ဓာတုပစ္စည်း အလွန်အကျွံ စားသုံးကြသူများ

Wednesday, July 25, 2012


~


"---ကွမ်းရွက်ကို စိုက်ပျိုးရာတွင် အရွက်ဖွံ့ထွားစေရန် ဓာတုဓာတ်ပစ္စည်းများ အသုံးပြု---"

ယနေ့ကာလ စိုက်ပျိုးသီးနှံများနှင့် စားသောက်ကုန်ပစ္စည်းများ၌ ဓာတုဆေးဝါးများ အလွန်အကျွံ သုံးစွဲလာခြင်းသည် လူတို့၏ ကျန်းမာရေးကို များစွာ ထိခိုက်စေပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုသာ အဓိက စားသုံးသူများ အထူး သတိထားရမည့် အခြေအနေသို့ ရောက်ရှိလာကြောင်း သိရသည်။

ဓာတုဆေးဝါးများကို အသုံးပြုရာတွင် စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်း၊ စနစ်တကျရိတ်သိမ်းခြင်းကို ပြုလုပ်မည် ဆိုပါက ဖြစ်ပေါ်လာမည့်ကျန်းမာရေး ပြဿနာမှာ လျော့နည်းသက်သာစေမည် ဖြစ်သော်လည်း အများစုသော သုံးစွဲသူများမှာ စနစ်တကျ လုပ်ဆောင်မှုကို သတိမမူ၊ ဂရုမစိုက်ကြကြောင်း၊ ထိုမှတစ်ဆင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာရကြောင်း သိရသည်။

ဆိုးဆေးများ အသုံးပြုရာတွင်လည်း အစားအသောက်များတွင် အသုံးပြုသည့် ဆိုးဆေးထက် အဝတ်အထည်များတွင် အရောင်တင်သည့် ဆိုးဆေးများကို နားမလည်၍သော်လည်းကောင်း၊ အလွယ်ပြုလုပ်ခြင်း၊ ဈေးနှုန်းသက်သာခြင်းအားဖြင့်သော် လည်းကောင်း စားသောက်ကုန်များတွင် ထည့်သွင်း အသုံးပြုလာခြင်းသည်လည်း စားသုံးသူများအတွက် ကင်ဆာရောဂါဆိုးကို အဓိကဖြစ်ပွားစေသည်။

''အခုဆိုရင် အသည်းကင်ဆာ တော်တော်များများဖြစ်နေပြီ။ ကျွန်တော်တို့ ငယ်ငယ်က အသည်းကင်ဆာနဲ့ သေတဲ့သူ၊ အသည်းကြွပ်ရောဂါဖြစ်တဲ့သူဆိုတာ အရက်သမားတွေပဲဖြစ်တာ။ အလွန်အကျွံသောက်တဲ့သူတွေဖြစ်တာ။ အခု မဟုတ်ဘူး။ တော်တော်များများ ဖြစ်လာတယ်။
ဒါဟာဘာကြောင့်လဲဆိုရင် အသည်းကိုပျက်စီးစေတဲ့အထဲမှာ အရက်ထက်ဆိုးတာရောက်လာလို့ ဖြစ်တယ်'' ဟု ဓာတုဓာတ်ကြွင်းကြောင့် ဖြစ်ပေါ်ရသည့် အသည်းကြွပ်နှင့် အသည်းကင်ဆာရောဂါ ဖြစ်ပွားမှုများပြားလာခြင်းနှင့်ပတ်သက်ပြီး မြန်မာ့အော်ဂဲနစ် စိုက်ပျိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးနှင်းဦးက သုံးသပ်ပြသည်။

ယနေ့အများစု စားသုံးနေသည့် ကွမ်းယာကိုလည်း အထူးသတိထား စားသုံးရန် လိုအပ်လာပြီဖြစ်သည်။

ကွမ်းယာအတွက် ကွမ်းရွက်ကို စိုက်ပျိုးရာတွင် အရွက်ဖွံ့ထွားစေရန် ဓာတုဓာတ်ပစ္စည်းများ အသုံးပြုကြောင်း၊ ယင်းဓာတုဓာတ်ကြွင်းများ မကုန်စင်မီအချိန် စားသုံးသူထံရောက်ရှိသွားရာမှ အသည်းကြွပ်ရောဂါ၊ အသည်းကင်ဆာရောဂါများ ဖြစ်ပွားလာကြောင်း သိရသည်။

ကင်ဆာဆိုင်ရာရောဂါများဖြစ်ပွားမှု တိုးမြင့်လာခြင်းတွင် ထုတ်လုပ်ရောင်းချသူများ၏ ပေါ့လျော့မှုသာမက စားသုံးသူတို့၏ အစားအသောက်အပေါ် ချင့်ချိန် ဝေဖန်စားသုံးခြင်းနှင့်လည်း သက်ဆိုင်နေသည်။

ယင်းနှင့်ပတ်သက်၍ ''လူတွေသတိမမူမိတဲ့အချက်က ဘာလဲဆိုတော့ ကျန်းမာခြင်းဆိုတာက အော်တိုမက်တစ်ရတဲ့အရာ မဟုတ်ပါဘူး။ ကျန်းမာခြင်းဆိုတာက ကိုယ်လုပ်မှ ကိုယ်ရတဲ့ကိစ္စဖြစ်ပါတယ်။
လူက နေ့စဉ်နဲ့အမျှအသက်ကကြီးလာ ဒီအတိုင်းပဲ နေနေရင်းနဲ့ တစ်ချိန်ကျတော့ ရောဂါတွေဖြစ်လာတယ်။ အဲဒီအချိန်မှ ဆေးရုံဆေးခန်းပြတယ်။ အဲဒီအချိန်မှာ များသောအားဖြင့် နောက်ကျတာများပါတယ်။
စောစောစီးစီးကတည်းက ဒီရောဂါတွေကို ကြိုတင်ကာကွယ်မယ် ဆိုရင် 'ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်' ဆိုတာ ဟိုးရှေးကတည်းကဒီနေ့ထိ။ အခုဆိုရင်တော့ ပိုပြီးပီပြင်လာတာပေါ့။ ဒီခံယူချက်နဲ့လုပ်ဖို့အတွက်က အားလုံးသည်ရောဂါကို ကာကွယ်ဖို့ ဘာနဲ့ကာကွယ်ရမလဲလို့မေးရင် အသိတရားနဲ့ ကာကွယ်ရမှာဖြစ်ပါတယ်''ဟု ဒေါက်တာခင်မောင်လွင် (FAME) က
ကင်ဆာရောဂါများ တိုးတက်ဖြစ်ပွားလာမှုနှင့် ပတ်သက်ပြီး ကာကွယ်ရန်ကို 'အစားအစာနှင့် ကျန်းမာရေး' ဟောပြောပွဲတွင် ထည့်သွင်းပြောကြားသည်။

ယနေ့ဖြစ်ပွားနေသည့် ကင်ဆာအများစုသည် အစားအစာနှင့် ပတ်သက်ဆက်နွယ်နေကြောင်း၊ ကင်ဆာကိုဖြစ်စေသော အစားအစာများကို စားသုံးသူများက သိရှိထားရန် လိုအပ်ပြီး အစားအစာစားသုံးရာတွင် ချင့်ချိန် စားသုံးရန်လိုကြောင်း၊ သို့မှသာ ကင်ဆာရောဂါဆိုးကြီးဘေးမှ လွတ်ကင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ရဲနိုင်(ကြေးမုံ)

ညွှန်း - ကြေးမုံ - ဇူလိုင် ၂၄

~

1 comments :

  1. Anonymous said... :

    ချင့်ချိန်ပါလို့ြေ­ပာတာလွယ်ပါတယ်။ ဒါပေမယ့် ဘယ်လိုချင့်ချိန်ရ မလဲဆိုတာတော့ ဆရာဝန်တယောက် အနေနဲ့ နည်းပေးလမ်းညွှန်လေြးေ­ပြာ­ပ ရင်ပိုကောင်းမှာပါ။ ဓာတုဓာတ်ကြွင်းတွေ မကျန်အောင်ဘယ်လိုလုပ်ရမလဲ။ ကြာကြာရေစိမ်
ြ­ပီးစားရမလား၊ ပြုတ်ြ­ပီးစားရမလား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved