ရွှေညောင်က တပ်မြေသိမ်းမှု

Monday, July 9, 2012

ရွှေညောင်မြို့ တွင် တပ်ပိုင်မြေအဖြစ်သတ်မှတ်သောကြောင့် အိမ်ရှင်များဆန္ဒပြ။

၂၀၁၂ ခုနှစ် ဇူလိုင် (၆) ရက် ယမန်နေ့  နံနက် ၈ နာရီခန့် တွင် ရွှေညောင်မြို့ အောင်သပြေ အခြေစိုက် အမှတ် (၂၂၂) ထောက်ပံ့ရေးနှင့် ပို့ ဆောင်ရေးတပ်မှ စစ်သည်အင်အား ၂၀ သည် ရွှေညောင် မှ ရပ်စောက် လမ်းဘေးရှိ လှိုင်ဘုံသာ ရပ်ကွက်အတွင်းရှိ နေအိမ် (၁၈) လုံးပါ မြေနေရာအား တပ်ပိုင်မြေအဖြစ် အုတ်တံတိုင်း ကာရန် မြေတူးဖော်မှု လုပ်ခဲ့သဖြင့် အိမ်ပိုင်ရှင် နှင့် မိသားစုဝင် (၆၀) ခန့်  စုဝေးဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။




တပ်ပိုင်မြေအဖြစ် သတ်မှတ်ခံထားရသော လှိုင်ဘုံသာရပ်ကွက်အတွင်းရှိ နေအိမ် (၁၈) လုံးတွင် လက်ရှိ နေထိုင်သည့် မိသားစုဝင် လူဦးရေ (၁၀၀) ကျော် ရှိသည်ဟုသိရသည်။ တောင်ကြီးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင် က လာရောက်ညှိနှိုင်းခဲ့သော်လည်း အမှတ် (၂၂၂) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်မှူး ဗိုလ်မှူး ၀င်းမြင့် အနေဖြင့် အထက်အမိန့် အရ ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ပြောပြသည်။



၂၀၁၂ ခုနှစ် မေလတွင် တပ်ပိုင်မြေအဖြစ် သတ်မှတ်မှုနှင့် ပတ်သက်၍ တပ်မှူး ဗိုလ်မှူး ၀င်းမြင့် က တရားလိုပြု လုပ်၍ တပ်ပိုင်မြေအတွင်း ကျူးကျော်ဝင်ရောက်ဆောက်လုပ်နေထိုင်သည့် အဆောက်အဦးနှင့်တကွ ဖယ်ရှား ထွက်ခွါ ပေးစေလိုမှုနှင့် မြေကွက်လက်ရောက်ရလိုမှု စွဲချက်ဖြင့် ဦးသန်းအောင် ပါ - ၁၈ အား တရားပြိုင်ပြု လုပ်ခြင်းကို တောင်ကြီးခရိုင် တရားမရုံး၌ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်ခင်စိုးယု က တရားလို ကိုယ်စား တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ထွေး တရားပြိုင်ကိုယ်စား တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုး ရှေမှောက်တွင် မြေပိုင်ဆိုင်မှု အား ပလပ်ခဲ့ပြီးဖြစ်သည်။



လက်ရှိ အခင်းဖြစ်ရာ မြေနေရာသည် တောင်ကြီးမြို့ နယ်အုပ်ချုပ်မှု အတွင်းထည့်သွင်း ထားသည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။










(သတင်း/ဓါတ်ပုံ - ညီဇော်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved