွေ့အကြုံ ရင့်ကျက်သည့် အပြင် ခေါင်းဆောင် အဖွဲ့တွင်ပါနေသူ တဦးက စခန်းကိုကျောခိုင်းသွားသည့် အပေါ်တွင်မူ ကျန်နေသည့် ရဲဘော်များကြား အတော်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ထိုအချိန်က ရန်ုကုန်အဖွဲ့ မန်းလေးအဖွဲ့ ကလေးမြို့အဖွဲ့၊မုံရွာအဖွဲ့ စသည်ဖြင့်ရှိကြရာ ခေါင်းဆောင်မှုပိုင်းတွင် သဘောထားကွဲမှုများလည်း ရှိခဲ့လေရာ ဆရာထူးထွက်သွားသည့် ကိစ္စအကြောင်းပြု၍ မန်းလေး အဖွဲ့ကိုပါ ကျယ်ကျယ်တမျိုး တိုးတိုး တဖုံ ဝေဖန်မှုများ ရှိခဲ့လေသည်။

နောက်ရက်အနည်းငယ်အကြာတွင် နယ်စပ်ရှိ မိုးရေး စခန်းတွင်ရောက်နေသူ ခေါင်းဆောင်တဦး ဖြစ်သူဒေါက်တာမန်းမြင့်ဆိုင်ထံ မှ စာအရ ဆရာထူးကို မိုးရေးရုံးတွင် ဆက်နေပေးဘို့ ၎င်းက မေတ္တာရပ်ခံ သဖြင့် ဆရာထူးတစ်ယောက် ပြည်တွင်းထိ မပြန်သေးဘဲ မိုးရေးရုံးတွင် ဆရာမန်းမြင့်ဆိုင် နှင့်အတူ အိန္ဒိယ အစိုးရထံ အကူအညီရရေးကိစ္စ သူနှင့် အတူဆောင်ရွက်ကြမည်ဟု သိလာသောအခါ လေခွန်းတောင် စခန်းမှ ရဲဘော်များမကျေမနပ် ကန့်ကွက်စာ ပို့ခဲ့ကြသည်ကိုလည်းမှတ်မိနေပါသည်။

၁၉၈၉ မတ်လတွင် လေခွန်းတောင်စခန်း တွင် လုံခြုံရေးတင်းကြပ်မှုမှ တဆင့် ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးပါရှိလာရာ အားလုံးတညီတညွတ်တည်း တန်းစီချီတက်ဆန္ဒပြ ကြရာ လုံခြုံရေးယူထားသည့် တပ်ရင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြယုံမက ရဲဘော် ၈၀ ကျော်ကို နှစ်သုတ်ခွဲ၍ နယ်စပ်ကို သွားသွန်ကာ မောင်းထုတ်ကြပါတော့သည်။ထိုကိစ္စ နှင့်ပတ်သက်၍ နယ်စပ်မိုးရေးရုံး သို့လျို့ဝှက်သွားရောက်ကာ အသိပေးရန် စခန်းရှိရှိဘော်များ တာဝန်ပေးချက်အရ ကျွန်တော် မိုးရေးမြို့ရုံးသို့ ရောက်ရှိပြန်ရာ ဆရားထူးနှင့်ထပ်မံဆုံတွေ့ခွင့်ရခဲ့ပြန်ပါသည်။ထိုကာလအတွင်း နယ်စပ်တွင်ပြန့်ကြဲသွားသော ရဲဘော်များကို ပြန်လည်စုစည်းရေး ကိစ္စ အသစ်ထပ်ရောက်လာကြသော ရဲဘော်များကို စခန်းတွင်းမပို့နိုင်မှီ မိုးရေးမြို့ ဘုန်းကြီးကျောင်းတွင် ခေတ္တ နေထိုင်ရေး ကိစ္စများတွင် ကျွန်တော်ရော ဆရာထူးတို့ တော်တော်နီးနီကပ်ကပ် တိုင်ပင်ဆောင်ရွက်ခွင့်ရကြရာ တဦးနှင့်တဦး တော်တော်ရင်းနီး လာခဲ့ပါသည်။ နောက်ပိုင်းတွင် အသစ်ရောက်လာသော ရဲဘော်များနှင့်ကျွန်တော် လေခွန်းတောင်စခန်း ပြန်လိုက်သွားခဲ့ပြီး ဆရာထူးကမူ နယ်စပ်ရုံးတွင်ဆက်လက်ကျန်နေခဲ့ပါသည်။ ဤသည်မှာ ဆရာထူးနှင့်ကျွန်တော် အိန္ဒိယနယ်စပ် မျက်နှာစာတွင် နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။

နယ်စပ်ရုံးမှာ ဆရာထူးနဲ့ နေခဲ့စဉ်ကာလ မှာတော့ ဆရာထူးရဲ့ မယ်ဒလင် လက်သံကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာ ဆရာထူးဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ဒီမိုကရေစီ ရရှိအောင်လုပ်မယ်ဆိုတဲ့ လမ်းစဉ်ထက် ပြည်တွင်းမှာဝင်ပြီး အကြမ်းမဖက်တဲ့ နည်းနဲ့ ဆောင်ရွက်မယ် ဆိုတဲ့နည်းဘက်ကို ပိုပြီး စိတ်ပါလာပုံရပါတယ်။အထူးသဖြင့် မန်းလေးသံဃာလှုပ်ရှားမှုတွေ အားကောင်း လာတဲ့နောက်ပိုင်းမှာ ပြည်တွင်းမှာ သံဃာတွေ ကံဆောင်ပွဲလုပ်တော့မယ့်အချိန်ကာလလောက်မှာ ဆရာထူးတယောက် နယ်စပ်တော်လှန်ရေးကို ကျောခိုင်းစွန့်ခွါပြီး ပြည်တွင်းပြန်ဝင်သွားခဲ့ပါတယ်။ ဆရာထူး စခန်းကပြန်သွားပြီးနောက်ပိုင်းကနေ ပြည်တွင်းကို အပြီးပြန် ၀င်ချိန်မှာတော့ သူ့ကို ဝေဖန်ခဲ့တဲ့ သူတွေအတွက် ရည်စူးပြီး ကဗျာတိုတပုဒ်ပေးပို့ပြီး နုတ်ဆက်သွားခဲ့ပါတယ်။ဒီကဗျာလေးဟာ တိုတိုနဲ့ ထိမိလှတာမို့ ဒီနေ့အထိ အထူးသဖြင့် ခါးသီးလှတဲ့တော်တွင်းတော်လှန်ရေး အတွေ့အကြုံတွေနဲ့ ဆုံတွေ့ပြီး တောတွင်းက ထွက်ပြေးပြီးနောက်ပိုင်း အလင်းဝင်ခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အကြောင်းတိုက်ဆိုင်လာတိုင်း မကြာခဏ သတိရစေတဲ့ ကဗျာလေးဖြစ်ပါတယ်။ကဗျာလေးက

ရဲခေါင်မျောက်ဟု

ဟိန်းဟောက်သံပ

ကြုံးဝါးကြလည်း

ဓါးသွားလှံဖျား ဝေးရန်ရှား၍

တောကြားမြိုင်အောက်

ပုန်းကွယ်ပျောက်သည်

ဘယ်လောက်ဈေးလည်းတော်လှန်ရေး။ ။

ဒီကဗျာဟာ လက်နက် အကူအညီ က ဘယ်နေမှန်းမသိရပဲ ဒုက္ခသည် စခန်းထဲမှာ တ၀ဲလည်လည်နဲ့ စောင့်ပြီး အချိန်ကုန်နေရတဲ့အနောက်ဖက်တော်လှန်ရေးမျက်နှာစာက အခြေအနေကိုရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့်ဆရာထူးကို ဝေဖန်ခဲ့ဘူးသူတွေက သူတို့ ကိုရည်စူးပြီးကဗျာနဲ့ နှက်သွားတယ်လို့ ယူဆကြပေမယ့် တကယ်ကတော့ ဆရာထူးဟာ သူ့ နယ်စပ် ဖြတ်သန်မှုကာလ အတွေ့အကြုံ ကိုမူတည်ပြီး အန္ဒိယနယ်စပ် တော်လှန်ရေးခွင်တခုလုံးအပေါ်ကို သုံးသပ်ခဲ့တဲ့ သူ့အမြင် အပြင်သူ့ကိုယ်သူကိုပါ ခပ်စပ်စပ်လေး ပြန်ဝေဖန်သွားတဲ့ကဗျာဖြစ်ပါတယ်။ အထူးသဖြင့် ရဲခေါင်မျောက်ဟု ခြိမ်းခြောက်သံပ ဆိုတဲ့ အစပိုဒ်ဟာ နာလိုခံခက်လှသော်လည်း သူမို့ သုံးတတ်ပေတယ်လို့ ချီးကျူးရလောက်တဲ့ သရော်ချက်ဖြစ်ပါတယ်။ဆရာထူးရဲ့ ခပ်တိုးတိုး ရီသံကိုကြားရတဲ့ အဖွဲ့အနွဲ့ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကြီးပြီးတဲ့နောက် မှာ ဆရာထူး တယောက် မန္တလေး သံဃာထု အတွင်းမှာ ယူဂျီ နိုင်ငံရေးသမားဘ၀နဲ့ ကျင်လည်နေဆဲ ဆိုတာ သိလာရပါတယ်။ ထိုအပြင် သံဃာတွေရဲ့ န.၀ .တ အစိုးရအပေါ် သပိတ်မှောက်ကံဆောင်ပွဲ ကြီးရဲ့ဂယက်ပြင်းထန်လာချိန်မှာ ဆရာထူးဆီက စာတစောင်ရရှိပါတယ်။အဲဒီစာမှာ သပိတ်မှောက် ကံဆောင်ပွဲကို ပိုပြီးအားကောင်းလာအောင် မြေအောက် နိုင်ငံရေး စာစောင်တွေ နဲ့ပံ့ပိုးဘို့ရာမှာ ဖြစ်နိုင်ရင် စခန်းထဲက ရဲဘော်တချို့လာရောက်ကူညီနိုင် ရင်ကူညီဘို့ဖြစ်ပါတယ်။ အဲဒီစာကိုရချိန်မှာ ကျွန်တော်က စခန်းထဲက ထုတ်တဲ့ ခွပ်ဒေါင်းဇာနည် လက်ရေးဂျာနယ် မှာ ဒီဇိုင်းကိစ္စ အ၀၀ တာဝန်ယူ ရေးဆွဲနေတဲ့ အတွေ့အကြုံရှိထားတာမို့ မန်းလေးကို မိမိသဘောနဲ့ ဆင်းသွားမယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီး အိန္ဒိယ စခန်းကို ကျောခိုင်းထွက်ခွါပြီး ပြည်တွင်းကို တိတ်တဆိတ် ၀င်သွားခဲ့ပါတယ်။နောက်ဆုံး အခက်အခဲ အမျိုးမျိုးနဲ့ မန်းလေးကိုရောက်သွားပါတယ်။မန်းလေး မဟာမြတ်မုနိ ဘုရားကြီးဝင်းထဲက နေဖြတ်လာတုန်း ဘုရားဝင်းထဲ မှာ လုံခြုံရေးတော်တော်လေး ထူထပ်နေတာကိုတော့ သတိပြုမိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်လောက်ဘုရားရိပ်တရားရိပ်နဲ့ ဝေးတဲ့နေရာကျင်လည်နေတာမို့ ဘုရားထဲမှာ အချိန် တော်တော်လေးကြာကြာ ထိုင်ပြီး ဘုရားဖူးနေဖြစ်ပါတယ်။ပြီးမှ ချိန်ထားတဲ့ အာသောကာရာမ တိုက်ကို သွားဘို့ တောင်ဘက်မုဒ်ကို ထွက်လာလိုက်ပါတယ်။အဲဒီမှာပဲ လုံးဝ မျော်လင့်မထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ စစ်သားတွေ အားလုံးဟာ ဘုရားကြီးဝင်းထဲက အုတ်တံတိုင်းတွေထဲက နေ လမ်းဟိုဘက်က အာသောကာရမ တိုက်ဆီကို တန်းစီပြီး သေနတ်တွေနဲ့ ချိန်ပြီး အသင့်နေရာယူထား သလို၊ တချို့စစ်သားတွေက လက်နက်တွေ အသင့်ကိုင်ပြီး ဒီဘက် ဘုရားကြီးအတွင်းမှာ အမိန့်ပေးတဲ့ အတိုင်း ပြေးလွားနေကြပါတယ်။ အာသောကာရာမတိုက်ကို ထွက်မဲ့ တောင်ဖက်မုဒ်တံခါးကိုလည်း ပိတ်ထားလိုက်ပါတယ်။ ကျွန်တော် စောင်းတန်းဆီက လှမ်းမြင်ရတာကတော့ မုဒ်ဝ အလွန်လမ်းပေါ်မှာ စစ်ကားကြီးတွေ စောင့်ထားပြီး အာသောကာရာမတိုက် ထဲကနေ သံဃာတော်တွေကို ဖမ်းလာပြီး ကားတွေပေါ် တွန်းတင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်တာ့ ကျွန်တော်လည်း တချီထည်း နောက်ကြောင်းပြန်လှည့်ပြီးသုတ်ခြေတင်ရပါတော့တယ်။ နောက်ပိုင်းမှာ သိရတာကတော့ အဲဒီနေ့မှာပဲ ဆရာထူးတယောက် အဖမ်းခံရပြီး ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခံရတာ။ ထောင်တွင်းမှာ အိန္ဒိယ စခန်းက ပြန်လာပြီး အဖမ်းခံရတဲ့ ရန်ကုန်က ကျောင်းသားခေါင်းဆောင် ကိုမြင့်စန်းနဲ့ ဆုံခဲ့ကြရပုံတွေသိခဲ့ ရပါတယ်။ကျွန်တော်က မိုက်သွေးက သိပ်မသေးတာကြောင့် တောတွင်းဘ၀ကို စိတ်မကုန်သေးဘဲ ကချင်ပြည်နယ် မြောက်ပိုင်းကို တောတွင်းငရဲခန်းအတွေ့အကြုံယူဘို့ တက်သွားပြီး နောက်ဆုံး သူမနကျောမှာဒဏ်ရာဗလပွနဲ့ ၁၉၉၂ မှာမှ အလင်းပြန်ဝင်ပြီး မြေပေါ်ရောက်လာခဲ့ပါတယ်။

တခါတလေတော့ လက်တွေ့ဘ၀ထဲက တကယ့် အဖြစ်အပျက်တွေ ဟာ ၀တ္ထုဇာတ်လမ်းတွေ ထက်တောင် စိတ်ကူးယဉ်ဆန်ပါသေးတယ်။ ၁၉၉၅ ခုမှာ ထောင်ကလွတ်လာပြီး ရုတ်ချည်းနာမည်ကြီး ဗီဒီယို ဒါရိုက်တာဖြစ်လာတဲ့ ကိုသူရ (ဇာဂနာ) အဆွယ်ကောင်းတာနဲ့ ဗီဒီယိုသရုပ်ဆောင်လုပ်ဘို့ မေမြို့ သို့မဟုတ် ပြင်ဦးလွင် ၊ဆိုတဲ့ သီချင်းထဲမြို့လေးကို ရုပ်ရှင်အဖွဲ့နဲ့ အတူရောက်နေပါတယ်။ဒီလိုနဲ့ ပထမဇာတ်ကား တကားပြီးတဲ့နောက် အားလပ်ရက် တရက်ရတာနဲ့ မေမြို့က နေ အနီးစခန်းမြို့လေးဆီ တယောက်ထဲ ဆင်းလာခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်နဲ့အတူ ၁၉၉၂ က မြောက်ပိုင်းပါဂျောင် ငရဲခန်းက အတူထွက်ပြေးလာခဲ့ဘူးတဲ့ အေဘီ (မြောက်ပိုင်း)ရဲဘော်ဟောင်း အိုကေ( ခေါ် )ကိုအုန်းကြိုင် တယောက် အနီးစခန်းက ဦးလေးရဲ့စိုက်ပျိုးရေးခြံမှာခြံစောင့်လုပ်နေလို့ပါ။ အိုကေနဲ့တွေ့ပြီး နှစ်ယောက်သား သူ့ခြံအနီး က ဆင်ခေါင်းတောင်ပေါ်တက်ပြီး ကျွန်တော်က ဆင်ခါင်းတောင်က မြင်ရတဲ့ ရှုခင်းကို ရေဆေးပန်းချီကားရေးရင်း အတိတ်က ဇာတ်လမ်းတွေကို ပြန်အလွမ်းသယ်ဖြစ်ကြပါတယ်။ ပြီးတဲ့ အခါ ညနေချိန်ရောက်လာတာမို့ နဲနဲပါးပါး ပင့်ကြဘို့ တိုင်ပင်တဲ့ အခါ အိုကေ က အနီးစခန်းမှာ ကျွန်တော်နဲ့ မိတ်ဆွေဖြစ်နေတဲ့ လူတယောက်အိမ် သွားသောက်ကြမယ်။လွတ်လပ်တယ်။စကားလဲပြော လို့သိပ်ကောင်းတယ်။ ဒီရွာလေးမှာတော့ ကျွန်တော်သူနဲ့ပဲ အပေါင်းအသင်းလုပ်နေတာဗျ။ ဟိုရောက် ရင် ခင်ဗျားသဘောကျမှာဗျ ဆိုတာနဲ့ စက်ဘီးတစီး နှစ်ယောက်စီးပြီး ထွက်ခဲ့ပါတယ်။ဟိုရောက်တော့ တော်တော်လေးသေသပ်တဲ့ ဥရောပစတိုင် တိုက်သစ်လေးတလုံး ဆောက်ထားတဲ့ ခြံလေးထဲ နင်းဝင်သွား ပြီး အိုကေ က စက်ဘီး ဘဲလ် သံလေးပေးလိုက်ပါတယ်။ အဲဒီမှာ တထပ်တိုက်လေးထဲက နေ မျက်မှန် တ၀င့်ဝင့် ခါးကိုင်းကိုင်း နဲ့ထွက်လာတဲ့ ဆရာထူးကို လုံးဝမထင်မှတ်ပဲတွေ့လိုက်ရတာမို့ တယောက်နဲ့ တယောက် ၀မ်းသာအားရ ပြေးပြီးဖက်လိုက်ကြပါတယ်။အိုကေလည်း ကျွန်တော်တို့ နှစ်ယောက်ကို အူကြောင်ကြောင်နဲ့ အံ့အံ့သြသြ ကြည့်နေပါတယ်။ နောက်မှာတော့ ကျွန်တော်တို့ ဆရာထူး တယောက်တည်းနေတဲ့ တိုက်လေးထဲမှာ ကျွန်တော်တို့ စကားဝိုင်းတွေ အလုအယက် ပြောဖြစ်ကြ ပါတော့တယ်။ဆရာထူးဟာ အဲဒီအချိန်က ထောင်ကလွတ်လာပြီး နောက်ပိုင်း မန္တလေးမှာ လည်းမနေ ချင်တာနဲ့ ဒီမြေလေးကိုဝယ်ပြီး ဒီတိုက်လေးကိုဆောက်လိုက်တာလို့ဆိုပါတယ်။ ဇနီး နဲ့သားကတော့ စီးပွါးရေး လုပ်ငန်းတွေလည်းရှိတာမို့ မန်းလေးမှာပဲနေကြတယ်လို့ပြောပါတယ်။ သူထောင်ထဲမှာ ကျွန်တော်တို့ မြောက်ပိုင်းကိစ္စ ကြားရပြီး ယူကျူံးမရ ဖြစ်မိကြတဲ့အကြောင်း၊ နောက်ပိုင်း အနီးစခန်းမှာ အိုကေ တွေ့ပြီးနောက်ပိုင်း ပိုပြီး စုံစုံလင်လင်သိခွင့် ရခဲ့ပေမယ့် ကျွန်တော်ပါဒီပြသနာထဲ ပါနေခဲ့ လိမ့်မယ်လို့ လုံးဝ မမျော်လင့်တဲ့ အကြောင်း တွေပြောဖြစ်ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ အိုကေ ပြင်ဆင်လာတဲ့ စားဖွယ်သောက်ဖွယ် များကြောင့် ၀ိုင်းက ပိုစိုပြေလာပါတော့တယ်။ ညနေဘက် ကူးလာချိန်မှာတော့ ဆရာထူးက လက်စွဲတော် မယ်ဒလင်လေးကို ထုတ်လာပြီး စကားပြောလိုက်ကြ ဆိုလိုက်တီးလိုက်ကြနဲ့ ၀ိုင်းကတော်တော်လေး စည်ကားလာပါတယ်။အဲဒီနေ့ကလည်း ဆိုတီးတီး နောက် ထောင်ထဲမှာလည်း မကြာခဏ ဆရာထူးဆိုလေ့ရှိတဲ့ သီချင်းပိုင်းအစလေးကို ခုချိန်ထိ ကျွန်တော် နားထဲကြားယောင်နေမိပါတယ်။

ညှင်းညှင်းညံ့ညံ့ ခင်းပြန့်သဲမြေ x x တစိမ့်စိမ့်ရေဆင်း x တို့ချစ်ခြင်းနဲ့ အပြိုင်ပေx ဂနိုင်ခြေမှ x စတဲ့ x စိမ့်စမ်းရေx x တနေ့ဆို ကိုယ်ရောက်မလာလားရယ်လို့ x x အကြိုထောက်ပါ လား မြစမ်းရေx x ကျွန်တော်တို့ တနေ့နေ့ ပြန်လာနိုးနဲ့ မျော်ကိုးကာ တွက်စစ် ခဲ့ရတဲ့ လက်ဆစ်တွေလည်းပန်းလှပါပြီ ဆရာထူးရေ။ ဆရာထူးကတော့ ခုလို အချိန်မျိုးမှလည်း တောင်ကြီးထောင် ညချမ်းဆည်းဆာမှာ ဖေးဖရိတ် သီချင်းညဉ်းလို့ ကြံ့ကြ့ခံ နေဦးမယ်ဆိုတာ ယုံကြည်နေမိပါတယ်။

အော် x ရည်မျော်ကာ ရောက်လာနိုး x မျော်ကိုးကာတွက်စစ်လို့နေx x လက်ဆစ်တွေ x ပန်းရှာရော့ မယ်လို့ x x သိသားပေါ့ အချစ်ရေ...။

အပိုင်း(၂)ကိုဆက်လက်ဖေါ်ပြပါမည်။

ပန်းချီထိန်လင်း

ညွှန်း -
ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) www.kaungkin.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved